ပညာရေးနဲ့အနုပညာကို ဟန်ချက်ညီညီလှုပ်ရှားရင်းနဲ့ ၂၀၁၄ အနုပညာပျိုးခင်းမှာ ၀င်ရောက်ယှဉ်ပြိုင်ထားတဲ့ ပိုင်ဖြိုးသုက ဆန်ကာတင် ၅ ယောက်ထဲမှာ ပါဝင်နေပြီး ဖိုင်နယ်ရွေးချယ်မှုအတွက် ရင်ခုန်နေတယ်လို့ရင်ဖွင့်ပြောပြလာပါတယ်။ “ပျိုးခင်းထဲက ဆန်ကာတင် ၅ယောက်ထဲ ပါသွားတာကို အရမ်းပျော်တယ်။ ညီမတို့နောက်တစ်ဆင့် ကျန်သေးတယ်။ ဖိုင်နယ်မှာ ဘယ်လိုဖြစ်ဦးမလဲဆိုတာ မသိသေးတော့လေ။ ထပ်ကြိုးစားရပါဦးမယ်။ ဖိုင်နယ်ကတော့ ရှေ့လ ၇ ရက်နေ့လို့ ပြောတယ်။ အဲ့ဒီအတွက်လည်း စိတ်တွေလှုပ်ရှားနေပါတယ်။ ပျိုးခင်းထဲမှာ ၀င်လျှောက်ဖြစ်တာက အဲ့ဒီအစီအစဉ်လေးကိုလဲ စိတ်ဝင်စားတယ်။ နောက်ဦးဆောင်ပေးတဲ့ အစ်ကိုတွေကလဲ အနုပညာလောကထဲမှာ လေးစားစရာကောင်းတဲ့ သူတွေကြီးပဲဆိုတော့ သူတို့နဲ့သာ လက်တွဲပြီး အလုပ်လုပ်ခွင့်ရရင် ကိုယ့်အနုပညာ အလုပ်တွေ ချောမွေ့လိမ့်မယ် လို့ယုံကြည်လို့ ၀င်လျှောက်ဖြစ်တာပါ။ စာချုပ်တွေ စည်းကမ်းတွေကတော့ရှိမှာပဲ။ ညီမဖက်ကတော့ အဲ့ဒါတွေကို လိုက်နာဖို့အဆင်သင့်ပါပဲ။ ဘာလို့လဲဆိုတော့ဒီအစ်ကို တွေ ဒီဆရာတွေ ချပေးတဲ့ စည်းကမ်းချက်တွေက ကိုယ့်အတွက် ကိုယ်ကောင်းဖို့ပဲ ဖြစ်မယ်ဆိုတာ ယုံကြည်တယ်။ ညီမကိုယ်တိုင်လဲ အစွမ်းကုန် ကြိုးစားသွားမှာပါ”လို့ သူမက ပြောပါတယ်။
ရှေ့နှစ်က ပျိုးခင်းကတင်တဲ့ မင်းသမီးတွေအပေါ် သူမရဲ့အမြင်ကိုလဲ “အောင်မြင်မှုတွေ မြန်ဆန်လွန်းတယ်။ ပရိသတ် လက်ခံအားပေးတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် မြင်တွေ့ခွင့်ရတာ မြန်ဆန်တယ်။ အောင်လဲ အောင်မြင်ကြတယ်။ အရမ်းလဲ အားကျတယ်။ သူတို့ကို ရွေးပေးတဲ့ ကာရိုက်တာ၊ သူတို့ရိုက်တဲ့ ကာရိုက်တာလေးတွေကလဲ သူတို့နဲ့လိုက်ဖက်တယ်။ သူတို့လဲ အရမ်းကြိုးစားတာကို တွေ့ရတော့ ခုရောက်ရှိတဲ့ နေရာတစ်နေရာဟာ သူတို့နဲ့လဲ တကယ်ထိုက်တန်ပါတယ်”တဲ့။
ခုလက်ရှိမှာ ပိုင်ဖြိုးသုဟာ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးနေတဲ့ သရဲငိုမင်းသားနဲ့ ဒန်းစီးလေဒီ ဆိုတဲ့ဇာတ်ကားလေးမှာ မင်းသားကဇေရဲထက်နဲ့အတူ သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ခင်ဆွေသက်
Source:trend.com.mm

0 comments:
Post a Comment