တရားလိုကို ရဲကရိုက်နှက်မှု တာမွေတွင်ဖြစ်ပွား ပြစ်မှု ကျူးလွန်ကြောင်း မခိုင်လုံဘဲ ရိုက်နှက်စစ်ဆေးဟု စွပ်စွဲခံရမှု တစ်လအတွင်း ၂ ကြိမ်ဖြစ်8

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုဇာနည်လှိုင် တစ်ယောက်၂ ရက်ခန့် မျိုသိပ် ထားရသော အစိုင်အခဲများ အန်ထုတ် လိုက်ရသောကြောင့် ကျေနပ် သွားဟန်ဖြင့် ရုံးသွားရဦးမည်ဟု နှုတ်ဆက်သည်။

မြန်မာသံတော်ဆင့် သတင်းဌာန ပြည်သူများ၏ တိုင်ကြား စာဌာနသို့ ပြစ်မှု ကျူးလွန်သည်ဟု မခိုင်လုံဘဲ မြို့နယ်ရဲစခန်းက ရိုက်နှက်သည်ဟု စွပ်စွဲ တိုင်ကြားမှု ရောက်ရှိလာသည်မှာ ယခုကိစ္စနှင့် ဆိုပါက တစ်လ အတွင်း ၂ ကြိမ်ရှိပြီ။ (ပထမ ဖြစ် ရပ်ကို နိုဝင်ဘာ၂၉ ရက်နေ့ထုတ် မြန်မာ သံတော် ဆင့် အပတ်စဉ် သတင်း၌ ““ခရိုင်စည်ပင် ရွေးကောက်ပွဲဝင်မည့်သူနှင့် အုပ်ချုပ်ရေးမှူးတို့ ဖမ်းဆီးခဲ့သော ကားမှန်ခွဲမှု ရဲစခန်းတွင် နှိပ်စက်ခံ ရ၍ သေဆုံးခြင်း မိသားစုကတိုင်ကြား”” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။

ယခုတစ်ဖန် ကိုဇာနည်လှိုင်က ““စနေနေ့ (ဒီဇင်ဘာ ၆ရက်) မနက် ၅နာရီ အိပ်ရာနိုးမှ ဖုန်း၂ လုံးပျောက် ဆုံးတာ သိတယ်။ ဖုန်းခိုးတာခံရပြီးချင်း ၂ လုံးလုံး ဖုန်းဆက်၊ ၅း၁၅ မိနစ်မှာ ဖုန်းနဲ့ ဖုန်းပြန်ဝင်လာ တယ်။ ပြန်ခေါ်တယ် ဆိုတော့ နည်းနည်းတော့ အံ့သြသွားတယ်။ သူခိုးကို အချိုသတ်ပြီး ဖုန်းတစ်လုံးကို ပြန်ယူ မယ်လို့ စဉ်းစားပြီး ““မင်းဘယ်မှာလဲလို့ မေးလိုက်တယ်။ သူခိုးက လမ်းထိပ်က ““ရွှေကံကော်””လက်ဖက်ရည်ဆိုင်မှာ လို့ပြောတယ်””အဲဒါနဲ့ ကျွန်တော် လည်း““အေး မင်းစောင့်နေ၊ ငါလာခဲ့မယ်ပြောပြီး”” ၀ိုင်းတစ်ဝိုင်းမှာ ထိုင်နေတဲ့ သူငယ်ချင်းကို တွေ့တာနဲ့ မင်းခဏစောင့်ပေးဦးဆိုပြီး သူခိုးကို ဖုန်းထပ်ခေါ် တာမွေ ရဲစခန်းကျော်ရင် သီတာလမ်းမှတ်တိုင်မှာ ရွှေကံကော် လက်ဖက်ရည်ဆိုင်ရှိတယ်။

မင်းလာခဲ့ သူခိုးကအခု ကျွန်တော် လာခဲ့မယ် လို့ ပြောပြီးဖုန်းချ၊ ၅း၃၀ လောက် ရဲ(၃)ယောက်နဲ့ လင်မယား၂ နှစ်ယောက် တို့ထိုင်နေတဲ့ ၀ိုင်းထဲဝင်လာပြီး မိန်းမကသူတို့ (၂)ယောက်ကို ဖမ်းလိုက်လို့ ရဲတွေကိုပြောတယ်။ အေးဆေးပေါ့ မင်းကလည်းဆိုပြီး ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းကို ဆိုင်ထဲကနေ အပြင်ခေါ်ထုတ်သွားတယ်။ ဆိုင်အပြင်ရောက်တော့ Taxi ပေါ်ကို တက်ခိုင်းတယ်။ ကားထဲရောက်တော့ လက်ထိတ်ခတ်တယ်။ ကျွန်တော့် သူငယ်ချင်းကိုတော့ ကားပေါ် မတက်ခင် ကတည်းက လက်ထိတ်ခတ်ပြီးသား။

ရဲစခန်းထဲရောက်တော့ အရပ်ဝတ်နဲ့ရဲက စခန်း(၄၀)က ရဲတွေကို ---- ချဉ်တွေများ ထင်နေလားလို့ သူ့ဘာ သာပြောတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ကျွန်တော်ဖုန်းခိုးခံ ထိတာပါလို့ ပြောတော့ ကျွန်တော့် ကိုယူနီဖောင်း ၀တ်ရဲက ပါးရိုက်လိုက်တယ်။ နောက်တစ်ယောက်က မင်းအကြည့်ကို ပြင်ဦးလို့ ပြော တယ်။ အပွင့်နဲ့ စခန်းမှူး(ပြောသူ၏ ထင်မြင်ချက်)က ခုံမှာထိုင်နေရာက လှမ်းပြောတယ်။ မင်းပါးစပ် မပိတ်သေး ဘူးလားလို့ ပြောပြီး ကျွန်တော် ရပ်နေတဲ့ဆီကို ထလာတယ်။ ကျွန်တော့် မျက်နှာချင်းဆိုင် တည့်တည့်မှာ လာရပ်တယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဘာမှ ပြန်မပြောတော့ဘူး။

စခန်းမှူး ပုံစံနဲ့လူက ကျွန်တော် ဆက်ပြောရင် ကျွန်တော့်ကို ပါးထပ်ရိုက်မယ့် ပုံစံပေါ့။ အဲဒါနဲ့ပဲ ကျွန်တော်တို့ ၂ ယောက်ကို လက်ထိတ်ဖြုတ်ပြီး အချုပ်ခန်းထဲထည့်ပေါ့။ အချုပ်ခန်း ရှေ့က စင်္ကြံဝင်ပေါက် သံပန်းတံခါးသော့ကို ဖွင့်လိုက်တယ်။ စင်္ကြံလမ်းထဲ ၀င်လိုက်တာနဲ့ပဲ အချုပ်ခန်းဘေးမှာ ထိုင်နေတဲ့ လက်ထိတ် ခတ်ထားခံရ တဲ့ ကောင်လေး တစ်ယောက်ကို တွေ့တယ်။ ရဲတွေက ကောင်လေးကိုမေးတယ်။ ဒီကောင်တွေ ၂ ယောက် မင်းတို့ အဖွဲ့ထဲကလားလို့ မေးတော့ (အဲဒါမှ ကျွန်တော်လည်း ကောင်လေးကို) သူခိုးဆိုတာ သိတာပေါ့။ ကောင်လေးက ကျွန်တော့်ကိုကြည့်ပြီး ဒီအစ်ကိုကြီးတွေ အိမ်မှာဖုန်း ၂ လုံးဝင်ခိုးပြီး အနောက်လမ်းမှာ သွားဖောက် တာပါလို့ ပြော တယ်။

အဲဒါနဲ့ရဲက ကျွန်တော့်ဘက်လှည့်ပြီး ဖုန်းခေါ်တဲ့ ဇာနည်က ဘယ်သူလဲလို့ မေးတယ်။ ကျွန်တော်က ဇာနည်က ကျွန်တော်ပါ။ ကျွန်တော် ဖုန်းခေါ်တာ ကျွန်တော့် အစ်ကိုဖုန်းကို ခေါ်တာပါ။ ကျွန်တော့် အစ်ကိုဖုန်းမှာ ကျွန်တော့်နာမည်နဲ့ ဖုန်းနံပါတ်ကို Zarni လို့ Contact မှာ မှတ်ထားတာလေ။ အဲဒါနဲ့ပဲ သူခိုးကို သီးသန့်ခန်း ထဲကို ခေါ်သွားပြီး ထပ်စစ်ဖို့ သူ့လူတွေကို ပြောပြီး သူခိုးကို ခေါ်သွားတယ်။ အဲဒီအချိန် ကျွန်တော်ရယ် ကျွန်တော့် သူငယ်ချင်းရယ် ၂ ယောက်လုံးကို ရဲတစ်ယောက်က အချုပ်ခန်းဘေးချထားတဲ့ ခုံတန်းအရှည်မှာ ထိုင်ခိုင်းတယ်။ မနက် ၇ နာရီကျော်လောက်မှ အရပ်ဝတ်ရဲက အပြင်ဧည့်ခန်းထဲ ထုတ်တယ်။ ဧည့်ခန်းကခုံမှာ ထိုင်ခိုင်းပြီး အရပ်ဝတ်ရဲက အစ်ကိုတို့ကို တောင်းပန် ပါတယ်လို့ ပြောတယ်။

အစ်ကိုတို့ကလည်း ဖြစ်ဖြစ်ချင်း ကျွန်တော်တို့ကို အကြောင်းကြားပေါ့လို့ ပြော တယ်။ ကျွန်တော်လည်း ဘာမှမပြောတော့ ပါဘူး။ သူကဆက်ပြောတယ်။ သူခိုးက တစ်ယောက်တော့ မိထားပါတယ်။ (တစ်ယောက်ဆိုတာ) သီးသန့်အခန်းထဲ ခေါ်ပြီး ထပ်စစ်နေတဲ့ တစ်ယောက်။ (၃)ယောက်တော့ မမိသေးဘူးလို့ ပြောတယ်။ ကျွန်တော် လည်း အမှုဖွင့်ဖို့ လိုသေးလား လို့ ပြောတော့ မဖွင့်နဲ့ရတယ်လို့ ပြောတယ်။ တစ်ယောက်မိပြီးပြီပဲလို့ ပြော တယ်။ ၈ နာရီကျတော့ ကျွန်တော်တို့ ၂ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်။ ကျွန်တော့်လိပ်စာနဲ့ ဖုန်းနံပါတ်ကို တောင်း တယ်။ (အရပ်ဝတ်နဲ့လူက) ကျွန်တော်က ပေးလိုက်တယ်။ ကျွန်တော်လည်း သူ့ဖုန်းနံပါတ် ပြန်တောင်း လိုက်တယ်။ သူ့နာမည်က ကိုဇာနည်မောင်မောင် ဖုန်းနံပါတ်က (၀၉၄၂၁၀၉၄၅၉၆ လို့ ပြောတယ်။ ကျွန်တော့်ဖုန်းက (ကျွန်တော်ပြန်တောင်းမှ ပြန်ပေးတယ်)”” ဟု လာရောက်ရှင်းပြခြင်း ဖြစ်သည်။

[မှတ်ချက်။ သူခိုးဟု ၎င်း ညွှန်းဆိုသူမှာ ရဲမှ သံသယဖြင့် ဖမ်းဆီးထား သူသာဖြစ်သည်။ သတင်းရေးသားသူ အနေဖြင့် အမှန်တကယ် ခိုးယူသူဟု အတည်မပြုနိုင်သေးပါ] အဆိုပါ ပြောကြားချက်များ အမှန်အမှား နှိုင်းယှဉ် တွက်ဆရန် တာမွေ မြို့နယ် ရဲ စခန်းမှ ဒုရဲမှူး ဦးဝင်းအောင်နီ၏ ဖုန်းနံပါတ် ၀၉-၈၅၃၀၃၄၅ အား ဒီဇင်ဘာ ၁၀ ရက်နေ့က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အစည်းအဝေး လုပ်နေသည်ဟု ပြောကြားခဲ့ပြီး၊တာမွေရဲစခန်း ဖုန်း-၀၁၅၅၆၇၇၁ အား ထပ်မံ ဆက်သွယ်ရာ ဖုန်းမကိုင်ခြင်းနဲ့သာ ကြုံတွေ့ရပါ သည်။ အထက်ဖော်ပြပါ နိုဝင်ဘာ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ပါ သတင်းအတွက် မေးမြန်းခဲ့စဉ် တာမွေမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ် မေးမြန်း ခဲ့ရာ၌လည်း မည်သူမျှ ဖြေဆိုမှုမပြုဘဲ ဖုန်းချသွားခဲ့ပါသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၀န်းကျင်တွင်မူ ကိုဇာနည်လှိုင်တို့ကို မှား၍ဖမ်းဆီးရာတွင် ပါဝင်သော နယ်ထိန်းတစ်ဦးကို စုံစမ်းသိရှိ၍ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ ၎င်း၏ အမည်နာမကို ထုတ်ဖော်ရေးသားခြင်း မပြုရန် တောင်းဆိုပြီး ဖြစ်ပျက် ခဲ့သော အခြေအနေကို ““ဖြစ်စဉ်က ဒီလိုဗျ။ ခိုးတဲ့ကောင်လေး၂ယောက်က အိမ်တွေရဲ့ ပထမထပ်ကို တက်ခိုးတာ။ တရားလိုက နတ်စင်လမ်းကို ခိုးပြီးတော့ အင်းဝလမ်းကို ထပ်ခိုးတဲ့အချိန်မှာ မိတယ်။ ဖုန်း ၂ လုံး ပါသွားတယ်။ တစ်ယောက်မိပြီး တစ်ယောက် လွတ်သွားတယ်။ သူခိုးဖုန်းလို့ပဲ ထင်တာပေါ့။

ရဲတပ်ဖွဲ့ကနေ ရွှေကံကော်ဆိုင်သွားပြီး ရဲစခန်းကို ခေါ်လာကြတယ်။ ရိုက်တာ နှက်တာတော့ မလုပ်ပါဘူး။ သူ့အိမ်က ဖုန်းပါသွားရင် ကျွန်တော်တို့ သက်ဆိုင်ရာကို လာရမှာပေါ့။ ကျွန်တော်တို့က ပြန်တောင်းပန် လိုက်ပါတယ်။ အမှန်ဆိုရင် ကျွန်တော်တို့ဆီ အကြောင်းကြား ညှိ နှိုင်းရမယ်ပေါ့။

သူခိုးခိုးတဲ့ဖုန်းကို ဆက်တော့ ဘယ်သူမဆို သူခိုးပဲ ထင်မှာပဲလေ။ အခု သူခိုးကို ၅၄ နဲ့ အမှုဖွင့်ထားတယ်။ ကျွန်တော်တို့ နေ့တိုင်းလိုလို အသံချဲ့စက်နဲ့ လိုက်အော်သေးတယ်။ အခင်းဖြစ်တတ်တဲ့ ပုံစံတွေကိုလည်း လိုက်ပြောပေးပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မလုပ်ဘဲနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ အကောင်းဆုံးက ရဲစခန်းကို ဆက်သွယ်ပါ ရဲတွေ အကုန်လုံး ကူညီပါတယ်”” ဟူ၍ ရှင်းပြပါသည်။ ၎င်းပုဂ္ဂိုလ် ပြောကြားချက်ထဲမှ မှုခင်းပညာပေးမှု နေ့စဉ်ဆောင်ရွက်မှုရှိ၊ မရှိကို တာမွေ မြို့နယ် အတွင်း နေထိုင်သူ ၃၀ ဦးအား အောက်တိုဘာ ၁၀ ရက်နေ့ ည ၈ နာရီမှ ၁၁ နာရီအတွင်း မြန်မာ သံတော်ဆင့် မှ မေးမြန်းကြည့်ရာ ၎င်းတို့အနေဖြင့် မသိရှိပါကြောင်း ပြောကြားကြပါသည်။ [မှတ်ချက်။ ယင်းမြို့နယ်အတွင်း အနည်းဆုံး ၂ နှစ် အခြေချနေထိုင်သူများ ကို ရွေးချယ်၍ မေးမြန်းထားပါသည်။ ပညာပေးမှု ဆောင်ရွက်စဉ် အချိန်၌ ၎င်းတို့ ရပ်ကွက်အတွင်း ရှိ၊ မရှိကို အငြင်းပွားမည်ဆိုက ပွားနိုင်ပါသည်။]

မြန်မာသံတော်ဆင့် အမေးကို ဖြေဆိုသူတစ်ဦးက ဖြစ်စဉ်အများစုတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးပေးနိုင်မည်ဟု ယုံကြည်မှု လျော့နည်းရခြင်းသည် ကိုဇာနည်လှိုင်ကဲ့သို့ ခိုးမှုကျူးလွန်သူကို ကိုယ်တိုင်ညှိနှိုင်း၍ ပစ္စည်းရယူရန် ကြိုးပမ်းမိရာမှ တရားခံသဖွယ် ဆက်ဆံခံရသော အခြေအနေ ဆိုက်ရောက်ခြင်း၏ အကြောင်းရင်းခံ ဖြစ်ကြောင်း ၎င်း၏ ယူဆချက်ကို ပြောပြပါသည်။ ယင်းယူဆချက်ကို ထောက်ခံသူ မှာ မြန်မာသံတော်ဆင့် အပတ်စဉ် သတင်း၏ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးဇော်လင်းဖြစ်ပါသည်။““တစ်ခုခုဖြစ်လို့ရှိရင် ရဲဌာနကို တိုင်တာက နည်းနည်း အလုပ်ရှုပ်တာပေါ့။ ဥပမာ ဖုန်းပျောက်တဲ့ ကိစ္စမျိုးကတော့ တိုင်တာကများ တယ်။ တိုင်ရင်လည်း ရဲကစုံစမ်းဖို့ တို့၊ ပေါ်အောင်ဖော်ဖို့တို့ နည်းနည်း ခက်တယ်။

ရဲကို အယုံအကြည်မရှိဘူး ပြောလို့ရတယ်။ တရားဥပဒေကိုတော့ မဟုတ်ဘူး။ တစ်ခုခုဖြစ်ရင် ရဲသွား တိုင်ရင် နှေးတာပေါ့။ အမှုအကြီးကြီး တွေဆိုရင်တော့ ဥပမာ – လူသတ်မှုလို ဟာမျိုးဆိုရင်တော့ သူတို့ နာမည်ပျက်မှာစိုးလို့ အသည်းအသန် လိုက်တာပေါ့။ မြောက်ဥက္ကလာ ရပ်ကွက်တွေမှာ ခဏခဏဖြစ်တာ တစ်ခုရှိတယ်။ ဆိုင်ကယ်နဲ့ ဆွဲကြိုးဖြုတ်တဲ့ ဟာမျိုးတွေ၊ ပိုက်ဆံအိတ်လုတဲ့ ဟာမျိုးတွေ ခဏခဏဖြစ်တယ်။ အဲဒါတွေက မပေါ်တာများတယ်။ အစပျောက် သွားတာပေါ့။ အဲလိုကိစ္စမျိုးတွေက မမိတာများတယ်။ မတော်တဆ ကံအားလျော်စွာ မိတာတွေလည်း ရှိတာပေါ့”” ဟူ၍ ပြောဆိုခြင်း ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ကိုဇာနည်လှိုင် အနေဖြင့်တော့ နာကျင်မှု မပျောက်သေးသော ဇက်ပိုးကို လက်ဖြင့်ပွတ်ရင်း ““ဒီညနေ ဒီဇင်ဘာ ၁၀ ရက် နယ်ထိန်းနဲ့ အဆက်အသွယ် ရတော့ ဆင်းကတ်ပြန်ရမယ့် အနေအထားတော့ ရှိတယ်။ ဟန်းဆက်တွေကတော့ တရားရုံးကိစ္စပြတ်မှ ပြန်ရချင် ရနိုင်တယ်။ ကျွန်တော့်အနေနဲ့တော့ အရှက်လည်းကွဲ၊ လက်ထိတ်ခတ်ခံ အရိုက်ခံရတာတွေ တစ်သက် မေ့နိုင်မှာ မဟုတ်ဘူး””ဟု ပြောပါသည်။ နှစ်နှင့်ချီ ထိုင်လာသော လက်ဖက်ရည်ဆိုင်ကလည်း သူခိုး ဟု ထင်သွားပြီဖြစ်၍ နောင်သွားရောက် စားသောက်ရန် မဆို ထားနှင့် ရှေ့ မှဖြတ်လျှောက်ရန်ပင် မရဲတော့ဟု ညည်းပါသည်။

““ပစ္စည်းအခိုးခံရရင် ပထမဆုံး ကိုယ့်ဘာသာ ရှာကြည့်၊ အနီးပတ်ဝန်းကျင်က လူတွေ ကို မေးမြန်းကြည့်ေ ပါ့။ ပျောက်တာ သေချာရင်တော့ ရဲတိုင်ရမှာပေါ့။ တရားလိုကနေ တရားခံအဖြစ် အထင်မှားပြီးတော့ ရဲစခန်းမှာ ရိုက်ခံရရင် အဲဒီရဲကို အမှုဖွင့်လို့ ရတာပေါ့။ ရဲကရိုက်နှက်မှု ပုဒ်မ၂၃၂/၃၂၄ပေါ့။ ဒဏ်ရာ ကြီးရင် ၃၂၅ပေါ့”” ဟူ၍တော့ ဦးဇော်လင်းက ကိုဇာနည်လှိုင် နာကျင်မှု သက်သာစေရန် ဆောင်ရွက်နိုင်ရန် နည်းလမ်းပေးပါသည်။ တာမွေမြို့နယ် ဇာတိချက်ကြွေ ကိုဇာနည်လှိုင်ကတော့ ရပ်ကွက်ထဲ အနေကျုံ့ခြင်း၊ အသွားအလာ ခက်ခဲခြင်း များ ကျော်လွှားရန် စိတ်ထွက်ပေါက် ရှာဖွေနေဆဲပင်။

တင်ဇာအောင်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment