ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်း ပလတ်စတစ် ပရိဘောဂ ဈေးကွက်အပေါ် နိုင်ငံတကာ လုပ်ငန်းရှင်များ စိတ်ဝင်စားသော်လည်း နိုင်ငံ တွင်းထုတ်ကုန်များနှင့် ဈေးနှုန်းမယှဉ်နိုင်ဖြစ်နေကြောင်း မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်အသင်းက ပြောသည်။
စက်ပစ္စည်းသုံးစွဲမှုနှင့် ထုတ်လုပ်မှုနည်းပညာ တိုးတက်လာခြင်းကြောင့် ပြည်တွင်း ဖိုက်ဘာပလတ်စတစ် ပရိဘောဂ ပစ္စည်းများ ပိုမိုအဆင့်မြင့်လာပြီး ဈေးနှုန်းများမှာလည်း ပြည်ပ ပလတ်စတစ် ပရိဘောဂ ဈေးနှုန်းထက် သက်သာခြင်းကြောင့် နိုင်ငံခြားဖြစ် ပစ္စည်းများ ဈေးကွက်ပျောက်လာပြီဟုလည်း ယင်းအသင်းဥက္ကဋ္ဌ ဦးထွန်းက ပြောသည်။
“အသင်းကိုလာပြီး နိုင်ငံခြားလုပ်ငန်းရှင်တွေ ဈေးကွက်လာစုံစမ်းတာတွေရှိပေမယ့် ဒီကလုပ်ငန်းရှင်တွေရဲ့ ထုတ်လုပ်မှုနဲ့ ဈေးနှုန်းအပေါ်မှာ သူတို့တွေ ဈေးကွက်တိုးဖို့ မလွယ်တာကြောင့် လုပ်ငန်းမဖြစ်ကြတာ များတယ်။ အခု ပြည်တွင်းကပဲ အဓိကထုတ် နေတာများတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ထိုင်းနယ်စပ်မှ တင်သွင်းလာသည့် ကော်ထည်ပစ္စည်းများ ၀င်ရောက်လာ သော်လည်း ယင်းနှင့်အလားတူ ပြည်တွင်းထုတ်များဖြင့် နှိုင်းယှဉ်က အောက်ခြေဈေးကွက်၌ ကုန်စည် အလိုက် ဈေးနှုန်းကွာဟမှုရှိနေပြီး အရည်အသွေးကွာဟချက် နည်းပါးခြင်းကြောင့် ပြင်ပမှသွင်းလာသည့် ပစ္စည်များ တဖြည်းဖြည်းပျောက်ကွယ်လာပြီဟုလည်း အဆိုပါ အသင်းက ပြောသည်။
Source:mizzimaburmese.com

0 comments:
Post a Comment