အချစ် ဘယ်တော့မှ မသိမ်ငယ်ပါ


ဇန်နဝါရီလရဲ့Seattleမြို့က နှင်းတွေနဲ့ဖုံးလွှမ်းထားပါတယ်။ ဒီနှစ်ဆောင်းရာသီက ဂျူလီယာအတွက်တော့ ပိုအေးစက်ပြီး ပိုရှည်လျားနေသလိုပါပဲ။

သောကြာနေ့ညမှာ ရုံးစာရေးမတစ်ဦးဖြစ်တဲ့ ဂျူလီယာဟာ ခါတိုင်းလိုပဲရုံးဆင်းပြီး အိမ်ပြန်ဖို့ ခင်ပွန်းအကြိုကို စောင့်နေခဲ့ပါတယ်။ ရုံးပိတ်ရက်မှာ အသက်၇နှစ်အရွယ်ရှိပြီဖြစ်တဲ့ သားဘီလီကို နှင်းလျောသွားစီးဖို့ ဂျူလီယာကတိပေးထားတာမို့ အထုပ်အထည်ပြင်ဆင်ဖို့ အိမ်ကို သူအမြန်ပြန်ရပါမယ်။ တစ်ဆက်တည်းမှာပဲ ခင်ပွန်းလာကြိုတဲ့အခါ အပြန်လမ်းကစူပါမားကက်မှာ စားစရာဝင်ဝယ်သွားဖို့ကိုလည်း သူစိတ်ကူးထားပါတယ်။ သူ့ခေါင်းထဲမှာ ဘီလီရဲ့အပြစ်ကင်းနူးညံ့တဲ့မျက်နှာကို မြင်ယောင်မိပြီး မျက်နှာပေါ်မှာ ပြုံးရိပ်သမ်းသွားပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးရယ်၊ ကြင်နာတတ်တဲ့ခင်ပွန်းရယ်ကြောင့် သူ့ဘဝဟာ ပျော်ရွှင်ချမ်းမြေ့နေခဲ့ပါတယ်။

နာရီလက်တံက ၆နာရီခွဲကို ညွှန်ပြနေခဲ့ပါပြီ။ ပြတင်းပေါက်အပြင်မှာ အမှောင်ထုတွေကြီးစိုးလာခဲ့ပြီ။ ခင်ပွန်းဖြစ်သူက ရောက်မလာသေးဘူး။ ဂျူလီယာစိတ်ညစ်နေတုန်းမှာ ရုံးစားပွဲပေါ်ကဖုန်း ရုတ်တရက်မြည်လာခဲ့ပါတယ်။

“မစ္စစ်Cook လာခင်ဗျား.. ကျွန်တော်တို့ ဗဟိုရဲစခန်းကပါ။ လွန်ခဲ့တဲ့ နာရီဝက်ခန့်က ခင်ဗျားရဲ့ခင်ပွန်း Roy Cook မောင်းတဲ့ကား နှင်းတောထဲမှာလမ်းချော်ပြီး တိမ်းမှောက်ခဲ့ပါတယ်။ ကျေးဇူးပြုပြီး ခင်ဗျား.…”

ဂျူလီယာရဲ့မျက်လုံးတွေပြာဝေပြီး ရုံးစားပွဲပေါ်မှောက်သွားခဲ့ပါတယ်။
သားဘီလီကို ဘယ်လိုရင်ဆိုင်ရမှန်း ဂျူလီယာမတွေးတတ်ခဲ့ဘူး။ မျက်ဝန်းပြာပြာ ချစ်စရာ့သားလေးကို ကြေကွဲစရာဒီအဖြစ်အပျက်အကြောင်း ဘယ်လိုရှင်းပြရမှန်း မသိခဲ့ဘူး။ ၇နှစ်အရွယ်ဘီလီအတွက် လင်းလက်တောက်ပတဲ့လောကကြီးရဲ့တံခါးချပ်က အခုမှစဖွင့်စပါ။ သူရဲ့နုနုယ်သေးငယ်နေသေးတဲ့ စိတ်နှလုံးက ဒီရက်စက်တဲ့အဖြစ်အပျက်ကို ဘယ်လိုလက်ခံနိုင်ဦးမလဲ။

“မေမေ… ဖေဖေ ဘယ်ရောက်သွားသလဲဟင်..” ဘီလီက နားမလည်စွာနဲ့ မိခင်ကိုကြည့်ပြီးမေးတယ်။

“သားရဲ့ဖေဖေ.. အင်း… မေမေတို့နဲ့ သူခဏလောက်ခွဲသွားတယ် သား။ တခြားကမ္ဘာတစ်ခုကို သူသွားလိုက်ပြီ။ ဒါပေမယ့် အရင်ကလိုပဲ ဘဝကို မေမေတို့အတူတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်”
ဂျူလီယာက မျက်ရည်တွေကိုထိန်းချုပ်ရင်း အပြုံးနဲ့ပြန်ဖြေတယ်။

“ဖေဖေက ဘယ်နေရာကိုသွားလိုက်သလဲဟင်… သူ့ကို သားသွားရှာလို့ ရသလား မေမေ” ဘီလီက အပြစ်ကင်းကင်းနဲ့မေးတယ်။

“အဲဒီနေရာကို ကောင်းကင်ဘုံလို့ခေါ်တယ်။ အဲဒီနေရာမှာ ပန်းခင်းတွေ၊ နေရောင်တွေနဲ့ လှပတယ်။ သားဖေဖေက အဲဒီမှာ အိန်ဂျယ်ဖြစ်နေပါတယ်။ သူဟာ နေရာအနှံ့ လွတ်လွတ်လပ်လပ် သွားလို့ရတယ်။ သားက သူ့ကိုသတိရရင် သူကသားရဲ့အိပ်မက်ထဲ ပျံသန်းလာပြီး သားနဲ့အတူဆော့ကစားလိမ့်မယ်”

“ဟုတ်လား မေမေ.. ဒါဆို ဖေဖေက တန်ခိုးရှိပြီပေါ့။ သားရဲ့လိုအင်ဆန္ဒတွေကို သူဖြည့်ဆည်းပေးနိုင်မှာလား မေမေ”

“အင်းပေါ့…” ဂျူလီယာက ဘီလီရဲ့ရွှေဝါရောင်ဆံနွှယ်တွေကို ပွတ်သပ်ရင်းဖြေတယ်။

“အိန်ဂျယ်ရောက်တဲ့နေရာတွေမှာ ကောင်းကင်က သက်တန့်ထွက်လာတတ်တယ်၊ မြေပြင်က ပန်းတွေပွင့်လာတတ်တယ်၊ ငှက်ကလေးတွေ တောအုပ်ထဲမှာ တေးသီတတ်တယ်၊ လူတွေက လင်းလက်တဲ့နေရောင်လို ပျော်ရွှင်ကြည်နူးခံစားရတတ်တယ်။ သား ဘီလီ.. သားသိထားရမှာက မိသားစုသံယောဇဉ်ဆိုတာ အချိန်ကြောင့်၊ အကွာအဝေးကြောင့် ပြောင်းလဲသွားတတ်တာမဟုတ်ဘူး။ ဘယ်အချိန်အခါမှာပဲဖြစ်ဖြစ် သားဟာ ဖေဖေရဲ့သားပါပဲ။ ပြီးတော့ အိန်ဂျယ်ရဲ့ သားလေးလည်းဖြစ်တယ်။”

“တကယ်လား မေမေ… အိန်ဂျယ်ရဲ့သားဖြစ်ရတဲ့အတွက် သားဝမ်းသာတယ်မေမေ”

ဘီလီက မျက်နှာလေးမော့ပြီး မေမေ့ကိုကြည့်လိုက်တယ်။ သူ့မျက်နှာပေါ်မှာ အပြစ်ကင်းစင်တဲ့အပြုံးတွေ ထင်ဟပ်လို့နေခဲ့ပါတယ်။

လင်ယောက်ျားသေဆုံးခဲ့လို့ ဂျူလီယာက ဝမ်းနည်းကြေကွဲခြင်းထဲကနေ ချက်ချင်းရုန်းမထွက်နိုင်ခဲ့သေးဘူး။ အိမ်မှာရှိတဲ့အရာဝတ္ထုတစ်ခုတိုင်းက သူ့အတွက် လွမ်းဆွတ်စရာတွေဖြစ်နေခဲ့တယ်။ ဟို အပြာရောင်ပန်းအိုးလေးက သူ့မွေးနေ့မှာ Roy လက်ဆောင်ပေးခဲ့တာ၊ နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့မှာ Royလက်ဆောင်ပေးတတ်တဲ့ နှင်းဆီပန်းတွေကို အဲဒီပန်းအိုးထဲမှာပဲ သူထိုးခဲ့တာ၊ ပြီးတော့ ဘီလီရဲ့ထိုင်ခုံငယ်လေး.. ဒါဟာလည်း Roy အလုပ်အားရက်မှာ လုပ်ပေးခဲ့တာ။ အိမ်ထဲက လေထုထဲမှာ Royရဲ့အနံ့အသက်တွေ လွင့်ပျံ့နေတုန်းပါပဲ။

စိတ်လက်ဖြေဖျောက်ဖို့ ပတ်ဝန်းကျင်တစ်ခုပြောင်းမယ်လို့ ဂျူလီယာမျှော်လင့်မိတယ်။ ဒါမှ သားလေးကို သူကောင်းကောင်း ပိုဂရိုစိုက်နိုင်မှာဖြစ်တယ်။ ၁ဝရက်နေပြီးတဲ့နောက် ဂျူလီယာဟာ ဘီလီနဲ့အတူ မြို့မြောက်ပိုင်းက နှစ်ထပ်အိမ်လေးတစ်လုံးဆီ
ပြောင်းရွေ့လာခဲ့ပြီး သူတို့ရဲ့ဘဝသစ်ကို စတင်ခဲ့ပါတယ်။

တစ်နေ့မှာ ဘီလီဟာ ချွေးတလုံးလုံးနဲ့ ကစားရာမှ အိမ်ထဲပြေးဝင်လာပါတယ်။ အိမ်ထဲမှာ မိခင်ရဲ့အရိပ်အယောင်ကို သူမတွေ့ခဲ့ပါဘူး။ ဒါပေမယ့် အိမ်ပေါ်ထပ်ကနေ မိခင်ရဲ့ငိုရှိုက်သံသဲ့သဲ့ကို သူကြားလိုက်မိပါတယ်။ ဘီလီယာအပေါ်ထပ်တက်ပြီး တံခါးကို ဖြည်းဖြည်းချင်းတွန်းဖွင့်ကြည့်လိုက်တော့ မိခင်က နောက်ကျောပေးအနေအထားနဲ့ စာကြည့်စားပွဲရှေ့မှာထိုင်ပြီး ဖခင်ရဲ့ဓာတ်ပုံကိုကြည့်ရင်း ငိုနေတာကို သူတွေ့လိုက်မိပါတယ်။

“မေမေ … ဘာဖြစ်လို့ ငိုနေတာလဲ” လို့ ဘီလီက အသံတိုးတိုးနဲ့ မေးပါတယ်။ ဂျူလီယာက မျက်ရည်ကိုကပျာကယာ သုတ်ရင်း
“သား ဖေဖေကို မေမေ သတိရမိလို့ပါ” လို့ ဖြေပါတယ်။

“မေမေ… ဖေဖေ့ကိုလွမ်းတာနဲ့ ဖေဖေက သားတို့အနားပျံလာတတ်တယ်လို့ မေမေပြောဖူးတယ် မဟုတ်လား”

ဘီလီရဲ့အမေးကို ဂျူလီယာပြန်မဖြေဘဲ ဘီလီရဲ့မျက်နှာလေးကို နမ်းရှုံ့ပြီး “သား… အပြင်မှာ သွားကစားနော်.. မေမေ တစ်ယောက်တည်း ခဏလောက်နေချင်လို့” လို့ ပြောလိုက်တယ်။

ဘီလီ စိတ်ပျက်လက်ပျက်နဲ့ အိမ်အောက်ထပ်ဆင်းလာခဲ့တယ်။ အပြင်မှာ ကောင်းကင်တစ်ခွင်လုံး အုံမှိုင်းနေပါတယ်။ မကြာခင် နှင်းကျပါတော့မယ်။

