ကာတွန်းထဲက တွတ်ပီနှင့်ပုံစံတူမဟုတ်သော်လည်း ဇာတ်ကားကြည့်ရှုပါက တွတ်ပီဆိုသည့်ဇာတ်ရုပ်ဖြစ်အောင် သရုပ်ဆောင်ထားကြောင်း မကြာမီရုံတင်မည့် လော်မင်္ဂလာ ရုပ်ရှင်ဇာတ်ကားတွင် တွတ်ပီ ကာရိုက်တာဖြင့် သရုပ်ဆောင် ထားသည့်လူမင်းကပြောသည်။
‘‘ပထမအကြိမ်ရိုက်တုန်းကလည်း တွတ်ပီဇာတ်ကောင် က ကိုယ်နဲ့မလိုက်တဲ့အတွက် ငြင်းခဲ့တယ်။ ဒါပေမဲ့ ဒါရိုက်တာနဲ့အကျေအလည်ဆွေးနွေးတဲ့အခါ ကာတွန်းထဲကတွတ်ပီဆိုတဲ့ခေါင်းတုံးလေးနဲ့ ဦးထုပ်သေးသေးလေးကို မြင်မနေဘဲ ဒီဇာတ်ကားရဲ့ဇာတ်ကောင်တစ်ကောင်အဖြစ်မြင်ပြီး ကာတွန်းထဲကတွတ်ပီရဲ့ကာရိုက်တာကိုအခြေခံပြီး သရုပ်ဆောင်ပါလို့ ဒါရိုက်တာကပြောလို့ အဲဒီ စိတ်နဲ့ပဲသရုပ်ဆောင်ခဲ့တာပါ’’ဟု လူမင်းကပြောသည်။
ယင်းဇာတ်ကားတွင် လူမင်းနှင့်အတူ ဒေါ်သေးမျှင်အဖြစ် မေသဉ္ဇာဦး၊ ဗိုက်ကလေးအဖြစ် ဖိုးချစ်တို့ကပါဝင်သရုပ်ဆောင်ထားပြီး ဆွေမင်း(ဓနုဖြူ) ၏ ဇာတ်လမ်းများအတိုင်း ကျေးလက်သဘာဝကိုအဓိကပုံဖော် ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကားဖြစ်သည်။
‘‘ရုပ်ပြကိုရုပ်ပြအနေနဲ့ခံစား ပြီး ရုပ်ရှင်ကိုရုပ်ရှင်အနေနဲ့ ခံစားတဲ့အချိန်မှာတော့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အားရပါတယ်’’ဟု ၎င်းပါဝင် သရုပ်ဆောင်သည့် ဇာတ်ရုပ်နှင့် ပတ်သက်၍ လူမင်းကပြောသည်။
ယင်းဇာတ်ကားတွင် လူမင်းနှင့်အတူ အခြားနာမည်ကြီးသရုပ်ဆောင်များပါဝင်သရုပ်ဆောင်ထားပြီး ကွယ်လွန်သွားပြီဖြစ်သည့် မော့စ်နှင့်ကုသိုလ်တို့၏ သရုပ်ဆောင်မှုများကို လည်း တွေ့နိုင်မည်ဖြစ်ကာ မြန်မာနှစ်ဆန်းတစ်ရက်တွင် စတင်ရုံတင်ပြသမည်ဖြစ်သည်။
0 comments:
Post a Comment