မြန်မာပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူးလို့ ပြောတဲ့သူတွေဟာ ဒီမိုကရေစီစနစ်ကို မကျင့်သုံးချင်တဲ့ လူတွေဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ပဲခူးတိုင်းဒေသကြီး ရွှေမော်ဓေါစေတီ အနောက်ဘက်မုဒ်က ကွင်းထဲမှာ ဒီနေ့ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်အကြိုပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။
"မကြာခဏ ကျမ အနှစ် ၂ဝ ကျော်၊ ၃ဝ အတွင်းမှာ ကြားခဲ့ရပါတယ်၊ ဗမာပြည်သူလူထုဟာ ဒီမိုကရေစီနဲ့ မတန်သေးဘူးတဲ့၊ အဲလိုစကားပြောတဲ့သူတွေရှိပါတယ်၊ အဲ့လိုပြောတဲ့သူတွေကတော့ ဒီမိုကရေစီ မပေးချင်သေးတဲ့သူတွေပေါ့၊ အဲ့တော့ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီဖွံ့ဖြိုးဖို့ဆိုလို့ရှိရင် ပြည်သူလူထုကို ဒီမိုကရေစီအခွင့်အရေးတွေပေးဖို့လိုတယ်၊ တစ်နည်းအားဖြင့်ဆိုလို့ရှိရင် ပြည်သူလူထုကို ယုံကြည်ရမယ်၊ အဲ့လိုပေးတဲ့အခါကျရင်လည်း အခွင့်အရေးတွေကို အလွဲသုံးစားမလုပ်ဖို့ရာ ပြည်သူတွေရဲ့တာဝန်ဖြစ်ပါတယ်"
ဒါ့အပြင် ဒီမိုကရေစီစနစ်ဖြစ်တဲ့ လွတ်လပ်မှု၊ လုံခြုံမှုကို အစိုးရက ဖော်ဆောင်ပေးရမှာဖြစ်ပြီး ပြည်သူတွေကလည်း စည်းကမ်းရှိတဲ့ပြည်သူဖြစ်လာဖို့ ဆောင်ရွက်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဒီနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီချုပ် နာယက ဦးတင်ဦးလည်း တက်ရောက်အဖွင့် မိန့်ခွန်း ပြောကြားခဲ့ပြီး ဒေသခံပြည်သူ တစ်သောင်းနီးပါးခန့် တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

0 comments:
Post a Comment