ခြံထောင့်မှာ သစ်သားလှေကားတစ်ခုရှိတာကို ဘီလီရုတ်တရက်တွေ့လိုက်မိတယ်။ လှေကားပေါ်ကနေ တစ်ဘက်ခြံကို တွေ့နိုင်မယ်လို့ သူထင်တယ်။ လှေကားပေါ် ဘီလီတက်သွားပါတယ်။ တိုက်ဆိုင်စွာပဲ တစ်ဘက်ခြံက အဘိုးအိုတစ်ဦးဟာ ခြံအလယ်က ဥယျာဉ်အိမ်ထဲကနေ ထွက်လာနဲ့ကြုံလိုက်တယ်။ အဘိုးအိုခေါင်းမော့ကြည့်လိုက်တာနဲ့ ခြံစည်းရိုးပေါ်က ဘီလီကိုတွေ့သွားပြီး အပြုံးနဲ့ လှမ်းနှုတ်ဆက်လိုက်ပါတယ်။

“ဟေ့.. ခြံစည်းရိုးပေါ်က ကောင်လေး… မင်း ဘယ်အိမ်က ကလေးလဲကွ”

“ကျွန်တော် ဘီလီလို့ခေါ်ပါတယ်။ ဒီဘက်အိမ်မှာနေပါတယ်.. ကျွန်တော်နဲ့ ကျွန်တော့်မေမေ အခုမှပြောင်းလာတာပါ”

“စည်းရိုးပေါ် မင်းဘာတက်လုပ်တာလဲ”

“မှန်နဲ့ကာထားတဲ့ဥယျာဉ်ထဲမှာ ဘာတွေစိုက်ထားသလဲလို့ ကျွန်တော်ကြည့်ကြည့်တာပါ” ဘီလီက ခြံအလယ်က ဥယျာဉ်အိမ်ကိုထိုးပြပြီး ဆိုတယ်။

“ဟား…ဟား… အထဲမှာ ပန်းမျိုးစုံစိုက်ထားပါတယ်။ နှင်းဆီနီလည်း ရှိတယ်” အဘိုးအိုက တဟားဟားရယ်ရင်း ပြောပါတယ်။

“ကျွန်တော့်မေမေက ပန်းအရမ်းကြိုက်တယ်။ အရင့်အိမ်မှာ ကျွန်တော်တို့ ပန်းအများကြီးစိုက်ခဲ့ပါတယ်”

“ပန်းတစ်ပွင့်လောက်ခူးပြီး မင်းမေမေကို လက်ဆောင်ပေးမလား၊ လီလီပန်းတွေက ဖြူစင်ပြီး သိမ်မွေ့တယ်၊ ခရမ်းရောင်ပန်းလေးတွေက ထာဝရအလှတရားကို ကိုယ်စားပြုတယ်၊ စမုန်ဖြူတွေက တက်ကြွခြင်းကို ကိုယ်စားပြုတယ်၊ ရှားစောင်းပန်းတွေက နွေးထွေးခြင်းကို ကိုယ်စားပြုတယ်၊ နှင်းဆီနီတွေက….”

“ဒါကို ကျွန်တော်သိတယ်.. နှင်းဆီနီက အချစ်ကိုကိုယ်စားပြုတယ်။ ချစ်သူများနေ့တိုင်းမှာ ဖေဖေက မေမေ့ကို နှင်းဆီပန်းတစ်စည်း လက်ဆောင်ပေးတတ်တယ်။ ပန်းစည်းရတဲ့မေမေ့ရဲ့အပြုံးက နှင်းဆီပန်းလိုပဲ လန်းဆန်းလှပလို့နေပါတယ်”

အဘိုးအိုက ခေါင်းတဆတ်ဆတ်ညိတ်ရင်း “မနက်ဖြန်ဘဲ ချစ်သူများနေ့ရောက်ပြီလေ။ အဘိုးရဲ့နှင်းဆီပန်းတွေက ချစ်ကြသူတွေအတွက်ပေါ့။ မင်းသိလား… နှင်းဆီနီတွေမှာ တခြားပန်းတွေနဲ့မတူတဲ့ နဂိုမွေးရာပါ ဆွဲဆောင်မှုရှိတယ်။ နှင်းဆီနီက ရိုးရိုးသာမန်နှလုံးသားတစ်စုံကိုတောင် အချစ်ရဲ့ဆွဲဆောင်ကြည်နူးမှုတွေနဲ့ ပြည့်နှက်ခံစားစေတယ်။ နှင်းဆီနီရဲ့ရှေ့မှာ သာမန်မိန်းကလေးတစ်ယောက်ကို တခဏချင်း စင်ဒရဲလားဖြစ်သွားစေတယ်”

“ဒါပေမယ့် မနက်ဖြန်မှာ ကျွန်တော့်မေမေ နှင်းဆီပန်းတွေမရမှာကို ကျွန်တော်စိုးရိမ်တယ်။ ကျွန်တော့်ဖေဖေ အိမ်မပြန်တာ တော်တော်ကြာနေပါပြီ။ ဖေဖေက အိန်ဂျယ်လ်ဖြစ်သွားပြီလို့ မေမေကပြောတယ်။ ကောင်းကင်ဘုံမှာ သူနေပါတယ်။ ကျွန်တော်တို့ ဖေဖေကို အရမ်းသတိရပါတယ်”

အဘိုးအိုက ကောင်လေးမေမေပြောတဲ့ အဖြူရောင်မုသားကိုနားထောင်ပြီး ကောင်လေးကို ကရုဏာဖြစ်မိတယ်။

“ပြီးတော့… ခုနားက မေမေငိုနေတာကို ကျွန်တော်တွေ့မိတယ်။ မေမေ့လက်ထဲမှာ ဖေဖေ့ဓာတ်ပုံကို ကိုင်ထားတယ်။ မေမေကြည့်ရတာ လုံးလုံးပျော်ရွှင်မလာနိုင်တော့ဘူး”

“အော် .. ဒီလိုလား.. ကလေး.. မင်းနည်းနည်းကြီးလာတဲ့အခါ မင်းမေမေရဲ့စိတ်စေတနာကို မင်းနားလည်လာမှာပါ။ အခုချိန်မှာ သူအမြင်ချင်ဆုံးက မင်းပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာတာကိုပါပဲ”

“သားလုပ်နိုင်မယ်လို့ သားထင်ပါတယ်၊ အိမ်မှာဖေဖေမရှိဘူးဆိုတော့ သားက အိမ်မှာယောက်ျားသားပေါ့။ တကယ်လို့ မနက်ဖြန်မှာ ဖေဖေပေးမယ့်နှင်းဆီပန်းကို
မေမေသာရခဲ့ရင် အရင်လိုပဲ သူပျော်ရွှင်လာနိုင်မှာပါ။ ဒါပေမယ့်….”

“မင်းမှာ နည်းလမ်းရှိမယ်လို့ အဘိုးထင်တယ်… မင်းက ယောက်ျားသားပါ”
အဘိုးအိုက ဘီလီကို မျက်စိမှိတ်ပြပြီး ပြောပါတယ်.. “လိုအပ်ရင် ဒီဥယျာဉ်မှူးကြီးက ကူဖို့ အသင့်ပါ”

ငွေရောင်နှင်းပွင့်တွေ ကောင်းကင်ပြင်က ကြွေကျလာခဲ့ပါပြီ။ မြေပြင်ပေါ်မှာ နှင်းတွေတဖြည်းဖြည်းစုပုံလာခဲ့ပါတယ်။ တစ်ညလုံး နှင်းတွေကျပြီးနောက် မနက်ခင်းမှာ နှင်းအကျရပ်သွားပါတယ်။ ရွှေအိုရောင် နေရောင်ခြည်တွေ ဂျူလီယာရဲ့အိပ်ခန်းထဲ တိုးဝင်လာခဲ့ပါတယ်။

“မေမေ.. မေမေ.. ထ.. ထ.. မြန်မြန်ထ”

ဘီလီက သူ့အသံသေးလေးနဲ့ အိပ်မောကျနေတဲ့ ဂျူလီယာကို အတင်းနိုးလိုက်တယ်။

“အိုး.. ဖေဖေ နှင်းဆီပန်းတွေ ပို့လာပြီ မေမေ.. ကြည့်ပါဦး မေမေ” ဘီလီက မိခင်ကို ပြတင်းပေါက်နား အတင်းဆွဲခေါ်သွားတယ်။ ပြတင်းပေါက်အပြင်ဖက်ကို ဂျူလီယာငုံ့ကြည့်လိုက်တယ်။ မျက်စိရှေ့ကမြင်ကွင်းကိုတွေ့လိုက်တဲ့တခဏ အသက်ရှုဖို့ သူမေ့သွားခဲ့တယ်။ ခြံဝင်းတစ်ခုလုံး နှင်းဖြူဖြူတွေဖုံးလို့၊
နှင်းတွေဖုံးနေတဲ့ မြက်ခင်းပြင်တစ်နေရာမှာ LOVEဆိုတဲ့ အနီရောင်စာလုံးတစ်လုံးက နေရောင်အောက်မှာ လက်လက်ထနေခဲ့တယ်။ စာလုံးကိုသေချာကြည့်လိုက်တော့ နှင်းဆီပန်းနီနီတွေနဲ့ ပုံဖော်ထားတာကို ဂျူလီယာတွေ့လိုက်ပါတယ်။

“ဟော… မေမေ .. ချစ်သူများနေ့မှာ ပျော်ရွှင်ပါစေလို့ ဖေဖေပြောတဲ့အသံကို သားကြားလိုက်တယ်”

ဂျူလီယာက သားကိုတအံ့တသြကြည့်ပြီး “ဘီလီ… ဒါမဖြစ်နိုင်ဘူး.. သား ဖေဖေက…..”

“ဟုတ်တယ် မေမေ.. တကယ်ပါ။ အိန်ဂျယ်လာသွားတယ်.. အာ.. မဟုတ်ဘူး.. ဖေဖေလာသွားတယ်။ သူဖြတ်သွားတဲ့လမ်းမှာ ညတွင်းချင်း ပန်းလှလှလေးတွေ ပေါက်လာတတ်တယ်လို့ မေမေပြောဖူးတယ်လေ။ မေမေကို နှစ်တိုင်း သူနှင်းဆီပန်းလက်ဆောင်ပေးမယ်လို့ သားအိပ်မက်ထဲမှာ သားကြားလိုက်တယ် မေမေ။ မေမေ့မျက်နှာပေါ်မှာ အပြုံးတွေ အမြဲချိတ်ဆွဲထားနိုင်ဖို့ မျှော်လင့်ပါတယ် မေမေ”

ဂျူလီယာဟာ ဘီလီကိုသေချာသတိထားကြည့်မိလိုက်တယ်။ ဘီလီရဲ့ဖိနပ်မှာ ရွံ့တချို့ကပ်နေတာ၊ ဘောင်းဘီနဲ့ အင်္ကျီလက်မောင်းတွေ စိုရွဲနေတာကို သူတွေ့လိုက်မိတယ်။ ညက ယောက်ျားသားလေးတစ်ယောက် နှင်းကျတာကိုမမူဘဲ သူ့မိခင်အတွက် နှင်းဆီနီတစ်ခင်း ခြံအပြည့်စိုက်ပေးခဲ့တာဖြစ်ပါတယ်။

“ကျေးဇူးပါ သားရယ်”

“မဟုတ်ဘူး မေမေ.. မေမေ့အတွက် အိန်ဂျယ်ပို့လိုက်တဲ့ လက်ဆောင်ပါ” ဘီလီရဲ့မျက်နှာက နီစွေးနေခဲ့ပါတယ်။

“သား.. မေမေရဲ့သား.. သားဟာ အိန်ဂျယ်က မေမေ့ကိုပေးခဲ့တဲ့ အကောင်းဆုံးလက်ဆောင်လေးပါ”

ဘီလီကို ဂျူလီယာ တင်းတင်းလေး ပွေ့ဖက်ထားလိုက်မိတယ်။ မျက်နှာပေါ်မှာက လှပလန်းဆန်းတဲ့အပြုံးတွေ ဖူးပွင့်လို့ပေါ့…
—-

မူရင်းရေးသားသူ– Liu Junli
နိုင်းနိုင်းစနေ (Feb. 12. 2015)
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment