ပင်လယ်ဓားပြများ ဖမ်းဆီးခဲ့သည့် ဗီယက်နမ် ဆီတင်သင်္ဘော ပြန်လည်လွတ်မြောက်လာ

                                                မလက္ကာ ရေလက်ကြားတွင် ခုတ်မောင်းနေသည့် သင်္ဘောများ
ဗီယက်နမ်ပိုင် ဆီတင် သင်္ဘောတစ်စီး ပျောက်ဆုံးနေမှုသည် ပင်လယ်ဓားပြများ၏ လက်ချက်ကြောင့်ဖြစ်ပြီး ယခုအခါ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ကြေညာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က MT Sunrise 689 သည် စင်ကာပူဆိပ်ကမ်းမှ ထွက်ခွာပြီး မကြာမီမှာပင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ယခုအခါတွင်မူ သင်္ဘောနှင့် အမှုထမ်း အားလုံး ပြန်လည် လွတ်မြောက်လာပြီဟု သိရသည်။ ပင်လယ် ဓားပြများသည် သင်္ဘောပေါ်တွင် ပါလာသည့် ဆီတင် ကွန်တိန်နာ အများအပြားကိုမူ သိမ်းဆည်း ရယူထားလိုက်သည်။
သင်္ဘော အမှုထမ်းများက သေနတ်နှင့် ဓားများ ကိုင်ဆောင်ထားသည့် လူ(၁၂)ဦးခန့်သည် လှေငယ်များဖြင့် သင်္ဘောအနီး ချဉ်းကပ်လာကာ ကုန်းပတ်ကို စီးနင်းခဲ့ကြောင်း ဆိုသည်။ ၎င်းတို့က သင်္ဘောသားများကို ရိုက်နှက်ခဲ့သော်လည်း သတ်ဖြတ်မှုမျိုး မရှိခဲ့ဟုလည်း သိရသည်။
ပင်လယ် ဓားပြများသည် နေရာ အတိအကျ မသိရသည့် ၎င်းတို့၏ အခြေစိုက် စခန်းတွင် သင်္ဘောပေါ် တင်လာသည့် လောင်စာဆီ ပမာဏ တန်ချိန် (၅၀၀၀)ကျော်အနက် (၃)ပုံ(၁)ပုံမျှကို ယူငင်ထားပြီးနောက် အောက်တိုဘာ (၉)ရက် နံနက်အစောပိုင်းတွင် သင်္ဘောကို ပြန်လွှတ်ပေးခဲ့သည်။
“ပင်လယ်ဓားပြတွေက သင်္ဘောရဲ့ ဆက်သွယ်ရေး စနစ်ကို ကြားဝင် ဟန့်တားလိုက်တယ်။ နောက်ပြီး သင်္ဘောပေါ် ပါလာတဲ့ ဆီတွေနဲ့ ကုန်စည်တချို့ကို ယူထားလိုက်ပါတယ်”ဟု ဗီယက်နမ် ရေကြောင်းသွားလာရေး ဌာနက AFP သို့ ပြောကြားခဲ့သည်။ သင်္ဘော၏ လက်ထောက်ဦးစီးမှု ဖမ်ဗန်ဟွမ်းက ပင်လယ်ဓားပြများသည် အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
“သူတို့တွေက လှေပေါ်တက်လာပြီး ကျွန်တော်တို့ အားလုံးရဲ့ လည်ပင်းကို ဓားထောက်ထားတယ်။ ခုခံရင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်တယ်”ဟု AP ၏ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ၎င်းက ဖြေကြားခဲ့သည်။ သင်္ဘောကို ပင်လယ်ဓားပြများ စီးနင်းစဉ် ထွက်ပြေးရန် ကြိုးစားသည့် သင်္ဘောသား တစ်ဦးမှာမူ ဓားပြများ၏ တိုက်ခိုက်မှုကြောင့် ခြေထောက် ကျိုးခဲ့ကြောင်းလည်း ဖမ်က ဆိုသည်။
Mt Sunrise 689 သည် အရှေ့တောင် အာရှဒေသတွင် ယခုနှစ် ဧပြီလနောက်ပိုင်း ဓားပြတိုက်ခံရသည့် (၁၂)စီးမြောက် ဆီတင်သင်္ဘောလည်း ဖြစ်လာသည်။ စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့ကြား မလက္ကာ ရေလက်ကြားတွင် ပင်လယ်ဓားပြများ အတင့်ရဲစွာ လှုပ်ရှားမှု မြင့်တက်လာခြင်းကို တိုက်ဖျက်ရန် ကြိုးပမ်းနေမှုမှာလည်း အောင်မြင်မှု မရရှိနိုင်သေးချေ။
မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် ပင်လယ်ဓားပြများကြောင့် နစ်နာဆုံးရှုံးမှု တန်ဖိုးသည် တစ်နှစ်လျှင် ဒေါ်လာ (၈)ဘီလီယံမျှ ရှိနေကြောင်းလည်း သိရသည်။
_Ref: BBC
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment