`` လောက်ကိုင်တိုက်ပွဲမှ တပ်မတော်သို့ပေးသောသင်ခန်းစာ ´´


ကာကွယ်ရေးဦးစီးချုပ်နှင့် Standard Army သို့
*********************************

ယခုရက်ပိုင်း အတွင်း ဖုန်ကြားရှင် ရဲ့ ကိုးကန့် တိမ်းရှောင်အဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်ရဲ့ လောက်ကိုင် ဒေသ တိုက်ပွဲတွေအကြောင်း လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွေမှာ  ပလူပျံခဲ့ပါတယ်။ ပန်မိုင်ဆွမ်၊ ပန်ကံ့ကော် တိုက်ပွဲတွေအပြီး လူထုထောက်ခံမှုနဲ့ စာနာနားလည်မှုကို မြန်မာ့ တပ်မတော်အနေနဲ့ ပထမဆုံးအကြိမ် ပြန်လည်ရရှိ ခဲ့ပါတယ်။ မြ၀တီသင်တင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ တိုက်ပွဲအစပိုင်းမှာ တပ်မတော်ဘက်က အထိအခိုက်ကျဆုံးမှုတွေ များပြားခဲ့ပါတယ်။ ရန်သူရဲ့ စနစ်တကျလေ့ကျင့် ပြင်ဆင်ထားတဲ့တပ်ဖွဲ့တွေဟာ တိုက်ပွဲမတိုင်မီကတည်းက ကြိုတင်စိမ့်ဝင် အင်အားတည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကစထ(၂)ကစထမှူုး (တပ်တော်မှူးအဆင့်)ကိုယ်တိုင် လားရှိုးမြို့မှာ အခြေပြုပြီး တိုက်ပွဲကိုကွပ်ကဲ ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ Standard Army အဖြစ်တည်ဆောက်မယ်လို့ ကြွေးကြော်ထားတဲ့ တပ်မတော် အတွက် သင်ခန်းစာ ယူစရာတွေ ရှိနေပါတယ်။ ဒီတိုက်ပွဲကို တစ်ချို့က ကျူးကျော်စစ်လို့ပြောကြပေမဲ့ ဒါဟာ နိုင်ငံတစ်ခုရဲ့ အမြဲတမ်း တပ်မတော်နဲ့ တိုက်ခဲ့တဲ့စစ်ပွဲမဟုတ်ပါဘူး။ နောက်ကွယ်က ကူညီထောက်ပံ့မှုတွေ ရှိနိုင်ပေမဲ့ (တစ်ကယ်လည်း ရှိခဲ့ပါတယ်) ဒေသတွင်းဖြစ်တဲ့ ပြည်တွင်းစစ်အသွင်သာ ရှိခဲ့တာပါ။ ယခင်ကလည်း ဒါမျိုးကြုံဖူးနေကျ ဖြစ်ပါတယ်။ ( ဥပမာ။ ကွမ်လုံရက် ၄၀၊ စီစီဝမ်၊ တာပန်)ဖြစ်စဉ် တစ်ခုလုံးပြန်ကြည့်ရင် မေးစရာမေးခွန်းတွေရှိ လာပါတယ်။ ဘာဖြစ်လို့အင်အားထောင်ချီတဲ့ တိုက်ခိုက်ရေးအင်အားစုတွေ စိမ့်ဝင်လာတာကို မသိခဲ့ရတာလည်း ? တိုက်ပွဲအစမှာတောင် ဘာဖြစ်လို့များ ဒီလောက်အကျအဆုံးများခဲ့ရတာ လည်း? ( အလစ်အငိုက် အတိုက်ခံရတယ်ထားဦး၊ မိမိဘက်က ထိခိုက်ကျဆုံးမှုဟာ အခိုင်အမာခံစစ်ဒေသကို တက်ရောက်သိမ်းပိုက်တာ ထက်တောင် များပြားခဲ့ပါတယ်) ဒေသတွင်းဖြစ်တဲ့ ကန့်သက်စစ်ပွဲကို ကစထမှူး (တပ်တော်မှူး)အဆင့် က ဆင်းပြီး ကွပ်ကဲဖို့ လိုရဲ့လား ? (ကွမ်လုံရက်၄၀မှာ ကွပ်ကဲခဲ့သူဟာ ဗိုလ်မှူးကြီး ထွန်းရီ စစ်ဗျူဟာမှူး (တပ်မဟာမှူး)အဆင့်သာ ဖြစ်ပါသည်) ဒီမေးခွန်းတွေအပေါ် မြန်မာ့တပ်မတော်အနေနဲ့ အမြန်ဆုံး အဖြေရှာသုံးသပ် ပြင်ဆင့်သင့်ပြီလို့ ထင်ပါတယ်။

သတင်းရယူတာအားနည်းခဲ့တယ်
=======================

ယခင်ထောက်လှန်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွန်တော့ သူငယ်ချင်းတွေရဲ့ တညီတညာတည်း သုံးသပ်ချက်ကတော့ ``သတင်းရယူမှု ဒီလောက်ကြီးအားမနည်းသင့်ဘူး၊ တိုက်ပွဲမဖြစ်ခင် တစ်လလောက် အလိုတည်းက ဖုန်ကြားရှင် ပြန်ဝင်လာမယ်ဆိုတာ တရုတ်သတင်းစာတွေမှာ ဖော်ပြခဲ့ပြီးသားပဲ၊ သတင်းတပ်ဖွဲ့ တွေဟာ ဒီနယ်မြေနဲ့ နယ်ခြားကို စောင့်ကြည့်နေရမယ်။ တစ်ဘက်နိုင်ငံထဲကို ထိုးဖောက်သတင်းယူ နိုင်ရမယ်´´ လို့ သုံးသပ်ပြပါတယ်။ ဖျက်သိမ်းလိုက်တဲ့ ထောက်လှမ်းရေးတပ်ဖွဲ့နေရာမှာ စရဖ အဖွဲ့တွေကို အစားထိုးတာဝန်ပေးခဲ့ပေမဲ့ သူ့တို့မှာလိုအပ်ချက်တွေ၊ အားနည်းချက်တွေ များစွာရှိနေခဲ့ပါတယ်။ ယခင် ထောက်လှန်းရေးအဖွဲ့တည်ဆောက်ထားခဲ့တဲ့ သတင်းကွန်ယက်ဟာ သူတို့နဲ့အတူ ပျက်စီးပျောက်ကွယ်သွားခဲ့ တာကို သတိမထားမိကြပါဘူး။ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့တွေကို စွမ်းရည်မြှင့်တင်ပြီး ပျက်စီးသွားတဲ့ သတင်းကွန်ယက်ကို ပြန်လည်တည်ဆောက်ဖို့ လိုနေပါပြီ။ ဆန္ဒပြသူတွေနောက် တစ်ကောက်ကောက်လိုက်၊ ဓါတ်ပုံရိုက်၊ သတင်းယူဆိုတာလောက်နဲ့တော့ နိုင်ငံတော်ကာကွယ်ရေးအတွက် အားထားရတဲ့ တပ်ဖွဲ့မဖြစ်နိုင် ပါဘူး။

တပ်မတော်လေ့ကျင့်ရေးကိုပြန်လည်သုံးသပ်သင့်ပြီ
===================================

အထက်မှာပြောခဲ့သလို တိုက်ပွဲအစမှာဘဲ မိမိဘက်က ထိခိုက်ကျဆုံးမှုတွေများပြားခဲ့တယ်။ ဒီတိုက်ပွဲမတိုင်ခင် ကလည်း ရန်သူနဲ့ ထိတွေမှုဖြစ်စဉ်တွေမှာ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့တဲ့ဖြစ်စဉ်တွေ အများအပြားရှိခဲ့ပါတယ်။ တပ်မတော်အစိုးရကို အစဉ်တစ်စိုက် ဆန့်ကျင်ရေးသားလေ့ရှိတဲ့ (ဘာထီးလစ်တနာ)ဟာ ၁၉၈၆  ခုနှစ်မှာ ဖြစ်ခဲ့တဲ့ စီစီဝမ်တာပန်တိုက်ပွဲမှာ ဗကပ နယ်မြေအတွင်းရောက်ရှိနေခဲ့ပြီး မြန်မာတပ်မတော်ရဲ့ တိုက်စွမ်းရည်နဲ့ စစ်နည်းဗျူဟာကျွမ်းကျင်မှုဟာ အင်မတန်လေးစားစရာကောင်းတဲ့အကြောင်း `ကျောက်စိမ်းမြေ´ စာအုပ်ထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။ တပ်မတော်အနေနဲ့ Standard Army ကိုမသွားခင် ယခင်ပိုင်ဆိုင်ခဲ့ဘူးတဲ့ တိုက်စွမ်းရည်ပြန်ရအောင် သွားဖို့လိုနေပါပြီ။ ကျွန်တော့်အမြင်ကတော့ အရပ်ဖက်ပညာရေးရဲ့ စာမေးပွဲ အောင်ဖို့ အဓိက၊ အလွတ်ကျက်၊ အလွတ်ဖြေ အောင်လျှင်ပြီးပြီဆိုတဲ့ စနစ်ဟာ စစ်တပ်လေ့ကျင့်ရေး ကိုလည်း ကူးစက်ခဲ့တာကြာပါပြီ (အထူးသဖြင့် အရာရှိအဆင့်ဆင့် သင်တန်းများ)။ တပ်မတ်ာလေ့ကျင့်ရေးတွေရဲ့ သဘောသဘာဝဟာ Second Nature ဖြစ်တဲ့အထိ လေ့ကျင့်ပေးရတာဖြစ်ပါတယ်။ သင်တန်းကပေး လိုက်တဲ့ သင်ခန်းစာတွေ ဟာ လက်တွေ့နယ်ပယ်မှာပါ အသုံးချနိုင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အဲ့ဒီကတစ်ဆင့် အရိုးထဲထိစွဲနေပြီး တာဝန်ပြင်ပ နေထိုင်မှုပုံစံမှာပါ ခေါက်ရိုးကြိုးနေရမှာဖြစ်ပါတယ်။ (အရင်စစ်သားဟောင်းကြီးတွေရဲ့ နေထိုင်မှုပုံစံမှာ တွေ့နိုင်ပါတယ်)။ အခြေခံအရ တပ်သားသစ်သင်တန်းမှာ ပေးလိုက်တဲ့ ကိုယ်စီ(၁၈)ပိုဒ်ကို သင်တန်းဆင်းသွားတဲ့ ရဲဘော်တွေဟာ တစ်ကယ်ရောနားလည်ရဲ့လား၊ ဘယ်နေရာမှာ ဘယ်လိုအသုံးချရမယ် ဆိုတာသိရဲ့လား၊ လက်နက်ငယ်ကျွမ်းကျင်မှုနဲ့ ပတ်သက်လို့ရော တိုက်ခိုက်ရေးတပ်ရင်းတွေမှာ ထိထိ ရောက်ရောက် လေ့ကျင့်နိုင်ရဲ့လား။ လေ့ကျင့်ရေးတပ်တွေရဲ့ သင်ကြားမှုစနစ်ကို ပြန်လည်သုံးသပ်ပြင်ဆင်သင့် ပြီလို့ထင်ပါတယ်။ `အလှမ်းကျယ်အလယ်လပ်´ ဆိုသလို စာတွေအကြီးကြီး သင်နေတာထက် Principle ကို Second Nature ဖြစ်တဲ့အထိ လေ့ကျင့်ဖို့လိုပါတယ်။ စစ်မှုထမ်းဘ၀ဟာ Professional ဘ၀ဖြစ်ပါ တယ်။  အဆင့်နဲ့လျော်ညီတဲ့ စစ်ပညာကို ဆရာအဆင့်ထိအားလုံး တက်မြောက်ဖို့လိုပါတယ်။ Standard Army ကိုသွားမယ်ဆိုရင် ဒီလိုလုပ်လို့ မရပါဘူး။ တပ်မကြီးအဆင့်ဟာ နိုင်ငံရပ်ခြားထိ သွားရောက်စစ်ဆင်နိုင် အောင် အတောင်အလက်တွေ တပ်ဆင်ပေးထားတဲ့ တပ်ဖွဲ့ဖြစ်မှ ရပါမယ်။

ဗဟိုကချုပ်ကိုင်မှုများလွန်းသောစီမံခန့်ခွဲမှုများ
================================

ကျွန်တော်တို့ တပ်မတော်ရဲ့ အဓိကပြဿနာက ကက(ကြည်း)ဆိုသော ဌာနက အကုန်လုံးကို သိပြီးရင်းသိချင် နေတာ ဖြစ်ပါတယ်။ သိရုံတင် ကိစ္စမဟုတ်။ ဆုံးဖြတ်ချက်နဲ့ အမိန့်ကိုပါ ရုံးပေါ်က ထိုင်ပေးနေခြင်းပင်။ လေ့ကျင့်ရေး ကျည်(ခဲယမ်း)တင်ပြတောင်းခံရာမှာတောင် ( ကြည်း၊ နက်၊ ကျင့်၊) စနစ်တွေနဲ့ ရှုပ်ထွေးလို့နေပါ သေးတယ်။ စစ်မြေပြင်သုံးဂျာကင်ကိုတောင် တိုင်းမှူး အမိန့်နဲ့ ထုတ်ပေးလို့မရ။  တစ်ကယ်ဆို တိုင်းမှူးအဆင့် လောက်က ခွင့်ပြုနိုင်အောင် ဆောင်ရွက်ထားသင့်တယ်လို့ ထင်ပါတယ်။ ထစ်ခနဲ့ရှိ တပ်ရွေ့တာ၊ စက်သုံးဆီ၊ မော်တော်ယာဉ်မှအစ ဘယ်လိုမှအလုပ်မဖြစ်တော့ပါဘူး။ ဒါတွေဟာ အခြေခံအကျဆုံးကို ဥပမာပေးခြင်းသာ ဖြစ်ပါတယ်။ လောက်ကိုင်တိုက်ပွဲဧရိယာ ရန်သူ့တပ်ဖြန့်ခွဲမှုအရ လွန်ရောကျွန်ရော တိုင်းမှူးပေါ့ (ဒါတော်တော် များသွားပါပြီ) တိုင်းမှူးအဆင့်က မိမိကွပ်ကဲမှုအောက် တပ်ရင်း(၁)ရင်းကို ရွေ့ပြောင်းဖို့ ကြည်းအမိန့်မရဘဲ မရွေ့ပြောင်းနိုင်တဲ့ အခြေအနေပါ။ အခုလို တော်ရုံတန်ရုံမဟုတ် တိုက်ပွဲပြင်းထန်လာပြီဆိုတာနဲ့ ကစထမှူးတွေ ဆင်းဆင်း ပြီးကွပ်နေရတော့တာပါပဲ။ စစ်၏အခြခံသဘောတရားမှာ `လက်အောက်သို့အာဏာဖြန့်ဝေခြင်း´ ဆိုတာ ပါဝင်ပါတယ်။ ဘယ်လောက်ထိ အာဏာဖြန့်ဝေထားမလဲဆိုတာ သုံးသပ်ဆုံးဖြတ်သင့်ပါတယ်။ အခုလိုသာ ကန့်သတ်စစ်ပွဲတွေကအစ  တပ်တော်မှူးကြီးတွေကိုယ်တိုင် ဆင်းဆင်းပြီး ကွပ်ကဲနေရင် တပ်မမှူးတွေ၊ တပ်မကြီးမှူး(တိုင်းမှူး)တွေက ချေမှုန်းရေးရိုင်ဖယ်ကိုင်ကာ ကတုတ်ကျင်းသို့ ဆင်းဖို့သာရှိ ပါတော့တယ်။ ဒီ့အတွက် သူ့အဆင့်နဲ့သူ သူ့အိုးသူ့ဆန် ကွပ်ကဲတိုက်ပွဲဝင်နိုင်ရေး ဗဟိုချုပ်ကိုင်မှုများလွန်းတဲ့ စီမံခန့်ခွဲမှုစနစ်ကိုလည်း သုံးသပ်ပြင်ဆင်သင့်ပါပြီ။
ဒီလိုမှမဟုတ်ခဲ့ရင်တော့ တိုင်းပြည်အတွက် အသက်မပေးသင့်ပါပဲ

အသက်ပေးလှူသွားသူ အရာရှိ/စစ်သည်/ ရဲမေ တွေအတွက် ရင်နာစွာဖြင့် ဂုဏ်ပြုပြီးရင်း ဂုဏ်ပြုနေရပါလိမ့်ဦးမယ်။

တပ်မတော်သားတစ်ဦး

BY THIT HTOO LWIN
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment