အဲဒီမှာ ပြည်ထောင်စုလွှတ်တော်နာယကကြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက နောက်သက်တမ်းမှာ အခုလက်ရှိသမ္မတကြီး ဦးသိန်းစိန်က သမ္မတလုပ်ကိုင်တော့မှာ မဟုတ်တော့ကြောင်း ပြောလာတယ်။ “၀မ်းသာလိုက်တာ” ဆိုတဲ့ စကားပြော ချင်တာ “၀မ်းသာလိုက် ဆိုတာပြောရသေး “တာ” ဆိုတာ မဆက်ရသေးဘူး။ သူသမ္မတလုပ်ချင်တဲ့ အကြောင်းပြောလာပါတော့တယ်။ သူမို့လို့ မရှက်မရွံ့၊ ရဲရဲဝံ့ဝံ့ ပြောရဲလိုက်တာလို့ အောက်မေ့မိသေး။ ဘာ လို့ သူ့သမ္မတလုပ်ချင်ပါသလဲဆိုတော့။ သမ္မတဆိုတာ နိုင်ငံတော်ရဲ့အကြီးအကဲဆုံး ပုဂ်္ဂိုလ်ပါတဲ့။ သူကနိုင်ငံတော်ရဲ့တာဝန်တွေကို ဆထက်ထမ်းပိုး ဒီထက်မက ထမ်းဆောင်ချင်လွန်းလို့ သမ္မတဖစ်ချင်တာပါတဲ့။ “ကြားကြလို့မှတော်ကြလေရော့သလား အရပ်ကတို့ရေ” လို့ အော်သာအော်လိုက်ချင်တော့တယ်။
ဒီမှာရှင်းရှင်းလင်းလင်းနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြစို့ရဲ့။ ကျွန်တော်တို့က သမ္မတရာထူးကို ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီး ဘယ်သူ့ကိုမှ ယုံယုံကြည်ကြည်နဲ့ မအပ်နှင်းချင်ဘူးဆိုတာပါပဲ။ ကြည့်လေ။ သူတို့ ပြော,ပြောနေတဲ့ ဒီမိုကရေစီအစိုးရ ပထမဦးဆုံး (၅)နှစ်သက်တမ်းမှာ တယောက်တည်းပါပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်ကနေ ဦးသိန်းစိန်ဖြစ်လာတဲ့ ပုဂ်္ဂိုလ်က သမ္မတဖြစ်လာတယ်လေ။ သူသမ္မတသက်တမ်းမှာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားမယ်ဆိုတော့ အကြောင်းမသိရှာကြတဲ့ ပြည်သူတွေခမျာ ““ဒို့သမ္မတကြီး၊ ဒသမ္မတကြီး” ရယ်လို့ ဖြစ်ကုန်ကြရော။ (ကျွန်တော်တွေးကြည့်မိတယ်။ မြစ်ဆုံစီမံကိန်းသာ ရပ်ဆိုင်းထားမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုတော့ ဘုန်းကြီးတွေ ဒဏ်ရာရရ၊ လူတွေသေသေ၊ မဖြစ်မနေ အကောင်အထည်ဖော်မယ်လို့ သမ္မတကြီးရဲ့ရင်ထဲမှာ တေးမှတ်မယ်ထင်တာပါပဲ)။
နောက်တော့ အရက်ထုတ်လုပ်မှု လုပ်ပိုင်ခွင့်တွေခွင့်ပြုပြီး နွားနို့ သောက်ကြပါလားလို့ပြောလိုပြော။ ငွေသုံးသိန်းလောက်တော့ ယူချင်ယူပါစေ။ အကျင့်ပျက်ခြစားမှုထဲ မထည့်ပါနဲ့လို့ ဆိုလို့ဆို။ အရေးကြီးတဲ့ (၄)ပွင့်ဆိုင်၊ (၆)ပွင့်ဆိုင်တောင်းဆိုတော့ ရာသီအကူးအပြောင်းမို့ နှာစေးနေပါသတဲ့။ ခုတော့ “ဒို့-သမ္မတကြီး”နေရာမှာ “မိဘပြည်သူများ ခင်ဗျာ” လို့ပြောဆိုနေကြကုန်ပြီ။
အခု သူရဦးရွှေမန်းက သူသမ္မတလုပ်ချင်သတဲ့။ “နောက်တက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ”ဆိုတာလို ဖြစ်တော့မပေါ့။ သူရဦးရွှေမန်းက နအဖအစိုးရလက်ထက်မှာ တတိယခေါင်းဆောင်လို့သတ်မှတ်ထားကြတာလေ။ သူ့အထက်က ဗိုလ်ချုပ်မှူးကြီး၊ ဒုဗိုလ်ချုပ်မှူးကြီးတို့၊ အငြိမ်းစားယူသွားကြတော့ သူ့ကိုယ်သူဗိုလ်ချုပ်မှူးကြီးတော့ ဖြစ်ရချေသေးရဲ့ စိတ်ကူးမျှော်လင့်ခဲ့မိမှာပေါ့လေ။ (ကျွန်တော်သာဆိုရင်တော့ “သေချာပေါက် ဗိုလ်ချုပ်မှူးကြီးဖြစ်ပြီကွ” လို့ ထ,ခုန်အော်ပြောမိမှာ အသေအချာပါပဲ) ဒါပေမဲ့ တိုင်းရေးပြည်ရေး ပေါက်နဲ့ကျေးလို့ဆိုမဟုတ်လား။ ဗိုလ်ချုပ်ကြီးရွှေမန်းကနေ၊ သူရဦးရွှေမန်းဘ၀ပြောင်းလဲခံလိုက်ရတော့ ဗိုလ်ချုပ်မှူးကြီးအိပ်မက်က လွင့်ပြယ်ပျောက်ဆုံးသွားရတော့တယ်။ သနားစရာ။
မျှော်လင့်စရာတော့ ရှိပါသေးရဲ့။ သမ္မတတော့ ဖြစ်နိုင်ချေရှိသေးတယ်ပေါ့။ ဒါပေမဲ့ ပေါက်မဲပါမယ်ထင်လို့ အရက်ပုလင်းအဖုံးအတွင်းက ဖော့ပြားလေးကို ခွာကြည့်လိုက်တဲ့သူလို ပေါက်မဲမပါဘဲ ကျေးဇူးတင်ပါသည်ဆိုတဲ့ စာတန်းလေးမြင်ရသလို ခံစားရတယ်။ သမ္မတကဦးသိန်းစိန် တဲ့။ သူရဦးရွှေမန်းခမျာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးနဲ့ ကျေနပ်နှစ်သိမ့်လိုက်ရတယ်။ ဟော- လာပါတော့မယ်။ ဒုတိယအကြိမ် ရွေးကောက်ပွဲ။ ဧရာဝတီတိုင်းသွား၊ ပဲခူးတိုင်းသွား၊ မန္တလေးတိုင်းသွား၊ စစ်ကိုင်းတိုင်းသွား။ ပါတီဥက္ကဋ္ဌတာဝန်နဲ့ သွားသလား။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်နဲ့ သွားသလား။ ဘာတာဝန်တွေနဲ့သွားသွား၊ သိမ်းဆည်းခံ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေဆီ အမြန်ပေးအပ်ဖို့ တိုက်တွန်းပြောဆိုနေတော့တယ်။
ဥပဒေတတ်ကျွမ်းသူတွေကတော့ သူရဦးရွှေမန်းရဲ့ပြုမူလုပ်ဆောင်မှုတွေဟာ ဥပဒေနဲ့မညီညွတ်ဘူးလို့ ထောက်ပြနေကြလေရဲ့။ နိုင်ငံရေးအကဲခတ်သမားတွေကလည်း ကန်ထရိုက်တိုက် ကြိုပွိုင့်ရိုက်သလို သူရဦးရွှေမန်းဟာ ၂၀၁၅ ခုရွေးကောက်ပွဲအတွက် မဲဆွယ် ကြိုပွိုင့်ရိုက်နေတာလို့ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ် သူရဦးရွှေမန်းရဲ့ ပြောလုံး၊ ဆိုလုံးတွေကို သိမ်းဆည်းခံ လယ်သမားတွေက ကြိုက်မှကြိုက်။ တချို့လယ်သမားတွေက သူရဦးရွှေမန်းကို ကယ်တင်ရှင်ကြီးလိုတောင် အားကိုးမိကြပါသတဲ့။
ဒါပေမဲ့ သူရဦးရွှေမန်းကို သမ္မတမဖြစ်စေချင်တဲ့အထဲမှာ ကျွန်တော်က ထိပ်ဆုံးကမဟုတ်တောင် ထိပ်ပိုင်းကပါဝင်တယ်။ နို့ဘယ်သူကိုများ သမ္မတအ ဖြစ် တင်မြှောက်ချင်သတုန်း။ ဒေါ်အောင်ဆန်းစုကြည် ကိုပေါ့။ သူမကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ကန့်သတ်ထားလို့ သမ္မတမဖြစ်နိုင်။ အဲဒီ မှာ ဘယ်သူ့ကိုမှမယုံကြည်၊ စိတ်မချနိုင်တာကြောင့်၊ မိမိကိုယ်ပဲယုံကြည်၊ စိတ်ချမိတာကြောင့် ကျွန်တော်လည်း သမ္မတဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူးရခဲ့မိတာပါပဲ။ မရယ်ပါနဲ့။ ကျွန်တော့်မှာလည်း သမ္မတဖြစ် ထိုက်တဲ့ အရည်အချင်းတွေအပြည့်အ၀ရှိပါတယ်။
ကျွန်တော့်ရဲ့မိဘနှစ်ပါးက ပြည်ထောင်စုမြန်မာ နိုင်ငံတော်သားတွေဖြစ်သလို ကျွန်တော်လည်း နိုင်ငံ သားတယောက်ဖြစ်ပါတယ်။ နိုင်ငံသားတိုင်း သမ္မတ ဖြစ်ပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်မဟုတ်ပါလား။ တိုင်းပြည်မှာ တောက်လျှောက်အနှစ်(၂၀) နေထိုင် ရမယ်ဟုတ်ရဲ့လား။ တရုတ်ပြည်ရွှေလီကို တရက်လောက်၊ အိန်္ဒိယနိုင်ငံ မိုရေးမှာ(၅)ရက်လောက် ထိုင်းနိုင်ငံ ရနောင်းမှာ(၃)ရက်လောက် နေခဲ့ဖူးတာကလွဲလို့ နှစ်ပေါင်း ၆၀ ကျော် ရွာမှာပဲနေထိုင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ မယုံကြည်ရင် ရွာက ကျေးရွာစီမံခန့်ခွဲမှု ကော်မတီကို လာရောက်စုံစမ်းနိုင်ပါကြောင်းပါ။
စစ်ရေးအမြင်လား၊ သေနင်္ဂဗျူဟာ စစ်ပညာကျမ်းလည်း လေ့လာဖူးတယ်။ တရုတ်နိုင်ငံက ဆွန်ဇူးရဲ့ စစ်ပညာလည်း လေ့လာဖူးတယ်။ မော်စီတုံးရဲ့ စစ်ရေး(၆)စောင်လည်း လေ့လာဖူးပါတယ်။ လျူရှောက်ချီရဲ့ပြည်သူ့စစ်၊ ချေဂွေဗားရားရဲ့ ပြောက်ကျားစစ်ပညာတွေလည်း လေ့လာဖူးပါတယ်။ စစ်ရေးအမြင်လို့ သုံးနှုန်းထားခြင်းအားဖြင့် စာတွေ့၊ လက်တွေ့(၂)မျိုးလုံး အကျုံးဝင်တာပေါ့။ လက်တွေ့အမြင်ရှိရမယ်လို့ ဆိုလိုချင်တာဆိုရင်တော့ စစ်ရေးအမြင်လို့မသုံးနှုန်းဘဲ တပ်မတော်သားဖြစ်ရမယ်လို့ ဖွင့်ဆိုမှာဖြစ်ပါတယ်။ တခါတလေပြည်သူတွေက လက်ရှိအစိုးရ အပေါ် တစက်ကလေးမှအယုံအကြည်မရှိကြတာ ဆိုးဝါးလှပါရဲ့။
အင်္ဂလိပ်စကားတတ်မြောက်ဖို့လိုအပ်သလား။ လွယ်ပါတယ်၊ စိတ ချရတဲ့ စကားပြန်ထားလိုက်မှာပေါ့။
ကျွန်တော့်ရဲ့ အစ်မရင်းရဲ့ သမီးအငယ်ဆုံး ကျွန်တော့် တူမက နည်းပညာ တက္ကသိုလ်က အင်္ဂလိပ် စာပြ ဆရာမ။ အင်္ဂလိပ်စကားကို မြန်မာစကားလို မွှတ်နေအောင် ပြောနိုင်တယ်။ အဲဒီ တူမကို ဘာသာပြန်အဖြစ် လခကောင်းကောင်းပေးပြီး ခန့်ထားလိုက်မယ်။ ဒီထက် စိတ်ချရတာ ရှိဦးမလား။ ပြီးတော့ ဉာတကာနဉ္စ သင်္ဂဟောတဲ့။ ဆွေမျိုးဉာတိတွေကို ထောက်ပံ့ခြင်းဟာလည်း မင်္ဂလာ မည်တယ်လို့ဆိုတယ် မဟုတ်လား။ မင်္ဂလာ တရားတော်နဲ့လည်း ညီညွတ်သွားတာပေါ့။
ဟာ- အဲဒါကတော့ စိတ်ချ။ ကျွန်တော်သာ သမ္မတဖြစ်ရင် လက်ရှိ သမ္မတကြီးပြောတဲ့ (၃)သိန်း မပြောနဲ့ ငါးပြားစေ့ အချော်တပေါက်တောင် ကျွန်တော် လာဘ်မစားဘူး။ လက်ရှိ ကျွန်တော် တနေ့ကုန်ကျငွေကို တွက်ပြမယ်။ မနက်ခင်း လက်ဖက်ရည်နဲ့ မုန့်ဟင်းခါးသောက်တာက ခြောက်ရာကျပ်၊ မနက် ထမင်း၊ ည ထမင်းစားတာကတော့ ပုံမှန်မရှိဘူး။ တထောင်ကျော် ကုန်တာလည်း ရှိတယ်။ ခုနစ်ရာကုန်တာလည်း ရှိတယ်။ တနပ် ပျမ်းမျှ တထောင်ပဲထား။ နှစ်နပ်ဆိုတော့ နှစ်ထောင်။ နေ့ခင်း လက်ဖက်ရည်သောက်တာက သုံးရာ။ ကွမ်းဖိုးက ခြောက်ရာဆိုတော့ တနေ့ ကျွန်တော် တယောက်ကုန်ကျငွေက သုံးထောင်ငါးရာလောက်ရှိတယ်။ ဟို-၀န်ကြီးတပါးပြောသလို တနေ့ နှစ်ထောင်နဲ့ မလောက်ငှတာတော့ အမှန်ပဲ။
သမ္မတရဲ့ လစာက တလသိန်းငါးဆယ်ကြီးများတောင် မဟုတ်လား။ အိမ်လခ ပေးစရာမလို။ မီတာကြေး ပေးစရာမလို။ ယာဉ်မောင်းနဲ့ ထမင်းချက်နဲ့။ သိန်းငါးဆယ် အသားတင် ကျန်တယ်။ တနှစ် သိန်း(၆၀၀)၊ ငါးနှစ်ဆိုတော့ သိန်း (၃၀၀၀)စလုံး နိုင်ငံတော်ကို ပြန်လှူခဲ့မယ်။ တကယ် ပြောတာပါ။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်ပဲ။ ကွယ်လွန်ရင် ကျွန်တော်ရဲ့နောက် ဘာမှမပါဘူးဆိုတာ တရားသိ၊ သိပါတယ်။
သမ္မတဖြစ်လာဖို့ ဘယ်လို လှုပ်ရှားမှုစတင်မလဲ ဟုတ်လား။
ပြောခဲ့ပြီလေ။ အခု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုင်းတွေ လှည့်ပြီး ဖြစ်လာမယ်၊ မဖြစ်မလားဘူးဆိုတာ အပထား။ တိုင်းပြည်တ၀ှမ်းဖြစ်ပေါ်နေတဲ့ လယ်/ယာ သိမ်းဆည်းခံမှု ပြဿနာတွေကို ဖြေရှင်းပေးဖို့ ပြောဆိုနေပြီလေ။ ကျွန်တော်တို့ တောင်သူ လယ်သမားတွေ ခမျာ သူရဦးရွှေမန်းကို ကယ်တင်ရှင်ကြီးအဖြစ် မျှော်လင့်ထင်မြင်နေကြပေါ့။ ဒီတော့ ကျွန်တော့်လည်း ကာလအရှည်ကြာဆုံး မြေယာသိမ်းဆည်းမှု ပြဿနာ ဖြစ်နေတဲ့ လက်ပံတောင်းကြေးနီစီမံကိန်းကို သွားရမှာပေါ့။ သွားပြီးတော့ အမြန်ဆုံးပြေလည်မှုရရှိအောင် ဖြေရှင်းခိုင်းရမှာပေါ့။ ပြေလည်နိုင်မလားလို့ ကျွန်တော့်ကို အကျပ်အတည်းဖြစ်အောင် ချောင်ပိတ် မမေးပါနဲ့။
သေချာတာတခု ပြောနိုင်တာက လက်ပံတောင်းကို ကျွန်တော်သွား တာဟာ ကျွန်တော် သမ္မတဖြစ်ဖို့အတွက် ကြိုပွိုင့်ရိုက်တာ မဟုတ်ဘူးဆိုတာပါပဲ။
ကိုလေးမြတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
0 comments:
Post a Comment