ဒေါ်အောင်ဆန်းစုကြည် ဟင်္သာတခရီးစဉ် မိန့်ခွန်းကောက်နုတ်ချက်များ

ဒေါ်အောင်ဆန်းစုကြည် ဇလွန်တွင် မိန့်ခွန်းပြောကြားစဉ်။ ဓါတ်ပုံ - ပြည့်ဖြိုး CJ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အေးမြသာယာရပ်ကွက်ရှိ ခရိုင်အားကစားကွင်းမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားပြီး လူထုသောင်းချီ တက်ရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟင်္သာတခရီးစဉ် မိန်ခွန်းကောက်နုတ်ချက်တွေကို စုစည်းတင်ပြထားပါတယ်။

တချို့တွေက ကတိပေးတာ သိပ်လွယ်တာပဲ

“ပြည်သူလူထုရဲ့ အင်အားကို မသုံးနိုင်လိုရှိရင် ပြည်သူလူထုရဲ့ အင်အားက ကိုယ့်ဘက်မှာ မရှိလိုရှိရင် နိုင်ငံအတွက် ထိရောက်ပြီးတော့ တန်ဖိုးရှိတဲ့ အလုပ်တွေကို ဘယ်တော့မှ အောင်မြင်အောင် လုပ်ပေးလို့ မရပါဘူး။ ဖေဖေကတော့ ဒီလို ကတိတွေ ပြောခဲပါတယ်။ တချို့တွေကတော့ ကတိပေးတာ သိပ်လွယ်တာပဲ။ ဟိုဟာ လုပ်ပေးမယ်။ ဒီဟာ လုပ်ပေးမယ် လုပ်ပေးလားတော့ မသိဘူး။ ပြည်သူတွေကတော့ အသိဆုံးပဲပေါ့နော်။ နောက်တခုလည်း ကျမ သတိတော့ ပေးရမယ်။ ဘယ်အစိုးရမဆိုပေါ့နော်။ အခု အစိုးရပဲ ဖြစ်ဖြစ်၊ အရင် အစိုးရပဲ ဖြစ်ဖြစ်၊ နောက်တက်မယ့် အစိုးရပဲ ဖြစ်ဖြစ် အစိုးရတွေကနေပြီးတော့ ပြည်သူလူထုကို ဟိုဟာ လုပ်ပေးပါမယ်၊ ဒီဟာ လုပ်ပေးပါမယ် ဒါမှမဟုတ် တို့ ဒါလုပ်ပေးတယ် ပြောလို့ရှိရင် ဒါဘယ်သူပိုက်ဆံနဲ့ လုပ်တာလဲ၊ ပြည်သူ ပိုက်ဆံနဲ့ပဲ လုပ်တယ်ဆိုတာ နားလည်ကြပါ။”

ပြည်သူ့ဘ၀အဆင်ပြေအောင် လုပ်ပေးရမှာ အစိုးရတာဝန်ပဲ

“ပြည်သူလူထုရဲ့ ဘဝတွေ အဆင်ပြေအောင်လို့ လုပ်ပေးရမှာ၊ ဒါဟာ အစိုးရများ၊ အစိုးရဝန်ထမ်းများရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာလဲ ပြည်သူက ပေးထားလို့ ယူတဲ့ တာဝန်ပဲ ဖြစ်ရမယ်။ ဒါကြောင့် ဖေဖေက ဒီမိုကရေစီ ကို ယုံကြည်တယ်။ ဒီမိုကရေစီသာလျှင် လွတ်လပ်တဲ့ နိုင်ငံ နဲ့ ဆီလျော်တယ်ဆိုတာ ဒီမိုကရေစီရှိမှ ပြည်သူတွေက လွတ်လပ်မှာ။ ပြည်သူတွေက မလွတ်လပ်ဘဲနဲ့ နိုင်ငံက လွတ်လပ်တယ်ဆိုလို့ရှိရင် ဒါက စစ်မှန်တဲ့ လွတ်လပ်ရေး မဟုတ်ဘူး။ ဒီအတိုင်းပဲ ဖေဖေ က မြင်ခဲ့ပါတယ်။ ကျမတို့လည်း ဒီအတိုင်းပဲ မြင်ခဲ့ပါတယ်။ ဒါကြောင့် ဒီမိုကရေစီရရှိဖို့ လုပ်တယ်ဆိုတာဟာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ အပြည့်အဝ ရဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်တဲ့ နေရာမှာ ပြည်သူတွေကလည်း တာဝန်သိသိ တာဝန်ရှိရှိနဲ့ လုပ်ဖို့ လိုပါတယ်။”

ပစ္စုပ္ပန်မှာ လုပ်သင်တာမလုပ်မိလို့ အများကြီး ဆုံးရှုံးမှု ရနိုင်တယ်

“ပစ္စုပ္ပန်ကို မမြင်ဘဲနဲ့ ဟိုးအနာဂတ်ကိုပဲ မျှော်နေလို့ ရှိရင် ပစ္စုပ္ပန်မှာ လုပ်သင့် လုပ်ထိုက်တာတွေကို မလုပ်မိလို့ အခွင့်အရေးတွေ၊ အကျိုးတွေ အများကြီး ဆုံးရှုံးမှုရနိုင်ပါတယ်။ ကျမတို့ပြည်သူများဟာ ဆင်ဆင်ခြင်ခြင် ၀ီရိယရှိရှိနဲ့ ဒီနိုင်ငံတိုးတက်ရေးအတွက် ဆက်ပြီးတော့ လုပ်သွားကြပါ။ ကျမ ယုံကြည်တယ်။ ဟင်္သာတမြို့သူ မြို့သားများဟာ ကျမတို့နိုင်ငံရဲ့ ရေရှည်ကောင်းကျိုးအတွက် အများကြီး ပံ့ပိုးနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟင်္သာတဟာဆိုရင် ပြည်သူတွေ ကြားမှာ ညီညွတ်မှုရှိတယ်။ လူမျိုးစုံ၊ ဘာသာပေါင်းစုံ အားလုံး အေးအေးချမ်းချမ်း နေနိုင်တယ်။ ဒါဟာ ကျမတို့နိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာပဲ။ နောက်ပြီးတော့ စောစောကကျမပြောသလိုပေါ့။ ဟင်္သာတက မြို့သူမြို့သားတွေက သံပြိုင်ဆိုတာတောင်မှ ညီညီညာညာ ဆိုနိုင်တယ်။ အဲဒီလိုဆိုရင် အလုပ်လုပ်တဲ့အခါမှာလည်း ညီညီညာညာနဲ့ လုပ်နိုင်မယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။”

ဒီမိုကရေစီ ရှိလား၊ မရှိဘူးလား ပြည်သူကပဲ ဆုံးဖြတ်ချက်ပေးနိုင်တယ်

“နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီ ရှိလား မရှိဘူးလားဆိုတာကို ဘယ်သူတွေက ဆုံးဖြတ်ချက်ပေးနိုင်လဲ ဆိုတော့ ပြည်သူတွေကပဲ ဆုံးဖြတ်ချက်ပေးနိုင်တယ်။ ကိုယ့်ရဲ့ နိုင်ငံမှာ ကိုယ့်ရဲ့ အခွင့်အရေးတွေကို တကယ်ပဲ ပြည့်ပြည့်၀၀ အကာအကွယ်ပေးထားသလား။ လူတိုင်းလူတိုင်းဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရနေသလား၊ လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံအတွက် ကိုယ်လုပ်ပေးချင်တဲ့ အတိုင်းအတာအထိ ဥပဒေဘောင်းအတွင်းကနေပြီး လုပ်ပေးပိုင်ခွင့် ရှိရဲ့လား ဆိုတာဟာ ပြည်သူတွေကပဲ စဉ်းစားပြီး ဆုံးဖြတ်ရမှာ ဖြစ်တယ်။” ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီ ၂၈ ဇလွန်လူထုတွေ့ဆုံပွဲ မိန့်ခွန်း ကောက်နုတ်ချက်

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment