ဒဂုံတက္ကသိုလ်၌ ကျောင်းသားသပိတ်စစ်ကြောင်းအား ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲ လုပ်ရန် ကျောင်းသားများအား လှည့်ဖြားခေါ်ဆောင်



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတက္ကသိုလ်တွင် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းများအား ကန့်ကွက်သော ငြိမ်းချမ်းစွာ ပညာသင်ကြားရေးနှင့် အေးချမ်းအောင်မြင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ် ရန် ကျောင်းသား ကျောင်းသူများအား ဆရာ၊ ဆရာမများက လှည့်ဖြားခေါ်ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း ဒဂုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ သင်္ချာမေဂျာ ဒုတိယနှစ်ကျောင်းသား ကိုမင်းသုခက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၆)ရက်က ဒဂုံတက္ကသိုလ် ကောင်းညွန့်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဂုဏ်ထူးတန်း တက်နေသူများအား အဓိကထားကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ် ရန် ကောင်းညွန့်ခန်းမသို့ မဖြစ်မနေလာခဲ့ရန်ဟူသော ပုံစံဖြင့် ဆရာဆရာမများက လာရောက် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

““အဲဒီနေ့က ကျောင်းသူ ကျောင်းသားတွေကို ပွဲတစ်ပွဲရှိတယ်။ အဲဒီပွဲကို ကောင်းညွန့်ခန်းမထဲမှာ လုပ်မှာ၊ အဲဒီပွဲကို သွားရမယ်ဆိုပြီးတော့ တစ်ခန်းကို ဘယ်နှယောက် အဲဒီလိုခေါ်တယ်။ တချို့မေဂျာတွေမှာဆိုရင် တစ်ခန်းလုံးနီးပါး ခေါ်တယ်။ ကျောင်းသားတွေက မသိဘူး။ မသိဘဲနဲ့ အဲဒီကို ရောက်သွားတယ်။ ခေါင်းစဉ်တပ် ထားတာက ဆန္ဒဖော်ထုတ်ပွဲ၊ ကျောင်းသားတွေက မေးတော့ ကျောင်းသားတွေ တပ်တာပါလို့ ကျောင်းသား တစ်ယောက်က ပြောတဲ့အခါမှာ အပြန်အလှန် ငြင်းခုံမှုတွေ ဖြစ်သွားတယ်။ ကျောင်းသူ တစ်ယောက်က မေး လိုက်တော့ ကျောင်းသားတွေ အားလုံးက သူတို့တပ်တာ မဟုတ်ဘူးလို့ ပြောတယ်”” ဟုကိုမင်းသုခ က မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရန် ၄ ပွင့်ဆိုင်တွေ့ဆုံမှု၌ ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီတွင် ဒဂုံတက္ကသိုလ်မှ ကျောင်းသား များ ပါဝင်ပြီး ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကိုလည်း ကျောင်းအာဏာပိုင် ပုဂ္ဂိုလ်များက ဖိနှိပ်မှုများရှိ၍ ပြဿနာများ ဖြစ်ပွားခဲ့ဖူးသည်။

““ကျွန်တော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုပြီး လွှတ်လိုက်တာပါ။ သူက နိုင်ငံရေး စကားနဲ့ပြောရင် ကေဒါ မြှုပ်ထားသလိုမျိုးပဲ။ ဆရာ၊ ဆရာမတွေကို ကျောင်းသားတွေကြား ထဲ ရောထည့် ထားတာ။ ဘေးက ပြန်ပတ် ကြည့်တော့မှ ဆရာမတွေကို ဟောပြောပွဲထဲ ထည့်ထားတဲ့ ပုံစံရှိတယ်။ မယောင်မလည်နဲ့ ကျောင်းသားတွေ စီစဉ်တဲ့ပွဲဆိုပြီးတော့ ဆရာ၊ ဆရာမတွေကို တွေ့ရတယ်။ ခေါ်ထည့် ထားတဲ့သူတွေ အကုန်လုံးက ကျောင်းပြီး တော့မယ့် သူတွေချည်းပဲ။ ဒီတော့ ဒီလူတွေကတော့ ကျောင်းပြီးမှာကို လိုလားတယ်။ တန်ပြန်သပိတ်ကို ပါဝင် လိမ့်မယ်ထင်ပြီး ကျွန်တော်တို့ကို ခေါ်သွားတာ”” ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ကုန်ထုတ်ဓာတုဗေဒ စတုတ္တနှစ်ကျောင်းသား ကိုစည်သူ က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ် သင်္ချာပေါမောက္ခ ဒေါက်တာ သိန်းအောင်ထံသို့ ဆက်သွယ် မေးမြန်း ခဲ့ရာ မသိရှိကြောင်း ပြောကြားခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာလှဌေးထံသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

ဇန်န၀ါရီလ (၂၈) ရက်နေ့က ပြုလုပ်ခဲ့သော မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင်လည်း ကျောင်းသား ကိုယ်စား ပြောကြားသည့် ကျောင်းသား ကိုယ်စားလှယ်က အမျိုးသား ပညာရေးဥပဒေနှင့် ပတ်သက် ၍ ပြောကြားခဲ့ချိန်၌ မီးဖြတ်ခံခဲ့ရသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်အတွင်း ဒဂုံတက္ကသိုလ်၏ ကျောင်းသား သမဂ္ဂအဖွဲ့ပိုင် အလံကို ကျောင်းအာဏာပိုင်များ က ဖြုတ်သိမ်းမှုများ ပြုလုပ်ခဲ့သဖြင့် ပါမောက္ခချုပ် ဒေါက်တာ လှဌေးက ကျောင်းသားများအား ဒေါင်းအလံ ပြန် လည် ပေးအပ်ကာ တောင်းပန်ခဲ့ရဖူးသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment