ကိုးကန့်အဖွဲ့၏ ငြိမ်းချမ်းရေး တောင်းဆိုချက် ညှိနှိုင်းရန်မရှိဟု သမ္မတရုံးပြော


အမ်အန်ဒီအေအေ ကိုးကန့် လက်နက်ကိုင်အဖွဲ့က သူတို့ဟာ မြန်မာနိုင်ငံရဲ့ မိသားစု အဖွဲ့ဝင်ဖြစ်ပြီး သမ္မတကြီးအနေနဲ့ ငြိမ်းချမ်းရေး တံခါးဖွင့်ပေးဖို့ တောင်းဆို ခဲ့တဲ့ အပေါ်မှာ သမ္မတရုံးက ပယ်ချလိုက်ပါတယ်။

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့က (အမ်အန်ဒီအေ အေ) ဟာ  နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာမို့ သူတို့နဲ့ ဆွေးနွေးညှိနှိုင်း စရာအကြောင်းမရှိဘူးလို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က တပ်ကိုတိုက်တာမဟုတ်ဘူး၊ တပ်စခန်းတွေကို တိုက်တာမဟုတ်ဘူး၊ သာမန်အခွင့်အရေးတောင်းဆိုတာ မဟုတ်ဘူး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လောက်ကိုင်အုပ်ချုပ်ရေးဌာနကို ဦးတည်ပြီးတိုက်တာဖြစ်တယ်။ ကြိုတင်စီစဉ် လုပ်ဆောင်တာဖြစ်တယ်။ ဒါဟာ  အခြေခံဥပဒေအရ အုပ်ချုပ်ရေးအာဏာကို ဆင့်ကဲ ခွဲဝေဆောင်ရွက်နေတဲ့ ဌာနကို ထိပါးစော်ကားတဲ့ သဘောဖြစ်တယ်။ အဲဒီတော့ သူတို့ကို တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တန်းတူသဘောထားလို့ မရဘူး။ တရားဝင်တုံ့ပြန်စရာလည်းမရှိဘူး။ ညှိနှိုင်းစရာလည်း မရှိဘူး။ လုပ်သင့် လုပ်ထိုက်တာတွေ အကုန်လုပ်သွားမယ်။”

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က ဖေဖော်ဝါရီ ၁၆ ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်း စိန်ထံ ပေးပို့တဲ့အိတ်ဖွင့်ပေးစာမှာ ကိုးကန့်ဟာ ပြည်ထောင်စုထဲက တိုင်းရင်းသား တမျိုးဖြစ်ကြောင်း၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ကိုယ့်အိမ်ကိုယ်ပြန်ကာ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်ဝတ္တရားကို ပူးပေါင်း ဆောင်ရွက်လိုကြောင်းနဲ့  သမ္မတအနေနဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးကို သော့ချက်အဖြစ် အသုံးချပြီး ငြိမ်းချမ်းရေး တံခါးဖွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

လောက်ကိုင်မြို့မှာ အရေးပေါ်အခြေအနေကြေညာထားပြီး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန် ထားပါတယ်။ ဒီထက် အခြေအနေပိုဆိုးလာရင် မြို့တွင်းစစ်ဆင်ရေးတွေ လုပ်လာနိုင်တဲ့ အနေအထားရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အစိုးရက သူတို့နဲ့ မညှိနှိုင်းတော့ဘူးဆိုရင်တော့ အခြေအနေတွေ ပိုပြီးဆိုးရွား လာနိုင်တယ်လို့   အမ်အန်ဒီအေအေ အထွေအထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ပြောပါ တယ်။

“မဆွေးနွေးတော့ဘူးဆိုကတည်းက သူတို့က အကြီးအကျယ်တိုက်တော့မယ့်ပုံပေါ့ဗျာ။ ကျနော်တို့လည်း ခုခံသွားရုံပဲရှိတယ်။ လောက်ကိုင်အုပ်ချုပ်ရေးဌာနကို ကျနော်တို့မထိပါးပါဘူး။ အုပ်ချုပ်ရေးမှူးကလည်း သူ့ဖာသူတိမ်းရှောင်သွားတာပါ။ အခုလည်း ကျနော်တို့က လောက်ကိုင်မြို့နဲ့ အဝေးကြီးမှာ၊ အဲဒီနား မကပ်နိုင်ပါဘူး။ ကျနော်တို့က ပြည်ထောင်စုကနေ ခွဲထွက်ဖို့လည်း မတောင်းဆိုဘူး။ ဒါကြောင့် အချုပ်အခြာအာဏာကို ထိပါးတယ်ဆိုတာ မဟုတ်ပါဘူး။”

လောက်ကိုင်မြို့မှာ အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် ၃ ရက်အတွင်း လူ၁၀၀ ကျော်သေဆုံးခဲ့ရပြီး အများစုဟာ ကိုးကန့်တိုင်းရင်းသားတွေဖြစ်တဲ့အတွက် လူမျိုးရေးပြဿ  နာ ဖြစ်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ အမ်အန်ဒီအေအေဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကို ၂၀၀၉ ခုနှစ်မှာ စွန့်ခွာခဲ့ပြီးနောက် လွန်ခဲ့တဲ့ သီတင်းပတ်မှာ ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုများပြားပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ထောင်ပေါင်းများစွာသော မြို့ခံတွေ ထွက်ပြေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီး ပြောခွင့်ရ ဟွာချွန်ယင်းကတော့ လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားလာခြင်းမရှိအောင်၊ စစ်တပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) တွေကို အပစ်အခတ်ရပ်စဲဖို့ ဖေဖော်ဝါရီ ၁၇ ရက်က သတင်းစာ ရှင်းလင်း ပွဲမှာ ပြောဆိုခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/82382
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment