ထားဝယ်မှချီလာသည့် ကျောင်းသားသပိတ်စစ်ကြောင်းဖြတ်သန်းရာ လမ်းခရီးမှ မြို့တစ်မြို့တွင် ကျောင်းသားသပိတ်ကို လိုလားခြင်းမရှိသည့် ကျောင်းသားလူငယ်တစ်ယောက်က သပိတ်စစ်ကြောင်းသို့ လာရောက်ပြီး ကန့်ကွက်ပြောဆိုသည့် ဗီဒီယိုဖြတ်ပိုင်းလေးတစ်ခု လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်တွင် ကြည့်လိုက်ရသည်။
သည်လူငယ်လေးကိုကြည့်ရ၊ မြင်ရသည်မှာ တမင်ဖန်တီးပြီး စေလွှတ်လိုက်သည့်သူသာ မဟုတ်လျှင် အတော်သနားစရာကောင်းနေသည်ဟုထင်သည်။ သူပြောသည့် စကားတွေက သနားစရာဖြစ်နေသောကြောင့်ဖြစ်၏။
‘‘ကျွန်တော်တို့က အခုနောက်ဆုံးစာမေးပွဲဖြေပြီးရင် ဘွဲ့ယူရတော့မှာဗျ.. ခင်ဗျားတို့တွေ ဆူဆူပူပူလုပ်ကြလို့ ကျောင်းတွေ ပိတ်သွားပြီး ဘွဲ့မယူလိုက်ရရင် အဲဒီကိစ္စအတွက် ဘယ်သူက တာဝန်ခံမှာလဲ.. ’’ဆိုသည့် စကားမျိုးကို ဘေးမှဝင်ဆွဲသူတွေ၊ တားသူတွေကြားထဲမှပင် ဗလုံးဗထွေးပြောနေသံ ကြားလိုက်ရသည်။ သည်ကလေးကိုကြည့်နေရင်းမှပင် ‘‘ဩော်.. ဘွဲ့ယူချင်တာတဲ့လား ကလေးရယ်’’ဟု စိတ်ထဲမှာ မသက်မသာနှင့်ပြောမိသည်။
ရန်ကုန်ပင်မတက္ကသိုလ်ဝင်း ကြီးထဲက သမိုင်းဝင် ဘွဲ့နှင်းသဘင်ခန်းမကြီးမှာ ခံ့ညားထည်ဝါစွာ အပ်နှင်းသည့် ဘွဲ့ဆိုတော့လည်း မက်မောစရာဖြစ်ရသည့်အကြောင်းက ငြင်းစရာမရှိ။ အိမ်ဦးခန်းဧည့်ခန်းတွေမှာ ဘွဲ့ဓာတ်ပုံတွေကို တခမ်းတနားချိတ်ဆွဲထားကြရသည်ကပင် မင်္ဂလာရှိသော ဂုဏ်တစ်ရပ်လည်း ဖြစ်ခဲ့သည်ပဲ။ ဂုဏ်တစ်ခုအဖြစ်လည်း သတ်မှတ်နေကြဆဲရှိသည်ပဲ။ မကြာခဏလို ကျင်းပနေသည့် ဘွဲ့နှင်းသဘင်ပွဲတွေမှာ နေ့ကျောင်းတက်သူ၊ အဝေးသင်တက်သူ ကျောင်းသား၊ ကျောင်းသူတွေအားလုံး တက်ကြွရွှင်လန်းစွာ ဘွဲ့ယူနေကြဆဲလည်း ရှိသည်ပဲ။ ဘွဲ့ယူအခမ်းအနားတက်ရန် ကိစ္စကသည်ပင် တမင်တဆင် အထူးတလည် မိတ်ကပ်ဆရာတွေနှင့်၊ ပန်ဖို့သဇင်ရှာရသည်နှင့်၊ စီးဖို့ကားက ကိုယ်ပိုင်ကားမရှိတောင်မှ နံပါတ်အနက်ရောင်ဖြစ်ဖို့ရှာရသည်နှင့် ဆွေမျိုးမိဘဆိုသဟာတွေမှာ အတော်စောကတည်းကပင် လုံးပန်းကြရသည့် အခမ်းအနားမျိုး ဖြစ်လေသည်ပဲ။
သည်တော့လည်း ဘွဲ့မယူလိုက်ရမည်စိုးသဖြင့် ကျောင်းသားသပိတ်စစ်ကြောင်းကို စိုးရိမ်ဒေါသဖြင့် လာရောက်ကန့်ကွက်ပြောဆိုရှာသည့် လူငယ်လေးကို အပြစ်ဟုတော့လည်း မဆိုချင်ခဲ့။
သို့သော် ကျောင်းသားတွေ ယခုကန့်ကွက်ဆန္ဒပြနေသည့် အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ စက်တင်ဘာလထဲတုန်းက လွှတ်တော်မှ ပြဋ္ဌာန်းခဲ့စဉ်က ကျောင်းသားတွေက ထိုဥပဒေကို လက်မခံနိုင်ပါကြောင်း တောင်းဆိုဆန္ဒပြကြတော့ ဘွဲ့ဝတ်စုံတွေဝတ်ပြီး ဆိုက်ကားနင်းသည့် သရုပ်ပြကွက်တွေ၊ ရေစည်လှည်းတွန်းသည့် သရုပ်ပြကွက်တွေ၊ ဘွဲ့ဝတ်စုံဝတ်ထားသည့် ကျောင်းသား၊ ကျောင်းသူ၏ လက်ကိုကြိုးချည်၊ မျက်စိကို အဝတ်နက်နှင့် ပိတ်စည်းထားသည့် သရုပ်ဖော်မှုမျိုးတွေနှင့် အရင်စနစ်က ပညာရေးစနစ်ကို သရော်ခဲ့ကြတာတွေကို သတိရလိုက်မိသည်။
သည်တုန်းက ဘွဲ့ဝတ်စုံတွေကို သည်လိုသရုပ်ပြမှုမျိုးတွေလုပ်ပြီး ဝတ်စုံသိက္ခာညှိုးနွမ်းအောင် မလုပ်သင့်ကြောင်း၊ သည်ဝတ်စုံကို တန်ဖိုးထားသင့်ကြောင့်လည်း ပြောဆိုဝေဖန်သံတွေ ကြားခဲ့ရသေးသည်။
သည်ကိစ္စ၌ ဘွဲ့ဝတ်စုံနှင့် ရေစည်လှည်းတွန်း၊ ဆိုက်ကားနင်း စသည်ဖြင့် သရုပ်ဖော်ပြုလုပ်ခဲ့ကြသူတွေကိုရော၊ ဘွဲ့ဝတ်စုံကို အလေးအမြတ် တန်ဖိုးထားသူတွေကိုရော နှစ်ဦးနှစ်ဖက်လုံးကို ဘယ်သူမှား၊ ဘယ်သူမှန် မဝေဖန်လိုသော်လည်း တက္ကသိုလ်တစ်ခုခုမှ အပ်နှင်းလိုက်သည့် ဘွဲ့တစ်ခုခု၏ တန်ဖိုးသည် မည်သည့်နေရာ၌ တည်ရှိသည်ကိုမူ အသေအချာစဉ်းစားရန် လိုအပ်သည်ဟု ထင်သည်။
တကယ်တော့ ဘွဲ့ရပညာတတ်ဆိုသည့် ပညာရေးစနစ်ကို ဝေဖန်လာသည့်ကိစ္စက ယခုမှမဟုတ်။ လွန်ခဲ့သည့် နှစ် ၃၀ ကျော်လောက်ကတည်းကပင် ရှိခဲ့ဖူးသည်။ ဘွဲ့ဝတ်စုံနှင့် ဆိတ်သားကင်ရောင်းနေရသည့် ဘီအေဆိတ်သားကင်ဆိုသည့် သရော်ချက်က ပညာရေးစနစ်ပျက်ယွင်းခါစ ဟိုအခါကတည်းကပင် ရှိခဲ့ဖူးသည်။
ဘဝအာမခံချက်မရှိသည့် ပညာရေး။ မျက်စိကွယ်နားပင်း၊ လက်ထိတ်ကြိုးချည်ခံထားရသည့် ပညာရေးကို သရော်ခဲ့ကြတာပဲဖြစ်သည်။
တကယ်က ပညာဆိုသည်မှာ ကိုယ်ပိုင်အသိဉာဏ် အမြော်အမြင်အတွေးအခေါ်များကို အခြေခံလျက် မူလတန်းမှသည် ဘွဲ့တစ်ခုခု ဆွတ်ခူးသည်အထိ သင်ယူလာခဲ့ကြသည့် ပညာရပ်အသီးသီးတို့ကို လက်တွေ့ကိုင်တွယ်ကျင့်သုံး အကောင်အထည်ဖော်နိုင်မှုဟု ဆိုချင်သည်။ ထိုစွမ်းအားတစ်စုံလုံးကို စာသင်ကျောင်းမှ အမှန်တကယ် ဖြည့်ဆည်းပေးလိုက်နိုင်မှ ပညာရေးစနစ်ကောင်းဟု ထင်ပါသည်။
ဘွဲ့ဦးထုပ်ကလေးဆောင်း၊ ဘွဲ့ဝတ်စုံလေးဝတ်၊ ဘွဲ့နှင်းသဘင်ရှေ့ မိဘဆွေမျိုးများနှင့် တခမ်းတနား ဓာတ်ပုံရိုက်လို့ရရုံ ပညာရေးမျိုးကတော့ဖြင့် တိုင်းပြည်ကိုအသာထား ကိုယ့်ကိုယ်ကိုယ်ပင် လူမွေးလူတောင်ပြောင်အောင် ထူထောင်နိုင်ဖို့မလွယ်လှဟု ထင်သည်။
ကွယ်လွန်သူဆရာကြီး ဦးအောင်သင်းက စကားတစ်ခွန်းထားခဲ့သည်။
‘‘ဦးနှောက်ကို ခါးတောင်းကျိုက်ခိုင်းတာနော်။ လူကိုခါးတောင်းကျိုက်တာ မဟုတ်ဘူး။ လူကို ခါးတောင်းကျိုက်တဲ့လူကတော့ ကူလီပဲဖြစ်မှာပေါ့။ ဦးနှောက်ခါးတောင်းကျိုက်မှ ခေါင်းဆောင်ဖြစ်မှာ... ’’တဲ့။
ကိုယ်ကဖြင့် ဆရာ့စကား အသည်းကြားမှာ အမြဲညှပ်ထားသည်။ အရာတိုင်းကို ဆရာခိုင်းသလို ဦးနှောက်ခါးတောင်းကျိုက်၏၊ မကျိုက်၏ ပေတံနှင့်ပဲ ကောက်ကောက်တိုင်းမိသည်။ မြင်ရတွေ့ရသမျှတွေကဖြင့် ခါးတောင်းကျိုက်တလွဲ၊ ဖင်တလွဲဆိုသလိုတွေချည်းဖြစ်သည်။ ကျိုက်စရာ ဦးနှောက်မှလည်း ပါမလာနိုင်ခဲ့ကြပေပဲကိုး။ ပြောတော့ စကားလွန်ဆိုရာကျနေမည်လားထင်သည်။ တကယ်တော့ အဲဒီဦးနှောက်ဆိုသည်က စာသင်ကျောင်းက ထည့်ပေးလိုက်ရတာမျိုး ဖြစ်သည်။ ကိုယ့်ဘာသာ လေ့လာဖတ်ရှုသည့် စာအုပ်စာပေတွေက ထည့်ပေးလိုက်တာမျိုး ဖြစ်သည်။
ခုများတော့ ပညာရေးစနစ်ကလည်း ဆန်ခြင်သည့် နို့ဆီဘူးခွက်ပညာရေးမျိုးဖြစ်။ အဲသည့် ပညာရေးထဲမှ ထွက်လာတော့လည်း စာတွေပေတွေဖတ်ရကောင်းမှန်း မသိကြဆိုသည့်အခါ ခါးတောင်းတခြား၊ ဖင်တခြားဖြစ်တာ အဆန်းဟုတ်တော့ ဖြစ်ရသည်။
ဆန်ခြင်သည့် နို့ဆီဘူးခွက်ပညာရေးမျိုးဆိုသည်က ဒါသင်၊ ဒါကျက်၊ ဒါဖြေ၊ မအောင်မနေရဆိုသည့် အညွန့်တုံးပညာရေးမျိုးကို ဆိုခြင်းဖြစ်သည်။ စာမေးပွဲမဖြေမီလေးနှင့် ဖြေတုန်းလေးမှာပဲ ကလေးတွေခေါင်းထဲမှာ ကျက်ထား၊ မှတ်ထားတာလေးတွေရှိသည်။ စာမေးပွဲထဲ အဲဒါလေးတွေ သွန်ချထားခဲ့ပြီးသောအချိန်တွင် ခေါင်းထဲ ဘာမျှမကျန်တော့သည့် ပညာသင်ကြားရေးစနစ်မျိုးဖြစ်သည်။ ဒါကြောင့် ဆန်ခြင်သည့် နို့ဆီဘူးခွက် ပညာရေးမျိုးဟု ပြောလိုခြင်းဖြစ်သည်။
ဆန်ခြင်သည့် နို့ဆီဘူးခွက်ဆိုသည်မျိုးက ဆန်ခြင်သည့်အခါ လေးလောက်မှာပဲ သူ့အထဲမှာ အဆန်ရှိသည်။ ဆန်မခြင်သည့် အခါမျိုးဆို သည်နို့ဆီဘူးခွက်က အခွံ။ သည်တော့ နှစ်ပေါင်း ၅၀ လောက် တိုင်းပြည်မှာ ထွန်းကားလာခဲ့သည့် ပညာရေးဆိုသည်က အဲဒီပညာရေးမျိုးသာဖြစ်၏။ မြန်မာစာ စာစီစာကုံးကိုပင် အလွတ်ကျက်ဖြေကြရသည့် ပညာရေးမျိုးမှ လူညွန့်မတုံးလျှင် အခြားတုံးစရာကိစ္စမျိုး မရှိနိုင်တော့ဟုပဲ ပြောချင်သည်။ ကျက်ထားတာလေး စာမေးပွဲခန်းထဲ သွန်ချထားခဲ့ပြီးသောအခါ ကလေးခေါင်းက အခွံပဲကျန်သည်။
သည်ကြားထဲ သင်ကြားပေးတော်မူကြသည့် ဆရာ၊ ဆရာမတို့ဆိုသည်ကလည်း သည်ရေဆိုးမြောင်းကြီးထဲကပဲ ခေတ်ကပေးသည့် ကံကြမ္မာအရကို ဖြတ်ထွက်လာခဲ့ကြရသူတွေဆိုတော့ တစ်ခါတလေများဆို တချို့ဆရာ၊ ဆရာမတွေသင်ကြားပုံက ရယ်စရာကောင်းလောက်အောင်ပင် သူတို့ သင်ပြနည်းတွေက ထူးချွန်ပြောင်မြောက်ဆန်းသစ်လှသည်။
ဥပမာဆိုပါစို့ ... သင်္ချာပုစ္ဆာတစ်ပုဒ်ကို ကျောင်းသားက တွက်လာရာ၌ အဖြေလည်းမှန်သည်၊ တွက်နည်းလည်းမှန်သည်။ သို့သော် ဆရာမသင်ထားသည့် တွက်နည်းနှင့်မတူသဖြင့် ထိုကျောင်းသားကို အမှားပေးလိုက်သည်ဆိုခြင်းလောက် တုံးချက်ကမ်းကုန်တာမျိုး မရှိတော့။ တုံးတာမှ သင်သည့် ဆရာမရော၊ အသင်ခံရသည့် ကျောင်းသားရော၊ ထိုးထွင်းကြံဆ စဉ်းစားတွေးခေါ်မှု ဦးနှောက်ကော အားလုံးအညွန့်တုံးကုန်သည့် သင်ကြားနည်းမျိုးဖြစ်တော့သည်။
သည်တော့ သည်ပညာရေးစနစ်မျိုးကြီးထဲမှာ တိုင်းပြည်က ဘယ်လိုမှ တိုးတက်ကောင်းမွန်လာနိုင်စရာမရှိတော့။
အိမ်မှာအတူနေသည့် ကိုယ့်မြေးဦးမလေးက သည်နှစ်လေးတန်းအစိုးရစစ်ဖြေရမည်။ သည်တော့ သည်ကလေးကို သူ့အမေက အသေမောင်းတော့သည်။ ကျောင်းက မနက်ကျောင်းမို့ အိမ်မှ ၇ နာရီဆို ကျောင်းဖယ်ရီပေါ် တက်ရသည်။ နေ့လယ် ၂ နာရီခွဲဆို အိမ်ပြန်ရောက်ပြီ။ ရောက်ပြီး ခဏတစ်ဖြုတ်နား၊ ရေမိုးချိုးပြီးသည်နှင့် စာအုပ်နှင့်၊ သူ့အမေနှင့်၊ ကြိမ်လုံးနှင့် နပန်းလုံးရတော့သည်။ ကျက်ပေတော့.. ။ ည ၇ နာရီ ထမင်းစား၊ ကိုယ်လက်ဆန့် ညောင်းညာဖြေပြီး စာကြည့်စားပွဲပြန်ထိုင်။
ည ၁၀ နာရီခွဲ ၁၁ နာရီမှ အိပ်ရာဝင်။ မနက် ၅ နာရီခွဲ အိပ်ရာထ၊ ကိုယ်လက်သန့်စင် အဆာပြေစား၊ ကျောင်းကားလာတော့ ကျောင်းသွား။ စနေ၊ တနင်္ဂနွေ အင်္ဂလိပ်စာသီးသန့်သင်သည့် ကျောင်းကိုသွားနှင့် ကလေးက လူနှင့်မတူတော့။ သံပတ်ပေးထားသည့် စက်ရုပ်ကလေးတစ်ရုပ်နှင့်သာ တူနေတော့သည်။ သူ့မှာကစားချိန်၊ နားချိန်ရယ် သီးသန့်မရှိတော့။ အပြင်ဗဟုသုတရနိုင်မည့် စာအုပ်စာပေဆိုသည်ကတော့ ဝေလာဝေး။
ကလေးက လစဉ်စာမေးပွဲတွေမှာ အဆင့်တစ်၊ နှစ်၊ သုံးထဲ အမြဲဝင်သဖြင့် သူ့အမေက ပျော်နေသည်။ ကျွန်တော်ကဖြင့် သည်လိုကြီးသာ ဘွဲ့ရသည်ထိသွားရလျှင် ကျွန်တော့်မြေးမလေး ဦးနှောက်ထဲ ဘာမှပါမလာမှာ စိုးရိမ်နေမိသည်။ ဆန်ခြင်သည့် နို့ဆီဘူးခွက်လို ဆန်ခြင်နေတုန်းပဲအထဲမှာ အဆန်ရှိပြီး အချိန်တိုင်းမှာ အခွံဖြစ်နေသလိုမျိုးဖြစ်မှာ စိုးရိမ်နေမိသည်။
အပြင်စာကို ဖတ်ကြည့်မြည်းစမ်းဖို့လည်း အချိန်ကမရသည့်အခါ ကလေးက အပြင်စာကိုလည်း ဖတ်ရကောင်းမှန်းမသိတော့သလို ဖြစ်နေတော့သည်။
တကယ်တော့ မူလတန်းကျောင်းသူ ကျွန်တော့်မြေးမလေးသာမဟုတ်။ တက္ကသိုလ်ရောက်နေကြသူတွေထဲမှာ စာအုပ်ဖတ်သည့် အလေ့အထပါသူက အလွန်ရှားလာသည်။ ကျောင်းစာတွေသာ ဖိကျက်နေရသည့် ဘဝထဲနစ်လာကြသူလေးတွေဆိုတော့ အပြင်စာဆိုသည်ကို ဖတ်ရကောင်းသည်ဟုပင် မထင်ကြတော့။
စာဖတ်အားတွေ ကျဆင်းလာပြီဆိုသည့်အခါ ရေးသားသူ၊ ထုတ်ဝေသူတွေဘက်ကလည်း အားအင်တွေယုတ်လျော့လာကြသည်။ စာကောင်းပေမွန်တွေ ရှားပါးလာသည်။ ရသစာပေပိုင်းဆိုလျှင် ရသစာပေကျဆုံးပြီလားဆိုသည့် မေးခွန်းပင်ထုတ်လာရသည့် အခြေအနေမျိုးထိ ရောက်လာသည်။
ရသစာပေကျဆုံးလာပြီဆိုလျှင် လူ့ဘောင်ကြီးထဲမှာ ယဉ်ကျေးမှုစံချိန်စံနှုန်းတွေပင် ကျဆင်းလာတတ်သည်။ စောင့်စည်းထိန်းသိမ်းအပ်သည့် အကျင့်စရိုက်၊ စာရိတ္တ၊ လူမှုစည်းကမ်းအားလုံး လျှောကျနိမ့်ပါးကုန်တတ်သည်။ သို့ဆိုလျှင်ဟုတွေးတော့ အရာခပ်သိမ်းက မုန့်လုံးစက္ကူကပ်ပြီး ဂျာအေးသူ့အမေရိုက်တော့သည်။
ကိုယ်တို့နိုင်ငံဦးတည်ထားသည်က ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ဖြစ်သည်။ ဒီမိုကရေစီစနစ်ဆိုသည်က ပညာတတ်အလယ်အလတ်လွှာ လူတန်းစားကို အမာခံပြုဌာပနာရသည့်စနစ်မျိုး ဖြစ်သည်။ အလယ်အလတ်လွှာ ပညာတတ်လူတန်းစားတွေပေါများမှ ဒီမိုကရေစီပန်းတိုင်ဆိုသည်က အရောက်မြန်နိုင်မည်။
အခုလက်ရှိ ကိုယ်တို့နိုင်ငံတော်၏ အခြေအနေကိုကြည့်တော့ လူလတ်တန်းစားအလွှာဆိုသည်က မရှိတော့သလောက် ပါးလျားလွန်းနေကြောင်း သိသိသာသာမြင်နေရသည်။ အများတကာ့ အများစုကြီးက ဆင်းရဲတွင်းထဲမှာ တဝူးဝူးတဝါးဝါးဖြင့် နစ်နေကြတုန်း၊ အသက်ရှူကျပ်နေကြတုန်း ဖြစ်သည်။ စာတွေပေတွေဖတ်နိုင်ဖို့ဝေးလို့ ထမင်းစားနိုင်ရေးပင် အနိုင်နိုင်ရုန်းနေကြရတုန်း။
နို့ဖြင့် ပညာရေးကကော ဆိုတော့လည်း ကိုယ်တို့ (၆၀)ကျော်တန်းတွေကပင်စလို့ မျိုးဆက်နှစ်ဆက်ခွဲလောက်က ကိုယ်တို့မြေးလေးတွေထိ နို့ဆီဘူးခွက်ပညာရေးကြီးထဲမှာ အခွံဖြစ်လာခဲ့ကြသူတွေက အများစုဖြစ်သည်။ ကိုယ်တို့တွေမှာ အရာအရာဗလာကိုယ်တီးနှင့် ဒီမိုကရေစီပန်းတိုင်ကို တရွတ်သီထိုးဖြင့် ကုန်းရုန်းရွှေ့ကြရမလိုဖြစ်သည်။
သည်တော့ ကိုယ်တို့နိုင်ငံက ပညာရေးစနစ်မှစလို့ အရာရာ ခြေဆုံးခေါင်းဆုံးပြင်မှသင့်မည့် နိုင်ငံမျိုးဖြစ်ကြောင်း အားလုံးက ပီပီပြင်ပြင်သဲကွဲအောင် မြင်တတ်၊ ကြည့်တတ်ကြဖို့တော့လိုလေမည်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို ပြဲအောင်လုပ်နိုင်ကြပါမှ တန်လေကာကျမည်။ ဒါတောင် ယခု ကျောင်းသားလေးတွေ အပင်ပန်းခံကာ ပြင်ဖို့ကြိုးစားနေကြသည့် ပညာရေးဥပဒေသစ်အတည်ဖြစ်ပြီး စနစ်အသစ်၊ ပုံစံအသစ်၊ မူအသစ်၊ လူအသစ်တွေနှင့် ဆယ်စုနှစ်နှင့်ချီပြီး ကြိုးပမ်းကြရလိမ့်ဦးမည်ထင်သည်။
တကယ် wisdom ဖြစ်သည့် ပညာတတ်တွေ ကိုယ်တို့နိုင်ငံထဲမှာ အမှန်တကယ်ပေါ်ထွန်းမလာဘဲ ဘွဲ့ဝတ်စုံလေးဝတ်ပြီး ဓာတ်ပုံရိုက်ခံရုံလောက် နို့ဆီဘူးခွက်ပညာရေးမျိုးနှင့်တော့ အားလုံးမျှော်ကြည့်နေကြသည့် ဝိုးတဝါး ဒီမိုကရေစီနိုင်ငံတော်ဆိုသည်က ရွှေပြည်တော်မျှော်တိုင်းဝေးဆိုသလိုမျှသာ ဖြစ်နေလိမ့်ဦးမည်ထင်ပါသည်။
By
0 comments:
Post a Comment