ရန်ကုန်ရောက် သရဲတစ်ကောင်၏ ဖွင့်ဟဝန်ခံချက်

ကျုပ်လား.. ကျုပ်က သရဲလေဗျာ…၊ သရဲတောင်မှ ရိုးရိုးသရဲ မဟုတ်ဘူးဗျ.. စီနီယာသရဲ..။ ကျုပ်တို့လောကမှာကလည်း ခင်ဗျားတို့လူတွေဆီက အလုပ်တွေလို စီနီယာ ဂျူနီယာ ရှိသဗျ…။ကျုပ် နှစ်ပေါင်းများစွာ ကျက်စားခဲ့တာကတော့ မြန်မာဘုရင်ရဲ့ နောက်ဆုံးနေပြည်တော် မန္တလေးမြို့က ကြာနီကန်သင်္ချိုင်းပေါ့ဗျာ…။ အခုတော့ အဲဒီ သင်္ချိုင်း မှာ မနေရဲ တော့လို့ ရန်ကုန်ကို ထရန်စဖာတင်ပြီး ပြောင်းလာတာဗျို့…။ တစ်ရွာမပြောင်း သရဲကောင်းမဖြစ် ဆိုရိုးစကားရှိသကိုး..။ ခက်တာက ရန်ကုန်ရောက်မှ သေ ချင်တဲ့ သရဲ…. ရန်ကုန်ပြောင်းဆိုသလို လာကြုံရတယ်ဗျာ..။မန္တလေးက ပြောင်းလာရတာကလည်း ခင်ဗျားတို့လူတွေကြောင့်ပေါ့ ဗျာ…။ ခင်ဗျား ဂျာနယ်တွေမှာ ဖတ်လိုက်ရမှာပေါ့.. ခင်ဗျားတို့ လူလူချင်း ဗမာ – ကုလားဆိုလား ဘာလား ပဋိပက္ခဖြစ်တာနဲ့ မဆီမဆိုင် ကျုပ်တို့အပိုင်နယ်ဝင်ပြီး မီးရှို့ကြသဗျာ..။ ကျုပ်တို့မှာ ဝေမာနိက ပြိတ္တာဘဝ အနေဆင်းရဲ အစားဆင်းရဲပါတယ်ဆိုကာမှ ခင်ဗျားတို့က မီးလာရှို့တော့…ထမင်းထုပ်စားရတဲ့ ဒုက္ခိတသရဲတွေဘဝ ရောက်တဲ့သူ ရောက်ကုန်တာပေါ့..။ ခင်ဗျားတို့ ရှို့တာက ကုလား သင်္ချိုင်းဆိုပေမယ့် ကျုပ်တို့လောကမှာက ကုလားရယ်၊ တရုတ်ရယ်၊ ဗမာရယ်မရှိဘူးဗျ… သေပြီးရင်တော့ အကုန်မသာဖြစ်ပြီးမှ သရဲဘဝ ရတဲ့လူတွေချည်းပဲ..။
ဒီကြားထဲ ကျုပ်တို့လောကမှာက သရဲဦးရေပေါက်ကွဲမှုတွေက ရှိနေတော့ နေရာထိုင်ခင်းကကျပ်သဗျ… ဒီတော့ ဘာသင်္ချိုင်းညာသင်္ချိုင်းရယ် ခွဲမနေတော့ဘူး…ဘာသာရေး လည်း ခွဲမနေတော့ဘူး…ဘယ့်နှယ် အကုန်လုံးလူ့ဘဝက အကျင့်မကောင်းလို့ သရဲလာဖြစ်ပါတယ်ဆိုနေမှ ဘာသာစွဲ လူမျိုးစွဲထားနေရင်ဟာ သကြီး ဖြစ်နေ မှာပေါ့ ဗျာ…။ကဲပါ ထားတော့.. ကျွန်တော် ပြောချင်တာက ခင်ဗျားတို့ ရန်ကုန်မြို့အကြောင်း…။ ကျုပ် ရန်ကုန်ကို ခြေချချခြင်း အနေ ချောင်မယ့် နေရာလိုက်ရှာသဗျ..။ သရဲဆို တာလည်း ညမှ ထွက်ရတာကိုး…။ည ၉ နာရီလောက် ရန်ကုန်မြို့နာမည်ကြီးသင်္ချိုင်း ရေဝေးကို ရောက်သွားသဗျ..။ အောင်မယ် ခမ်းနားလိုက်တာဗျ.. မီးခိုး ခေါင်း တိုင်ကြီးေ တွနဲ့ အဆောက်အအုံ အခန်းတွေကလည်း အများကြီး…။ခက်တာက ည ၉ နာရီကျော်အထိ ခင်ဗျားတို့ ရေဝေးကလည်း လူမပြတ်သေးပဲကိုးဗျ..။ လူတွေက ရုတ်စု ရုတ်စုနဲ့ သင်္ချိုင်းကုန်းနဲ့တောင် မတူဘူး.. သင်္ချိုင်းရှေ့မှာလည်း အရက်ဆိုင်လေးတွေ တန်းစီလို့…။ ဒီနေရာတော့ ငါခြောက်လည်း ကြောက်မယ့်ဟန် မတူဘူးဆိုပြီး ကျုပ်မှာ ပြန် လစ် ခဲ့ရတယ်..။ အောင်မယ်…ဒါနဲ့ ရန်ကုန် ဆေးရုံကြီး ရင်ခွဲရုံနားမှာများဆို သရဲခြောက်စားလို့ အဆင်ပြေမလားဆိုပြီး သွားလိုက်ပါတယ်..။ စတွေ့တာပဲဗျို့..။
ဆေးရုံကြီး ရင်ခွဲရုံဆိုတာ မှောင်ကုပ်ကုပ် မီးရောင်ဖျော့ဖျော့အဆောက် အအုံမျိုးဖြစ်ရမှာမဟုတ်လား..။ ဘယ်ဟုတ်လိမ့်မတုန်းဗျာ၊ ခင်ဗျားတို့လူတွေပြောနေ တဲ့ နေပြ ည်တော်ဆိုတာကြီးလို မီးတွေမှ ထိန်လင်းနေတာပဲ..။ အို မီးထိန်လင်းလည်း ဘာဖြစ်လဲ… လင်းလင်းထင်းထင်း သရဲခြောက်စားလို့ရတာပေါ့ဆိုပြီး ရင်ခွဲရုံနားအ သာကပ် ရပ်နေမိတာ..။ ဟော့ လာပါပြီ တကျွီကျွီ တွန်းလှည်းနဲ့ မသာတစ်လောင်း …။ မသာ အလောင်းဘေးမှာ မသာရှင်တွေက မျက်လုံးလေး ပေ ကလပ် ပေက လပ်ပါ လာ သ ဗျ…။ လှည်းတွန်းလာတာကတော့ ဆံပင် ကောက်ကောက်နဲ့ ကုလားတစ်ယောက်ဗျ…။ ရင်ခွဲရုံရှေ့ရောက်တော့ ဘယ်က ဘယ်လိုပေါ်လာမှန်းမသိတဲ့ လူနှစ်ယောက် ထွက် လာကြတယ်….။ လှည်းတွန်းလာတဲ့ လူနဲ့အဲ့ဒီ လူနှစ်ယောက်က မသာရှင်တွေနဲ့ စကားပြောတယ်..။ ပိုက်ဆံတောင်းတာဗျ… ငွေကြေး ကိန်းဂဏန်းတစ်ခုပဲ..။
”ပြန်သယ်သွားချင်ရင်တော့ ဒီကြေးပဲ… ဒီညအပြီးရင်ခွဲပေးရမှာ…အလုပ်ရှုပ်တယ်…၊ မတတ်နိုင်ရင်တော့.. ဒီတိုင်းသာထားခဲ့…၊ နောက်နေ့မှ ခင်ဗျားတို့လာခဲ့တော့”မသာ ရှင် နှစ်ယောက်မှာလည်း သူတို့ အိတ်ကပ်ကို ကြည့်လိုက်၊ စောင်နဲ့ ထုပ်ထားတဲ့ မသာကိုကြည့်လိုက် …ရင်ခွဲပေးမယ့် လူနှစ်ယောက်ကို ကြည့်လိုက်နဲ့… နောက်ဆုံး သူတို့အိတ်ကပ်ထဲက ပိုက်ဆံတွေ ကုလားတွေအိတ်ကပ်ထဲ ရောက်ကုန်တော့တယ်။ ဒီတော့မှ တွန်းလှည်းပေါ်က ဆန့်ဆန့်ကြီးနဲ့ ခန့်ခန့်ကြီးခမျာ ရင်ခွဲရုံထဲ တွန်းသွင်းခံရ သဗျာ..။အော် ခင်ဗျားတို့ လူတွေများ… မွေးစကနေ သေတဲ့အထိ လာဘ်ပေးလာဘ်ယူတွေနဲ့ ညှိနှိုင်းနေရသကိုးဗျ..ခက်တယ်…။ ဟော့ဗျာ..နောက်ထပ်တစ်လောင်းပြီး တစ်လောင်း ထပ်လာသဗျ..။ရင်ခွဲမယ့် ဆရာသမားတွေနဲ့ မသာရှင် မိသားစုတွေ ညှိကြနှိုင်းကြ…. ငွေစကားပြောကြနဲ့ ကျုပ်ဖြင့် ငါရောက်နေတာ ရင်ခွဲရုံ လား…ပွဲ စား တန်း လားလို့ တောင် မကွဲပြားတော့ဘူး..။တော်ပါပြီဗျာ ဒီနေရာမျိုး သရဲ ခြောက်စားလို့ကတော့ ကိုယ့်ဆီကပါ ငွေညှစ်ခံနေရမယ်..။
ကဲ…ဒီတော့ ရန်ကုန်မြို့ထဲ လူပြတ်တဲ့ လမ်းတစ်ခုခုမှာပဲ အခြေချပြီးခြောက်တော့မယ်ဆိုပြီး ကျုပ်လည်းလမ်းပေါ် ထွက်ခဲ့သဗျ…။ ခင်ဗျားတို့ ရန်ကုန်ကလည်းဗျာ ည ၁၂ နာရီ နီးပါးရှိတာတောင် ကားတွေက တဝီဝီရယ်ဗျ..။ တစ်နေရာ ရောက်တော့ အမျိုးသမီး နှစ်ယောက်မတ်တတ်ရပ်နေတာ တွေ့တာနဲ့… ငါတော့ ဈေးဦးပေါက်ခြောက် ရပြီ ဆိုပြီး ဝမ်းသားအားရသွားလိုက်တာ..။အားပါး..ကျုပ်မှာ အံသြလွန်းလို့ ဗျို့…။ လူတွေကသာ မိန်းကလေး စကားပြောတော့ ယောက်ျားသံကြီးတွေနဲ့…၊ ဘာတဲ့ ”ဒီည ဒေါ်မြုတ် ရတာ ဖီးလ်မလာပါဘူးအေ… သူငယ်တွေကလည်း ရှားလိုက်တာ… အိုဘာဖြစ်ဖြစ် အနားကပ်လာရင် ဆွဲစားရမှာပဲ..” တဲ့..။ ဘယ်နှယ့်ပါလိမ့်… သရဲလုပ် လာတဲ့ သက် တမ်းတစ်လျှာက် အနားကပ်ရင်ဆွဲစားမယ်ဆိုတဲ့ ယောက်ျားသံနဲ့ မိန်းမတွေ အခုမှ မြင်ဖူးတယ်..။ အနားကပ်သမျှ ဆွဲစားမယ်ဆိုတော့ ဒါသရဲထက်မြင့်တဲ့ ဘီ လူးဆို တာတွေ ဖြစ်မယ်ဆိုပြီး ကျုပ်ဖြင့်ဝေးဝေးကပြေး ခဲ့ရသဗျာ..။
ဒါနဲ့ ရှေ့ဆက်လျှောက်လာတော့..အောင်မယ် လူငယ်လေးသုံးယောက်ဗျ။ ပလက်ဖောင်းအလယ်မှာ ငုတ်တုတ်ထိုင်ပြီး ခေါင်းတွေကလည်း အောက်ကို သဲကြီးမည်းကြီး ငုံကြည့်နေကြသဗျ…။ ဒီတစ်ခါတော့ တကယ်ခြောက်ရပြီဟဆိုပြီး အပုပ်နံ့ပေးလိုက်ပါတယ်… အောင်မယ် သူတို့ကအပုပ်နံ့ကို ဘာမှမဖြစ်သလိုပဲ တခွိခွိနဲ့ဗျ…။
”ဟေ့ကောင် ငါ ပုသိမ် ဂျီတီစီလင့်ခ်ရပြီ…ရော့ရော့”
”အေးကွာ ပိုက်ဆံကုန်လို့ ဝိုင်ဖိုင်မိတဲ့နေရာ လာပါတယ်ဆိုမှ လိုင်းမကောင်းဘူး”
”အရေးထဲ ဘယ်ခွေးလေ ခွေးလွင့်လာသေပြီး ပုပ်နေလဲ မသိဘူး။ နံတာကွာ”
”ဟိတ်ကောင်.. ဒီမှာ.. ဒီမှာ…မင်းလိုချင်တယ်ဆိုတဲ့ သဇင်အပိုင်း ၄ ပိုင်း”
ဒီငနဲတွေရှေ့မှာ အကောင်အထည်ကြီးသွားပြလည်း သူတို့ ပြောနေတဲ့ သဇင်တို့ ပုသိမ်ဂျီတီ စီတို့လောက် စိတ်မဝင်စားလို့ ကျုပ်ကို မော့ကြည့်မှာတောင် မဟုတ်ဘူး…။ ခက်သဗျာ..ရန်ကုန်မှာ သရဲဖြစ်ရတာ တော်တော် မျက်နှာငယ်တာပဲ..။ ဒါနဲ့ စိတ်ပေါက်ပေါက်နဲ့ဆက်လျှောက်လာလိုက်တာ…၊ ဟော့ဗျာ…ရှေ့မှာလည်း လက်ဖက် ရည် ဆိုင်တွေ…ကွမ်း ယာဆိုင်တွေနဲ့…. အမှိုက်ပုံနား ကားရပ်ပြီး သီချင်းတကြော်ကြော်နဲ့ အမှိုက်တင်နေတဲ့ လူတွေနဲ့..။ စိတ်ညစ်တယ်ဗျာ..ခင်ဗျားတို့ ရန်ကုန်ကလူတွေ ညရော အိပ်ကြရဲ့လား..။ဒါမှမဟုတ် ကျုပ်ပဲ သရဲစံ တော်ချိန်မှားထွက်လာတာလား…. ဒီလောက်လူတွေ များနေတာ ကျုပ်မှာဘယ်လို ခြောက်ရမလဲ…။ ကဲ…ကားလမ်းက  လူ များ တာထားတော့…  ရထားသံလမ်းဆိုရင် တော့ ငါခြောက်လို့ အဆင်ပြေတယ်ဆိုပြီး ရထားသံလမ်းဘက် ထွက်လာသဗျ..။ ကမာရွတ်ဘူတာဆိုတဲ့ မီးမှိန်မှိန်ဘူ တာလေး ထဲကနေ သံလမ်းအတိုင်းတွေ့တဲ့သူ ခြောက်မဟဲ့ဆိုပြီးသွားတော့မှ ဒုက္ခရောက် တော့တာပဲဗျာ..။ မရိုသေ့စကားဗျာ… သံလမ်းကို ခေါင်း အုံး… မြေ ကမ္ဗလာ ကို မွေ့ရာ အမှတ်နဲ့ တစ်ယောက်မျက်နှာတစ်ယောက်ငေးရင်း ချစ်ရည်လူးနေတဲ့ ခင်ဗျားတို့ လူစုံတွဲတွေလေ… အောင်မလေးဗျာ.. ညကြီးအချိန်မတော်… ရထားသံ လမ်းကို တည်းခို ခန်းများ မှတ်နေလားမသိဘူး.. ကျုပ်ဖြင့် အံသြမိသဗျ…။ အဲ့ဒီအတွဲကိုကျော်လာတော့… ရထား သံလမ်းဘေးမှာ လူငယ်အုပ်စုလိုက်ကြီး အရက်ထိုင်သော က်နေ သဗျ.. ဒါ လည်း ခြောက်လို့ မဖြစ်သေးဘူးဆိုပြီး ဆက်လာလိုက်တာ…
ဟား ရှေ့မှာ လူတစ်ယောက်တည်း သံလမ်းပေါ် ကုန်းကုန်းကွကွနဲ့ ငါတော့ ခြောက်ပြီဆိုပြီး ဝမ်းသာအားရ အနားကပ်သွားတာ…။ ထွီ…သံလမ်းပေါ်ချီး တက်ပါနေ တယ် ဗျာ…ရွံလိုက်တာ။ ကျုပ်ကလည်း လူဘဝကတည်းက အသန့်အပြန့် ကြိုက်တဲ့ သရဲ …. ဒီလိုမျိုးဆို ရွံတယ်ဗျ..။ ဒီငနဲကို ကျော်ပြီး ရထားလမ်း အတိုင်း လျှောက် လာလိုက် ကာမှ ပိုစိတ်ညစ်ရသဗျို့..။သံလမ်းပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ချီးပုံတွေဗျာ…ခင်ဗျားတို့ လူတွေ တော်တော်ညစ်ပတ်တာပဲဗျ…။ ကျုပ်မှာ သရဲတန်မဲ့ ရှောင်ကွင်းသွားလိုက်ရတာ….။ ဟိုရှေ့က မီးမှိတ်တုတ်ဘူတာလေးမှာတော့ အသံနည်းနည်းကြားလို့ ခြောက်မဟေ့ဆိုပြီး သွားတာ.. မိန်းမတစ်ယောက်နဲ့ ယောက်ျားသုံးယောက်ဗျ…။ ဘယ် လိုခြောက် ရမလဲ စဉ်းစားနေတုန်း… မိန်းမဆီက အော်ဟစ်ဆဲသံတွေ ကြားရသဗျို့။
”နင်တို့ ခေါ်တုန်းက နှစ်ယောက်တည်းဆို..အခု သုံးယောက်တောင်.. ငါ့ငါးထောင်ထပ်ပေး..မပေးလို့ကတော့ သူတောင်းစားတွေ ရပ်ကွက်ထဲအထိ အရှက်လိုက်ခွဲ ပစ် မယ်… ဖာကောင်း …သူတောင်းစား” အာဗျာ စုံလို့ပါပဲ…. ကျုပ်သရဲသွားခြောက်ရင်တောင် မအဝှာက ထဘီနဲ့ အုပ်ပြီး နပန်းလုံးမယ့်သဘောဗျ…။ တောက်………..ဟိုးမှာ မိုးတောင်လင်းပြီဗျာ…ဒီဘူတာကပဲ မန္တလေးရထားစောင့်ပြီး မန္တလေး ပြန်လိုက်သွားတော့မယ်…။ ခင်ဗျားတို့ ရန်ကုန်မှာ သရဲခြောက်စားရတာ တယ် မျက်နှာ ငယ် ရ သကိုးဗျ…။ လူတွေကိုယ်တိုင် ညမအိပ်တဲ့ သရဲတွေ ဖြစ်နေကြမှပဲ… ကျုပ်တို့အတွက် ဘယ်နေရာ ရှိမလဲဗျာ..။ တော်ပြီ…တော်ပြီ …ကြာနီကန်မှာပဲ မီးလောင်လောင် မီးရှို့ရှို့ ပြန်တော့မယ်ဗျာ…။ ရန်ကုန်ကို စိတ်နာတယ် …။
ဗြိတိသျှကိုကိုမောင်
Source:Popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment