သီတဂူဆရာတော်၏ သပိတ်ရပ်ရန် မေတ္တာရပ်ခံမှု ကျောင်းသားများ လက်မခံ


ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လမ်းလျှောက်ချီတက်နေသည့် ကျောင်းသားများ အနေဖြင့် သပိတ်စစ်ကြောင်းများကို ရပ်နားပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်ကြရန် သီတဂူဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရ၏ မေတ္တာရပ်ခံချက်ကို လက်ခံမည်မဟုတ်ဟု သပိတ်မှောက်ကျောင်းသားများက ဆိုလိုက်သည်။  
ဒီမိုကရေစီပညာရေးလှုပ်ရှားမှူဦး ဆောင်ကော်မတီမှ မဖြိုးဖြိုးအောင်က “ဆရာတော်ကြီးကို လေးစားတာတော့ တစ်ပိုင်းပေါ့။ ဒါက ပညာရေးကိစ္စဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ပညာရေး အတွက် ခိုင်မာတဲ့ အာမခံချက်မရခင်တော့ သပိတ်ကိုရပ်မှာ မဟုတ်ပါဘူး” ဟု မဇ္ဈိမကို ပြောသည်။  
သပိတ်မှောက်ကျောင်းသားများထံ လိပ်မူပြီး ဖေဖော်ဝါရီ ၁၅ရက် ရက်စွဲဖြင့် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ လက်မှတ်ရေးထိုးထားသည့်စာတွင် “မိမိတို့ဆိုင်ရာ အရပ်ဒေသ အသီးသီးရှိ မိဘဆရာသမားတို့၏ ရင်ခွင်သို့ အမြန်ဆုံး ပြန်လည်ခိုဝင်၍ အနာဂတ်တိုင်းပြည်အတွက် ပညာရပ်များကို ဆက်လက်ဆည်းပူး သင်ကြားကြပါရန် အထူးမေတ္တာရပ်ခံလိုက်ပါသည်” ဟု ရေးသားထားသည်။  
ပင်မကျောင်းသားသပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦးက “ရည်ရွယ်ချက်အတိုင်းဆက်သွားမှာပါ။ သပိတ်တွေကို ရပ်ဖို့ပြောမယ့်အစား အစိုးရအနေနဲ့ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ အကြောင်းကြားသင့်ပါတယ်” ဟု တုံ့ပြန်ပြောဆိုသည်။  
၎င်းတို့၏ ရည်ရွယ်ချက်မှာ သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ဝင်ရောက်ရန်ဖြစ်သည်။
သီတဂူဆရာတော်၏ မေတ္တာရပ်ခံစာကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ကလည်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၅ရက် နံနက်ပိုင်းက အသီးသီး ဖော်ပြထားကြသည်။  
မဖြိုးဖြိုးအောင်က “စာကတော့ ကျွန်မတို့လက်ထဲမရောက်သေးပါဘူး။ ညနေတုန်းကတော့ ဆရာတော်တစ်ပါးက စာပို့မလို့ဆိုပြီး ကျွန်မဆီကို ဖုန်းဆက်ပြီး အီးမေးလ်လိပ်စာတောင်းပါတယ်။ ခဏနေတော့ ကျွန်မအီးမေးလ်ကို ပို့ထားတယ်လို့ ပြန်ဆက်လာပါတယ်။ အခုထိတော့ ကျွန်မအီးမေးလ် မဖွင့်ရသေးပါဘူး” ဟု  ဖေဖော်ဝါရီ ၁၅ရက် ညနေ ငါးနာရီခွဲတွင် မဇ္ဈိမကို ပြောသည်။
အဆိုပါ မေတ္တာရပ်ခံစာတွင် “နိုင်ငံတော်အတွင်း အမျိုးမျိုးအဖုံဖုံ ပဋိပက္ခဆူပူလှုပ်ရှားမှုများ၌ သားတို့သမီးတို့သည် ငြိမ်းချမ်းရေး တည်ဆောက်သူများ အနေအားဖြင့် နိုင်ငံတော်ကိုဝိုင်းဝန်းကူညီကြ၍ နိုင်ငံတော်၏လည်းကောင်း၊ သာသနာတော်၏ လည်းကောင်း၊ သားလှရတနာ၊ သမီးလှရတနာများအဖြစ် ဒို့များ အမြဲမြင်ချင်လှပါသည်” ဟု ပါရှိသည်။  
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအပေါ် တွေ့ဆုံသည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသားများ၏ တောင်းဆိုချက်များကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ထည့်သွင်းရန် အစိုးရဘက်က သဘောတူညီခဲ့ပြီးဖြစ်သည်။  
ဖေဖော်ဝါရီ၁၄ရက်က ရန်ကုန်တိုင်းလွှတ်တော်ရုံးတွင် ပြုလုပ်သည့် အဆိုပါ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သပိတ်စစ်ကြောင်းများ ရပ်တန့်ရန် အစိုးရဘက်က တောင်းဆိုသော်လည်း ကျောင်းသားများဘက်ကမူ ၎င်းတို့ တောင်းဆိုထားသည့် အချက်များကို လွှတ်တော်တွင် ဥပဒေအဖြစ် အတည်ပြုပြီးမှသာ သပိတ်စစ်ကြောင်း များကို ရပ်နားရန် ဆန္ဒရှိနေခြင်းကြောင့် သပိတ်ရပ်၊ မရပ်ကို ညှိမရခဲ့ပေ။  
သပိတ်စစ်ကြောင်းများကို ရန်ကုန်သို့ဝင်ရောက်လာခြင်းမရှိစေရန် ဥပဒေအရ ဆောင်ရွက်သွားမည်ဟုလည်း အစိုးရဘက်က ဖေဖော်ဝါရီ ၁၃ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
Source:http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/39031-2015-02-15-12-50-55
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment