မူဆယ် ၁၀၅ မိုင်နှင့် ပန်ဆိုင်းအကြား ပေါက်ကွဲမှုဖြစ်ပွား


ရှမ်းပြည်နယ် မူဆယ်ခရိုင် ၁၀၅ မိုင်နဲ့ ပန်ဆိုင်းအကြားမှာ ဒီမနက် ၁၀ နာရီခွဲလောက်က ပေါက်ကွဲမှု တခုဖြစ်ပွားပြီး ကုန်တင်ကားတစီးပျက်စီးသွားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

အမည်မသိ ပျောက်ကျားဝတ်စုံဝတ် လက်ကိုင်အဖွဲ့က လက်လုပ်မိုင်းနဲ့ပစ်ခဲ့တာလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ရတဲ့သတင်းကတော့ သစ်သီးတင်ကားပေါ့နော်။ ဖရဲသီးကားကို ယူနီဖောင်း ပျောက်ကျား ၀တ်ထားတဲ့လက်နက်ကိုင်အဖွဲ့ ၁၅ ယောက်လောက်က တားပြီးတော့မှ ဆက်ကြေးတောင်း တဲ့စာ ရလားလို့ သူတို့မေးတယ်။ ရရင်ဘာလို့ မပေးတာလဲလို့ အဲလိုပြောပြီးတော့မှ လက်လုပ်ဗုံးကို ကားခေါင်းထဲကို ပစ်ထည့်တာပေါ့။ ပစ်ထည့်တော့ ကားခေါင်းခန်းပျက်စီးသွားတာပေါ့။ နောက်ထပ် သစ်သီးကားတစီးကိုလည်း အဲလိုပဲပစ်ထည့်တယ်။ ဒါပေမယ့် မကွဲဘူး။”

ပေါက်ကွဲမှုကြောင့် ကားတစီးပျက်စီးသွားပေမယ့် လူတွေကတော့ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပါဘူး။

အခင်းဖြစ်ပွားတဲ့ ဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ) အမာအခံ လှုပ်ရှားနေ တဲ့နေရာဖြစ်ပြီး ကေအိုင်အေတပ်တွေက အဲဒီဒေသက ပွဲရုံတွေ၊ ဆီဆိုင်တွေမှာ အရင်က ဆက်ကြေးကောက်တဲ့ စာတွေကို ဖြန့်ကာ ဆပ်ကြေးကောက်ခံလေ့ရှိတယ်လို့လည်း ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

“သူတို့က ဆက်ကြေးတောင်းတဲ့စာတွေကို အဓိက ပွဲရုံတွေ၊ ဆီဆိုင်တွေ လိုက်လိုက်ဖြန့်တယ်။ အဲဒါ လာမပေးလို့ရှိရင် လာချိန်းခြောက်တာ”

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်ကတော့ အဲဒီဒေသမှာ ကေအိုင်အေ တပ်ရင်း ၉ လှုပ်ရှားတဲ့နယ်မြေဖြစ်ပေမယ့် မြို့ထဲဝင် အခွန်ကောက်တာ မလုပ်ဘူးလို့ပြောပါတယ်။

“တပ်ရင်း ၉ နယ်မြေပါ။ ဒါပေမယ့်တခြားလက်နက်ကိုင်တဲ့အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ တချို့ကတော့ ဒီလက်နက်ကိုင်အဖွဲ့အစည်း လှုပ်ရှားမှုကို အခွင့်ကောင်းယူပြီး လှုပ်ရှားတဲ့လူတွေလည်း ရှိမှာပါ။ အဲဒါဖြစ်တိုင်း ကေအိုင်အေကပါလို့ စွပ်စွဲလို့တော့ ဒါသိပ်မှန်ကန်မှာမဟုတ်ပါဘူး။ အစိုးရကနေပြီး ပြောတဲ့ ဆက်ကြေးဆိုတာက သူတို့သုံး တဲ့ ဝေါဟာရပါ။ ကျနော်တို့ကတော့ အဲဒီဖက်မှာ မြို့ထဲမှာဝင်ပြီးမှ အခွန်တွေလိုက်ကောက်တာမျိုး မလုပ်ပါဘူး။ အဲလောက်သိက္ခာမရှိတဲ့အလုပ်တွေ ကျနော်တို့မလုပ်ပါဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မူဆယ် နဲ့ နမ့်ခမ်းသွား ကားလမ်းပေါ်မှာ အစိုးရစစ်တပ်ယာဉ်တန်း ဆွဲမိုင်းနဲ့တိုက်ခိုက်ခံရပြီး အစိုးရတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန မူဆယ်ခရိုင် မုံးပေါ်ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံမှာ တာဝန်ခံအဖြစ် ထမ်းဆောင်နေသူ ဦးအောင်ဇော်ထွန်းကို အမည်မသိ မျက်နှာဖုံးစွပ် အမျိုးသား ၃ ဦးက နေအိမ်ကနေ ခေါ်ဆောင်သွားတဲ့အမှုလည်း ဖြစ်ပွားခဲ့ပါတယ်။

အခုချိန်ထိအဲဒီဝန် ထမ်းဘယ်ရောက်နေသလဲဆိုတာနဲ့ ဘယ်သူဘယ်ဝါတွေက ခေါ်သွားလဲဆိုတာ မသိရသေးပဲ စုံစမ်းနေဆဲပဲလို့ ရဲမှူးကြီး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/83071

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment