ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို လွတ်ပေးဖို့ တောင်းဆိုကြ

(Credit: Reuters) 
ပဲခူးတိုင်း ​လက်ပံတန်းမြို့က ​ဆန္ဒပြ ​ကျောင်းသားတွေနဲ့ ​ရဲတွေအကြား ​ရုန်းရင်းဆန်ခမှု ​ဖြစ်ခဲ့ရာက ​လူပေါင်း ​၁၂၀ ​ကျော်ကို ​အာဏာပိုင်တွေက ​ထိန်းသိမ်းလိုက်ပါတယ်။ ​ဖမ်းဆီးထားသူတွေကို ​လွတ်ပေးဖို့ ​အဖွဲ့အစည်းတချို့ကလည်း ​တောင်းဆိုနေကြပါတယ်။

ထိန်းသိမ်းခံရသူ ​၁၂၇ ​ယောက်ထဲမှာ ​အမျိုးသား ​၁၀၇ ​ယောက်ပါဝင်ပြီး ​အမျိုးသမီး ​အယောက် ​၂၀ ​ပါဝင်တယ်လို့ ​အစိုးရက ​တရားဝင် ​ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးထားတဲ့ ​ကျောင်းသားတွေကို ​ချက်ချင်းလွတ်ပေးဖို့ ​အဖွဲ့အစည်းအများကလည်း ​တောင်းဆိုနေကြပါတယ်။ ​လက်ပံတန်းက ​ပင်မ ​ကျောင်းသားသပိတ်နဲ့ ​ရုန်းရင်းဆန်ခမှု ​ဖြစ်ပွားစဉ်အတွင်း ​ရဲတွေက ​နံပါတ်တုတ်တွေနဲ့ ​ရိုက်ခဲ့သလို ​ဖမ်းဆီးခံရပြီးသား ​လူတွေကိုလည်း ​ထပ်မံ ​ရိုက်နှက်တဲ့ ​ဗီဒီယိုတွေ ​တွေ့နေရပါတယ်။ ​ဘုန်းကြီးကျောင်းထဲ ​ပြေးဝင်တဲ့ ​ကျောင်းသားနဲ့ ​သံဃာတော်တွေကိုလည်း ​ရဲတွေက ​ကျောင်းဝင်းထဲအထိ ​လိုက်တာတွေ၊ ​လူနာတင်ယာဉ်နဲ့ ​ကျောင်းသားတွေ ​ရှိနေတဲ့ ​ကားရဲ့ ​မှန်တွေကိုလည်း ​ရိုက်ခွဲပစ်တာမျိုး ​လုပ်တဲ့ ​ပုံတွေကို ​တွေ့နေရပါတယ်။

မြန်မာ ​အစိုးရကတော့ ​ရဲတွေက ​ဥပဒေနဲ့အညီ ​လူစုခွဲခဲ့တယ်လို့ ​ပြောဆိုထားပါတယ်။ ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဥရောပ ​သမဂ္ဂ ​အီးယူက ​ရဲတွေအနေနဲ့ ​ဆန္ဒပြသူတွေအပေါ် ​အကြမ်းဖက် ​နှိမ်နင်းတယ်လို့ ​ကြားရတဲ့အပေါ် ​အထူးပင် ​စိုးရိမ်မကင်း ​ဖြစ်ရတဲ့အကြောင်း၊ ​ဒီကိစ္စကို ​အမြန်ဆုံး ​စုံစမ်းစစ်ဆေးမှု ​လုပ်ဖို့ ​တိုက်တွန်းကြောင်း ​တုန့်ပြန်ထားပါတယ်။

အီးယူအနေနဲ့ ​မြန်မာအစိုးရအပြင် ​NLD ​ရဲ့ ​တောင်းဆိုချက်တွေကြောင့် ​မြန်မာရဲတွေကို ​သင်တန်းတွေ ​ပေးခဲ့ပြီး ​ဒီဖြစ်ရပ်ကို ​ကြည့်ပြီးတော့ ​သင်တန်းတွေ ​လိုအပ်ဦးမယ်ဆိုတာကို ​ကောက်ချက် ​ချကြောင်း ​ပါရှိပါတယ်။

အီးယူက ​လူ့အခွင့်အရေး ​လေးစားဖို့၊ ​ညှိနှိုင်းဆွေးနွေးမှုတွေ ​လုပ်ဖို့၊ ​မတတ်သာတဲ့ ​အဆုံးမှ ​တော်တန်ရုံ ​ဖြိုခွင်းမှုလုပ်ဖို့ ​သင်တန်းတွေ ​ပေးခဲ့တယ်လို့ ​ပြောပါတယ်။ ​ဒီလိုမျိုး ​ဖြစ်ရပ်မှာလည်း ​အီးယူကနေ ​သင်တန်းပေးထားတဲ့ ​ရဲတွေကိုသာ ​စေလွှတ်ဖို့ ​အီးယူက ​အကြံပြုထားပြီး ​သင်တန်းမတက်ရသေးတဲ့ ​ရဲတွေကို ​အသုံးပြုတဲ့အပေါ် ​ရှုတ်ချကြောင်း ​ပါရှိပါတယ်။

ရဲတွေရဲ့ ​လုပ်ရပ်ကို ​ကုလသမဂ္ဂအပါအဝင် ​နိုင်ငံတကာ ​လွတ်ငြိမ်းချမ်းသာခွင့် ​Amnesty ​International ​အဖွဲ့နဲ့ ​အမေရိကန် ​လွှတ်တော်အမတ်တွေကလည်း ​ရှုတ်ချခဲ့ကြပါတယ်။ ​မြန်မာနိုင်ငံ ​စာနယ်ဇင်းကောင်စီ ​(ယာယီ) ​အဖွဲ့ကလည်း ​ရှုတ်ချကြောင်း ​ထုတ်ပြန်ထားပါတယ်။

လက်ပံတန်းက ​ကျောင်းသားတွေ ​နှိမ်နင်းခံရပြီ ​ဆိုတဲ့ ​သတင်းကြောင့် ​ရန်ကုန်မြို့ ​လှည်းတန်းမှာ ​ဆန္ဒပြမှုတွေ ​လုပ်ခဲ့ကြသလို ​မြင်းခြံမြို့နဲ့ ​လွိုင်ကော်မြို့တွေမှာလည်း ​ပြုလုပ်ခဲ့ကြပါတယ်။

သြစတြေးလျရောက် ​မြန်မာတွေကလည်း ​မနက်ဖြန် ​ကြာသပတေးနေ့မှာ ​ဆစ်ဒနီမြို့ရှိ ​နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို ​အိတ်ဖွင့်စာ ​တစ်စောင်ပို့ပြီး ​ဆန္ဒပြမှုတွေ ​လုပ်မှာ ​ဖြစ်သလို ​သောကြာနေ့ကျရင်တော့ ​မြို့တော် ​ကင်ဘာရာမြို့ရှိ ​မြန်မာသံရုံးရှေ့မှာ ​ဆန္ဒပြမှုတွေ ​ပြုလုပ်သွားဖို့ ​ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment