Miss Grand International ပြိုင်ပွဲကနေ မြန်မာကိုယ်စားပြု ဘာကြောင့်နှုတ်ထွက်သလဲ

Miss Grand International 2014 မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအလှမယ် M Ja Seng (photo - Miss Grand Myanmar facebook)

ကမ္ဘာတ၀ှမ်းက စစ်ပွဲတွေ ရပ်တန့်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Miss Grand International ပြိုင်ပွဲကြီးတွင် Miss Golden Land Myanmar Oraganization ကနေ မြန်မာပြည်ကိုယ်စားပြု အနေနဲ့ အလှမယ်တွေကို ဒီနှစ်ကစလို့ နောက်ပိုင်းတွေမှာ စေလွှတ်ယှဉ်ပြိုင်စေတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Miss Golden Myanmar Organization ဟာ Miss Grand Myanmar အလှမယ်တွေကို အဲ့ဒီပြိုင်ပွဲသို့ ၂၀၁၃ ခုနှစ်မှာ အလှမယ် ထားထက်ထက်နဲ့ ၂၀၁၄ ခုနှစ်မှာ အလှမယ် M ဂျာဆိုင်းတို့နှစ်ဦးကို စေလွှတ်ယှဉ်ပြိုင်စေခဲ့ ပြီးပါပြီ။

ဒီနှစ်မှာ ဘာကြောင့် Miss Grand International ပြိုင်ပွဲကြီးကနေ တရားဝင်နှုတ်ထွက်လိုက်ရတာလဲ။

“Miss Grand International ပွဲက သူတို့ ပထမဆုံးကျင်းပတဲ့ ၂၀၁၃ ကတည်းကစပြီး ၂ နှစ်တိတိ စေလွှတ်ခဲ့တယ်။ မနှစ်ကပွဲမှာတော့ ကျနော်တို့ M ဂျာဆိုင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ အဲ့ဒီပွဲမှာ အဓိကကတော့ voting စနစ်ရှိတယ်။ အဲ့ဒီမှာ ပရိတ်သတ်တွေ ပေးတဲ့ မဲကို percentage system အချိုးကျစနစ် နဲ့ သွားတယ်။ စက္ကန့်ပိုင်းအတွင်း မယ်မြန်မာရရှိနေတဲ့ vote တွေကို အများကြီး ဖြုတ်ဖြုတ် ချတယ်။ အဲ့လို ဖြုတ်ချတာကို ပရိတ်သတ်တွေကလည်း screen shot တွေနဲ့ ရိုက်ထားတာရှိတယ်။ နောက်ပြီး ဗီဒီယိုဖိုင်နဲ့ပါ ယူထားတာရှိတော့ ဒါကို Miss Grand International ပွဲရဲ့ organization ကို ကျနော်တို့ဘက်က တင်ပြခဲ့တယ်။ တင်ပြတာကို သူတို့က အသိအမှတ်မပြုသလို ဘာမှ voting စနစ်ကို ပြောင်းလဲပေးခြင်းမရှိဘူး။ တာဝန်ယူဖြေရှင်းပေးခြင်းမရှိဘူး။ နောက် သူတို့ဘက်က ဘယ်လိုပြောလဲဆိုတော့ ဒီပွဲက voting ပြိုင်ပွဲ မဟုတ်ဘူးပေါ့နော်။ အဓိက အရည်အချင်းရှိရင် ရလိမ့်မယ်ဆိုပြီး သူတို့ရဲ့ အဲ့လို အကြောင်းပြချက်ပေးခဲ့တယ်။ ဒီလို voting တွေလွဲမှားတာနဲ့ပတ်သက်လို့ ပရိတ်သတ်တွေက လူမှုကွန်ရက်မှာ မကျေမနပ်ပြောတာတွေ ဖြစ်လာတယ်။ အဲ့ဒီမှာ မြန်မာဖေ့ဘုတ် အသုံးပြုသူတွေကို သူတို့ရဲ့တရားဝင် ဖေ့ဘုတ် စာမျက်နှာကနေ Ban တာတို့ Delete လုပ်တာတို့ Block လုပ်တာတို့ လုပ်တယ်။ နောက် ရိုင်းရိုင်းစိုင်းစိုင်း ပြန် တုန့်ပြန်တာတွေလည်း ရှိတယ်။ ဒါကတော့ voting မှာ လွဲမှားတဲ့တချက်ပေါ့။” လို့ Miss Golden Land Myanmar Organization မှ ကိုဝေယံအောင်က ဧရာဝတီကို ပြောပါတယ်။

နောက်တချက်ကတော့ ၎င်းတို့ရဲ့ လူမှုကွန်ရက်ကနေ အလှမယ်တို့ရဲ့ နေ့စဉ်လှုပ်ရှားမှု ဓာတ်ပုံတွေကိုဖော်ပြလေ့ရှိတာမှာ နိုင်ငံအနည်းစုကိုပဲ အဓိက အသားပေးဖော်ပြတဲ့အတွက် သူတို့ရဲ့ ပေ့ခ်ျတွေမှာ မြန်မာပရိတ်သတ်တွေက မြန်မာမယ်ကို လစ်လျူရှုထားတယ်လို့ ပြောတဲ့အခါမှာ သူတို့အနေနဲ့ မယ်မြန်မာနဲ့ပတ်သက်ရင် လုံးဝဖော်ပြခြင်းမရှိတော့တာတွေနဲ့လည်း ကြုံတွေ့ရတယ်လို့ ကို ဝေယံအောင်က ဆက်ပြောပါတယ်။

နောက်ပြီး သူ ဆက်ပြောပြတာက “တကယ်လို့ ရေကူးဝတ်စုံနဲ့ပုံတို့ ညနေခင်းဝတ်စုံနဲ့ပုံတို့ တက်လာတယ်ဆိုရင်တောင် လုံးဝအဆင်မပြေတဲ့ပုံတွေကို တင်ပေးတယ်။ သူတို့ရိုက်တဲ့အခါမှာ လျှပ်တပြက်တွေရိုက်ကြတာဆိုတော့ အဲ့ထဲမှာမှ တင်ဖို့ မသင့်တော်တဲ့ ပုံမျိုးတွေတက်လာတာတွေ့ရတယ်။ အဲ့ဒီအခါမှာ ကျနော်တို့အနေနဲ့ အများကြီး စိတ်မကောင်းဖြစ်ရတယ်။ နောက်တခုက အလှမယ်တွေကို ခွဲခြားပြီး ဆက်ဆံတယ်။ နိုင်ငံအချို့ကိုပဲ အလေးပေးပြီး ဖော်ပြတယ်။ ဖိုင်နယ်မှာ အယောက် ၂၀ ရွေးသွားတော့လည်း သူတို့ တလလုံးအလေးထားဆက်ဆံတဲ့ ခွဲခြားပြီးဆက်ဆံတဲ့ မယ်တွေသာ  စကာတင်ထဲကို ရွေးချယ် သွားတယ်။ ကျနော်တို့အနေနဲ့ အဆင့်ဆင့်ကို ပြန်သုံးသပ်တဲ့အခါမှာ ဒီနှစ်မှာ စေလွှတ်ဖို့ မသင့်တော်တဲ့ ပွဲအဖြစ် သတ်မှတ်ပြီးတော့ ဒီ Miss Grand International ပွဲကို မစေလွှတ်တော့တာပါ” လို့  သူက ရှင်းပြပါတယ်။

Source:http://blog.irrawaddy.org/2015/03/miss-grand-international.html






Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment