ကြက်ခြေနီယာဉ်တိုက်ခိုက်မှု ကိုးကန့်တပ်ဖွဲ့ငြင်းဆန်



လွန်ခဲ့တဲ့ရက်ပိုင်းက ကြက်ခြေနီ ၂ ဦး ဒဏ်ရာရခဲ့တဲ့ ကယ်ဆယ်ရေး ယာဉ်တန်းကို ပစ်ခတ်ခဲ့ခြင်း မရှိဘူးလို့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့က ငြင်းဆန်လိုက်ပြီး အခင်းဖြစ်တဲ့နေရာ ဟာ တပ်မတော်ထိန်းချုပ် နယ်မြေအတွင်းမှာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်အထူးဒေသ (လောက်ကိုင်) မှာ တိုက်ပွဲဖြစ်ပြီး လောက်ကိုင်ကနေစစ်ရှောင်ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ ကြက်ခြေနီယာဉ်တန်းဟာ ဖေဖော်ဝါရီ ၁၇ ရက်က ချင်းရွှေဟော်အနီး ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခင်းဖြစ်တဲ့ညပိုင်း သတင်းထုတ်ပြန်ချက်မှာ ပစ်ခတ်သူဟာ ကိုးကန့်တပ်ဖွဲ့ကလို့ စွပ်စွဲခဲ့ပါတယ်။ သတင်းမှာ “ယနေ့မွန်းလွဲ (၂) နာရီခန့်၌ ပါစင်ကျော်နှင့် ချင်းရွှေဟော်အကြား သို့ရောက်ရှိစဉ် အဆိုပါ ဖြတ်သန်းမောင်းနှင် လာသော ယာဉ်အား ကိုးကန့်တိမ်းရှောင်အဖွဲ့က ချုံခို ပစ်ခတ်တိုက်ခိုက်ခဲ့သည်” လို့ ဖော်ပြခဲ့ပါတယ်။   ပစ်ခတ်သူကို အချိန်တိုအတွင်း ဘယ်လိုဖော်ထုတ် အတည်ပြုချက်ရယူခဲ့တယ်ဆိုတာတော့ သတင်းမှာမဖော်ပြပါဘူး။

အစိုးရဘက်က စွပ်စွဲချက်နဲ့ ပတ်သက်လို့ ကိုးကန့်တပ် မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့က  ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက “ကျနော်တို့ တိုက်တာမဟုတ်ပါဘူး။ လောက်ကိုင်မြို့ကို သူတို့ကနေပြီးတော့ ထိန်းချုပ်ထားတယ်ခင်ဗျ။ လောက်ကိုင်ကနေ ချင်းရွှေဟော် တောက်လျှောက် သူတို့ ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။ ကျနော်တို့လူတွေ အဲဒီမှာ မရှိပါဘူး။ ကပ်လို့တောင် မရပါဘူးခင်ဗျ။ တိုက်ပွဲဖြစ်ရင်တောင်မှ လမ်းမကြီးမှာ မဖြစ်နိုင်ဘူးခင်ဗျ။ ခင်ဗျားတို့ (သတင်းသမားတွေ) ပြောနေတဲ့ လုံထမ်ဆိုတာတောင်မှ လမ်းမကြီးနဲ့ နည်းနည်းလှမ်းပါသေးတယ်။ တိုက်ပွဲဖြစ်နေတာက ဟိုးဘက်ခြမ်းမှာ ဖြစ်နေတာပါခင်ဗျ။ ဒီလမ်းမကြီးနား ကျနော်တို့ မကပ်နိုင်ပါဘူးခင်ဗျ။” လို့ ပြောပါတယ်။

လောက်ကိုင်မှာ ကျန်ရှိတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို ကယ်ထုတ်လာတဲ့ယာဉ်တန်းမှာ ကြက်ခြေနီအလံတွေထောင်၊ ကြက်ခြေနီအ၀တ်အစားတွေ ထင်ထင်ရှားရှား ၀တ်ဆင်ထားတဲ့ ကြားက ပစ်ခတ်ခံခဲ့ရ တာဖြစ်ပြီး ယာဉ်ဦးခန်းမှာလိုက်ပါလာတဲ့ ကြက်ခြေနီ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနဲ့ လခြမ်းနီ လှုပ်ရှားမှုအဖွဲ့တို့က ကန့်ကွက်ခဲ့ကြပြီး ကြက်ခြေနီတွေရဲ့ လုံခြုံရေးကို အာမခံဖို့နဲ့ အတားအဆီးမရှိ ကယ်ဆယ်ကူညီခွင့်ပြုဖို့ တိုက်ပွဲဖြစ်စဉ်တွေမှာ ပါဝင်သူတွေအားလုံးကို တောင်းဆိုကြပါတယ်။

တိုက်ပွဲကြောင့် လောက်ကိုင်ဒေသခံတွေ တရုတ်နိုင်ငံဘက်ခြမ်းနဲ့ မြန်မာနိုင်ငံအတွင်းဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြသလို ဒီလ ၁၇ ရက်နေ့ညမှာ အစိုးရက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးကြေညာပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/?p=82335

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment