ဆိပ်ကမ်းအရောက် ဈေးနှုန်းသစ် ထွက်မလာသေးခြင်းကြောင့် ကားဈေးကွက် အရောင်း အဝယ်အေးနေ

ရန်ကုန်(မဇ္ဈိမ)။ ။  မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မြန်မာပြည်ဆိပ်ကမ်း အရောက်ဈေးနှုန်း (CIF) သတ်မှတ် နှုန်းထား ထွက်မလာသေးခြင်းကြောင့် ကားဈေး ကွက်အတွင်း အရောင်းအဝယ်အေးနေသည်ဟု ဈေးကွက်အတွင်း ရောင်းဝယ်နေသူများက မဇ္ဈိမကို ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်အတွက် တင်သွင်းမည့် မော်တော်ယာဉ် CIF နှုန်းထား သတ်မှတ်မှုများကို ယခု နိုဝင် ဘာလလယ်ပိုင်းတွင်း ထွက်ရှိမည်ဟု ထုတ်ပြန်ထား သော်လည်း နိုဝင်ဘာ ၁၆ ရက်အထိ ထွက်ရှိမလာသေးခြင်းနှင့် စပ်လျဉ်းကာ ယင်းတို့က ပြောသည်။
ကားဝယ်ရောင်း ကျွမ်းကျင် တစ်ဦးဖြစ်သူ ဦးအောင်ဇော်ဦး (အရည်ကြို)က “CIF နှုန်းထားက ကားဈေး အပေါ်ဒီလောက်ကြီး သက်ရောက်မှုအရမ်းတော့ မများ ပါဘူး။ ဒါပေမယ့် ၀ယ်သူတွေက ဒီအပေါ်အာရုံကျနေကြ တော့ ဈေးကွက်က နည်းနည်းအေးနေတာပါ” ဟု ပြောသည်။
အိုဟောင်းယာဉ် အစားထိုးတင်သွင်းသည့် ကားများကို ယခင်က ၂၀၀၀ ပြည့်နှစ်မော်ဒယ်များကို တင်သွင်းခွင့်ပြုထားသော်လည်း ယခု တစ်ကြိမ် နှုန်းထားပြောင်းလဲမှုတွင် ၂၀၀၃ ခုနှစ်မှကိုသာ အနိမ့်ဆုံးခွင့်ပြုမည့် အနေအထား များဖြစ်နေခြင်းကြောင့် စောင့်ဆိုင်းနေမှု များရှိနေခြင်း လည်းဖြစ်သည်ဟု မော်တော်ယာဉ် ထုတ် လုပ်၊ တင်သွင်းဖြန့်ဖြူးရောင်းချသူများ အသင်း ပြန်ကြားရေးတာဝန်ခံ ဦးမိုးကျော်စွာက မဇ္ဈိမကို ပြောထားသည်။ ထို့သို့ ပြောင်းလဲမှုဖြစ်လာပါက ၂၀၀၀ ခုနှစ်ထုတ် ကားများများမှာ ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းပြောင်း လဲမှု ဖြစ်လာနိုင်ခြင်းဖြစ်သည်။
ဦးမိုးကျော်စွာက “အိုဟောင်းယာဉ် ပါမစ်ကို ၂၀၀၃ ခုနှစ်ကိုသာ အနိမ့်ဆုံးပေးရင် ဈေးကွက်လက်ကျန် ၂၀၀၀ မော်ဒယ်ကားတွေ က ဈေးတစ်မျိုးဖြစ်လာနိုင်တယ်” ဟု ပြောသည်။
ထို့အပြင် ၂၀၁၅ ခုနှစ်မှ စတင်ကာ အိုဟောင်းယာဉ်အပ်နှံမှုဖြင့် တင်သွင်းကားများအပေါ်တွင် အခွန် သက်သာခွင့် မပြုတော့မည့် မူဝါဒကိုကျင့်သုံးတော့ မည်ဖြစ်ရာ CIF နှုန်းထားများပြောင်းလဲမည့် ဈေးနှုန်းနှင့် ချိန်ညှိလိုကြသဖြင့် ထိုသို့ အရောင်းအဝယ် အေးစက်မှု ရှိနေခြင်းလည်း ဖြစ်သည်ဟု ဆက်ပြောသည်။
သီရိမင်္ဂလာဈေးဟောင်း ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ကိုကျော်နိုင်က “ အများကြီး ပြောင်းမသွားဘူးဆိုပေမယ့် ဒါကိုပဲ စောင့်နေကြတော့ အရောင်းအ၀ယ်က အေးနေတယ်။ အမှန်တော့ ဖြစ်လာ နိုင်စရာက အခွန်မလျှော့ရင် အိုဟောင်းအစားထိုး ကားကဈေးတက်လာမှာပဲ။ ဒါကိုစောင့်တဲ့ သူလည်း ရှိမယ်” ဟု ပြောသည်။
ပြည်တွင်းကားဈေးကွက်အတွင်း ကားဈေးနှုန်းကျဆင်းစေနိုင်သည့် အဓိကအချက်များတွင် အကောက်ခွန်ဌာနမှ အခွန်နှုန်းထားလျှော့ချခြင်းနှင့် ကုန်းလမ်း ညွှန်ကြားမှုဦးစီးဌာနမှ အခွန်နှုန်းထားလျှော့ချခြင်းနှစ်မျိုးကသာ ဈေးကွက်အတွင်း ကြီးမားသည့် ဈေးနှုန်းပြောင်းလဲခြင်း ကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
သို့ရာတွင်  ၄င်းဌာန များ၏ အခွန်နှုန်းထားများ အပြောင်းအလဲသည် ဘဏ္ဍာနှစ်အစဖြစ်သော ဧပြီ ၁ ရက်တွင်သာ ဆောင်ရွက်လေ့ရှိ ရာ လက်ရှိတွင် ကြီးမား   သောဈေးနှုန်းပြောင်းလဲခြင်းကို မဖြစ်ပေါ်စေနိုင်ဟု ယင်းတို့က ဈေးကွက်အတွေ့အကြုံအရ သုံးသပ်ပြောသည်။
လက်ရှိတွင် အိုဟောင်းယာဉ်လဲလှယ်မှုဖြင့် တင်သွင်းခွင့်ရရှိထားသည့် အင်ဂျင်ပါဝါ ၁၃၅၀ စီစီနှင့် အောက် ၂၀၀၀ခုနှစ်မှ ၂၀၁၄ ခုနှစ် မော်ဒယ်ထုတ် လူစီး မော်တော်ယာဉ်များကို CIF နှုန်းထား ဒေါ်လာ ၅,၀၀၀ ဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။
Source:mizzimaburmese.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment