(၁၀၅) မိုင်အနီး မိုင်းခွဲခံရ မှုကြောင့် မန်းမှ မူဆယ်သို့ ကုန်စည် ပို့ဆောင်မှု ရပ်ဆိုင်း


မူဆယ် (၁၀၅) မိုင်အနီးတွင် မိုင်းခွဲခံရမှု ဖြစ်ပွားခဲ့ သောကြောင့် မန္တလေးမှ မူဆယ်သို့ တင်ပို့နေသော ကုန်စည် တင်ပို့မှုများ ရပ်ဆိုင်း ထားပြီး မဖြစ်မနေပို့ ရမည့် ကုန်စည်ကား အနည်းငယ်သာ တင်ပို့တော့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ကုန်တင်ယာဉ်များ အသင်းရုံးမှ ရုံးအုပ်ကြီး ဦးစိုးမြင့်က ပြောသည်။

ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ကုန်ကားတစ်စီး လက်နက်ကိုင် တပ်ဖွဲ့ တစ်စု၏ မိုင်းခွဲ ဖျက်ဆီးခံရခြင်း ဖြစ်ပွားပြီး နောက်တွင် တချို့ ကုန်တင်ကား များမှာ မူဆယ်သို့ တက်ခြင်းအား ရပ်ဆိုင်းခြင်းနှင့် ဈေးပို တက်ယူခြင်း တို့ကြောင့် မိမိတို့ကုန်သည်များ အနေဖြင့် မိမိတို့ ကုန်ပစ္စည်းများ တင်ပို့မှုအား (၈၀)ရာခိုင်နှုန်းခန့် ရပ်နားလိုက်ကြောင်း ဆန်ကုန်သည် အသင်းမှ ကိုမင်းထက်အောင်က ပြောသည်။

စိတ်ချရတဲ့ အပိုင်း ကလည်း နည်းလာတယ်လေ။ ကားသမားတွေဘက် ကလည်း အာမခံချက် ပြည့်ပြည့်၀၀ မပေးနိုင်ဘူး ဖြစ်သွားတယ်။ ကုန်တင်ကားခ ကလည်း နည်းနည်းတက် သွားတယ်။ အဲဒီတော့ နဂိုကမှ ဈေးက မကိုက်တော့ နားထားတာ ကောင်းတယ် ဆိုပြီး နားလိုက်ကြတာပဲ ဟု ၎င်းက ဆက်ပြောသည်။

အဝေးပြေး ကုန်တင်ကားများ အနေဖြင့် မူဆယ်ဘက်သို့ ကုန်စည် တင်ပို့ခြင်း တချို့အား ရပ်ဆိုင်း ထားပြီး ရန်ကုန်ဘက်သို့ တင်ပို့ခြင်းများကို လတ်တလော ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း အဝေးပြေး ကုန်တင်ယာဉ် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ ပဲတွေ ကတော့ တစ်ဝက် လောက်ပို့ဖို့ ရှိတယ်။ အဲဒါတွေက မပို့လို့မှ မရတာ။ အကုန် စီစဉ် ပြီးသားတွေလေ။ ပို့ရမှာ ဆိုတော့ ကားခ ဈေးတက်လည်း ပို့ရတာပေါ့။ ဒါကုန် သွားရင်တော့ နည်းနည်းအေး သွားမယ် ထင်တယ်။ သူတို့ အနေနဲ ကွမ်းလုံဘက်မှာ ဖြစ်နေတာ လက်ခံလို့ရ သေးတယ်။ မူဆယ်လို အေးအေး ဆေးဆေး နေရာမှာလာ ဖြစ်တာ ကတော့ နည်းနည်း လွန်တယ် ထင်တယ်။ စောင့်တော့ ကြည့်ရမှာပေါ့။ ပေါက်ကွဲမှု စိပ်လာရင်တော့ မူဆယ် တင်ပို့မှု လုံးဝ ရပ်သွား မှာပါ ဟု ပဲကုန် စည်ပွဲရုံ ပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် မူဆယ် (၁၀၅)မိုင်၊ ကြူကုတ်-ပန်ဆိုင်း ကားလမ်း ပေါ်တွင် ဖရဲသီး တင်ဆောင် လာသည့် ကုန်ကား တစ်စီးအား လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက် များအား ဆင်းခိုင်း၍ လက်လုပ် မိုင်းထည့်ကာ ဖျက်ဆီးမှု ဖြစ်ပွား ခဲ့ကြောင်း ပန်းဆိုင် ရဲစခန်း ထံမှ သိရသည်။

ကျော်ဝေမင်း
The Messenger Media
http://www.messengerdaily.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment