လက်ပံတန်းသပိတ် အကြမ်းဖက်ဖြိုခွင်းရာ၌ ကြက်ခြေနီယာဉ်ပါ တိုက်ခိုက်ခံခဲ့ရ


ရန်ကုန်၊ မတ် ၁၁

လက်ပံတန်းမြို့တွင် တားဆီးပိတ်ဆို့ခြင်း ခံထားရသည့် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရစဉ် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် ကန်ကျောက်ခဲ့မှုကြောင့် ဒဏ်ရာရရှိသူများအား ကုသပေးနေသည့် ကြက်ခြေနီယာဉ်အား ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များဖြင့် ရိုက်၍ အတွင်းရှိ လူနာများကိုပါ ရိုက်နှက်ကာ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း အဆိုပါ ယာဉ်ပေါ်ရှိ အရေးပေါ်တာဝန်ခံ ကိုဉာဏ်ထွန်းက မတ်(၁၁) ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

မတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် လက်ပံတန်း အကြမ်းဖက် ဖြိုခွင်းခံရမှုတွင် ဒဏ်ရာရ လူနာများအား ကျောင်းသားသပိတ် စစ်ကြောင်းကို အကူအညီ ပေးနေသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကြက်ခြေနီယာဉ်ပေါ်တွင် ကုသမှုပေးနေစဉ် ရဲတပ်ဖွဲ့ဝင်များက လူနာတင် ကြက်ခြေနီယာဉ်အား ထုရိုက်ပြီး ယာဉ်ထဲမှ လူနာအချို့အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

““သူတို့ ကျောင်းသားတွေကို လိုက်ရိုက်တော့ ကျောင်းသားတွေ နောက်ကို ဓာတ်တိုင် ၂ တိုင်စာလောက် ဆုတ်သွားတယ်။ မိတဲ့သူကို ဒယဥ့်တိုက်ပြီး ဆွဲခေါ်သွားတာ။ ကားတစ်စီးကလည်း လူနာတွေ သွားပို့နေတော့ ကျွန်တော်တို့ ကားပေါ်မှာ လူ(၇)ယောက် (၈) ယောက်လောက်ရှိ တယ်။ ဆေးကုသမှု ခံယူနေတာ။ အဲဒီ ကျောင်းသားတွေနောက် လိုက်သွားတဲ့ရဲတွေ ကျွန်တော်တို့ လူနာတင်ကားနားကို ပြန်ရောက်တော့ ရဲတစ်ယောက်က မင်းတို့လည်းပါတယ် မဟုတ်လား ဆိုပြီးတော့ လူနာတွေကို ရိုက်တယ် ခဲနဲ့ပစ်တယ်။ ဒဏ်ရာ ရတဲ့သူတွေကို ထပ်ပြီးတော့ နာကျင်အောင် ပြုလုပ်တယ်။ လူနာတွေကို ချခိုင်းတာ ကျွန်တော်တို့က လူနာတွေမို့ ချပေးလို့မရဘူး ပြောတော့ ရဲတပ်သားတစ်ယောက်ကနေ ကားဘော်ဒီကို ရိုက်လိုက်တယ်။ နောက်ထပ်ရိုက်ပြီး ကားရှေ့မှန်ကို ရိုက်တာမကွဲဘူး။ နောက် ကြည့်မှန်တော့ ကွဲသွားတယ်။ တချို့ လူနာတွေ ကိုလည်း ဆွဲခေါ်သွားတယ်””ဟု နာရေးကူညီမှုအသင်း ကြက်ခြေနီယာဉ် အရေးပေါ်တာဝန်ခံ ကိုဉာဏ်ထွန်းက မြန်မာ သံတော်ဆင့် သို့ ပြောသည်။

ယခုကဲ့သို့ လက်ပံတန်းသပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရသူဖြစ်စဉ် တွင် ကျောင်းသား ၅၂ဦး၊ ကျောင်းသူ ၁၃ ဦး၊ အရပ်သူအရပ်သား ၆၂ ဦးဖမ်းဆီးခံခဲ့ရပြီး အချို့မှာ ဒဏ်ရာများရရှိပြီး လက်ပံတန်း ဆေးရုံကြီး ၌ ဆေးကုသမှု ခံယူနေရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ““လူနာကို ဆွဲတယ်။ လူနာကိုဆွဲတော့ ၀န်ထမ်းတွေက အဆွဲမခံဘူး။ ကားကို ရိုက်တယ်။ ကားထဲကို ခဲနဲ့ပစ်တယ်။ လူစိတ်ပျောက်နေတယ်။ ဗြဟ္မစိုရ်တရားတွေ ပျောက်နေတယ်။ ဒီလို အကြမ်းဖက်တာကတော့ မလုပ်သင့်တဲ့ ကိစ္စပါ”” ဟု နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခုကဲ့သို့ ကြက်ခြေနီယာဉ်အား ရဲတပ်ဖွဲ့ဝင်များက တိုက်ခိုက်ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များက တစ်စုံတစ်ရာ သတင်း ထုတ်ပြန်ခြင်း မရှိပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ လောက်ကိုင် ဒေသတွင် မြန်မာ့ တပ်မတော်နှင့် ဖုန်ကြားရှင်၏ တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားစဉ် ကယ်ဆယ်ရေး ကြက်ခြေနီယာဉ် တန်း တိုက်ခိုက်ခံခဲ့ရပြီး အဆိုပါဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခဲ့သည်။

နိုင်ငံတကာ ကျင့်ထုံးများအရ စစ်ဖြစ်နေသည့် အရပ်ဒေသများ၌ ကြက်ခြေနီယာဉ်အား တိုက်ခိုက်ခြင်း မပြုရန် တားမြစ်ထားသည်။

နေမျိုးဝင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment