ဆက်ဆံရေးကတော့ ပုံမှန်တော့ ဟုတ်ချင်မှ ဟုတ်မယ်။ သို့သော်ရန်သူဖြစ်သွားဖို့ထိမရှိဘူး။

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်တွင် ၂၀၁၃ ခုနှစ်အတွင်း လှုပ်ခဲ့သော ငလျင်ဘေးခံ တရုတ်ပြည်သူများအတွက် မြန်မာ-ရုတ် ချစ်ကြည်ရေးအသင်းက အမေရိကန်ဒေါ်လာ ၆၆,ဝ၀ဝ တန်ဖိုးရှိ ဆန်အိတ်များ လှူဒါန်းပွဲတွင် တရုတ်သံအမတ်ဟောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် (ဝဲမှယာ လေးဦးမြောက်) ကို တွေ့ရစဉ်။ (ဓာတ်ပုံ - တရုတ်သံရုံး)
တရုတ်သံ အမတ်ဟောင်း ဦးစိန်ဝင်းအောင်နှင့် မေးမြန်းခြင်း
မဇ္ဈိမမှ သတင်းထောက်ကေဇူး တွေ့ဆုံမေးမြန်းသည်။
ရန်ကုန် (မဇ္ဈိမ)။ ။ ဖေဖော်ဝါရီ ၉ ရက်မှ စတင်၍ တရုတ်-မြန်မာ နယ်စပ်ရှိ လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့် တပ်မတော်တို့ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေ ပြောင်းလဲသွားနိုင်မှုအပေါ် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ၊ လက်ရှိတွင်ရွှေတိဂုံစေတီတော် ဂေါပကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဦးစိန်ဝင်းအောင်အား မဇ္ဈွိမ သတင်းထောက်က ဆက်သွယ်မေးမြန်းမှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
အမေး။ ။ အန်ကယ် တရုတ်သံအမတ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလမှာ တရုတ်မြန်မာဆက်ဆံရေးအခြေအနေ ဘယ်လိုရှိလဲ။
အဖြေ။ ။ ၂၀၀၀ -၂၀၀၃ ထိလုပ်ခဲ့တာပေါ့ ။အဲဒီတုန်းက တရုတ်သမ္မတ ကျန်စီမင်းသည် မြန်မာပြည်ကို တစ်ခေါက်လာခဲ့တယ်။မြန်မာခေါင်းဆောင်တွေလည်းသွားခဲ့တယ်။ ရင်းနှီးမှုက အတော့်ကိုကောင်း နေတဲ့ကာလ လို့ပြောရမယ်။
အမေး။ ။ အဲဒီကာလမှာ တရုတ်နိုင်ငံက ရင်းနှီးမြုပ်နံမှုတွေကော ဘာတွေ လုပ်နေပြီလဲ။
အဖြေ။ ။ ရင်းနှီးမြုပ်နံမှုအနေနဲ့ စက်ရုံအလုပ်ရုံတွေ ရှိနေပြီ။စက္ကူစက်ရုံ၊အကြီးစားစက်မှုလက်မှုလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊လယ်ထွန်စက်၊အပ်ချုပ်စက်၊အထည်ချုပ်စက်၊ဖိနပ်ချုပ်စက်တွေလုပ် နေပြီး၊ သယံဇာတနဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြုပ်နံတာတော့မရှိသေးဘူး၊ ကမ်းလွန်ရေနံလုပ်ကွက်တွေနဲ့ပတ်သက်ပြီးတော့ စတင်နေပြီ။
အမေး။ ။ အဲဒီကာလတုန်း တရုတ်မြန်မာနယ်စပ်တိုင်းရင်းသားတွေနဲ့ တရုတ်လူမျိုးတွေရဲ့ဆက်စပ်မှု အခြေအဘယ်လိုရှိလဲ။
အဖြေ။ ။ အဲဒီအချိန်တုန်းက ကိုးကန့်တို့ ၀တို့က မြန်မာတိုင်းရင်းသားစစ်စစ်အဖြစ်ရှိတယ်။ မြန်မာပြည် မြေပုံကိုထောင်ကြည့်လိုက်ရင်ညာဘက်အစွန်ဆုံးမှာ လက်မပုံစံရှိတယ်၊အဲဒီမှာ မိုင်းလားဒေသ ၈၁၅ ဆိုတာရှိတယ်။အဲဒီအောက်မှာ "၀"လူမျိုးတွေနေတယ်။နောက်ပြီး ဆက်လာရင် ကိုးကန့်လူမျိုးတွေ နေတယ်။မြစ်ကြီးနား၊ဗန်းမော်ဘက်မှာ KIA အခုခေါ်တဲ့သူတွေနေတယ်။ အဲဒီရဲ့အောက်ဘက်ကိုဆက် သွားရင် ပန်ဝါဆိုတဲ့အရပ်မှာ  ကချင်ပဲ ဒါပေမယ့်ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)သြဇာခံတယ်။ အဲဒီငါးဖွဲသည် နယ်စပ်ပေါ်မှာထိုင်ထားတယ်။
အမေး။ ။ ဆိုတော့ အဲဒီကာလမှာ တိုင်းရင်းသားဒေသတွေကို တရုတ်လူမျိုးတွေရဲ့ စိမ့်ဝင်လာမှုတွေ မရှိသေးဘူးပေါ့။
အဖြေ။ ။ မရှိဘူး။မရှိသေးဘူး။ယခင်တုန်းက ဗကပ ဆိုတာရှိတယ်။ခုနက အဖွဲ့ငါးဖွဲ့မှာ KIA ကလွဲလို့ ကျန်တဲ့သူတွေ ဗကပ သြဇာခံတွေချည်းပဲ။နောက်တစ်ခါ ကျတော့ ဗကပ ဆီက အာဏာစသိမ်းတာ ကိုးကန့်ပဲ။ ကိုးကန့်၊"၀"၊၈၁၅ ကအာဏာသိမ်းလိုက်တော့ ဗကပ ထွက်သွားပြီးရွှေလီဘက်မှာ အခြေချနေတယ်။ နောက်ဆုံးကျန်တဲ့သူက ရဲဘော်ထွန်း ခေါ် ကျင်မောင် ဟိုတစ်လောက ဆုံးသွားပြီ။သူကနေ ထရိန်နင်းပေးပြီးတော့ လက်ကျန်ကွန်မြူနစ်တွေကို ပြည်တွင်းမှာထားခဲ့တယ်။
အမေး။ ။ နယ်စပ်ဒေသတွေကတစ်ဆင့် တရုတ်လူမျိုးတွေနဲ့ တိုင်းရင်းသားတွေနဲ့သွေးနှောလာတဲ့ကာလက ဘယ်လောက်ကစခဲ့သလဲ။
အဖြေ။ ။ သွေးနှောတာကတော့ တိဘက်ကုန်းပြင်မြင့်က ဆင်းလာကတည်းကပဲ။ သမိုင်းဦးအစကတည်းကသွေးနှောခဲ့တာလို့ပြောရမှာပေါ့။
အမေး။ ။ ဖုန်ကြားရှင်အဖွဲ့က တရုတ်နဲ့ ဆက်စပ်မှုရှိတယ်လို့ပြောနေကြတဲ့အပေါ်မှာ နှစ်နိုင်ငံဆက်ဆံရေးကပြောင်းလဲလာနိုင်လား။
အဖြေ။ ။ တကယ့်ဖြစ်စဉ်အမှန်ကိုသိဖို့တော့လိုတယ်။အခုဒီထဲမှာပါတယ်ဆိုတာက တရုတ်ပြည်က လူတွေတရားဝင် နေတာမဟုတ်ဘူးလို့သိရတယ်။ ဘာလဲဆိုရင် အဲဒီဒေသကလူတွေကို ဖုန်ကြားရှင်တို့က ပိုက်ဆံပေးပြီးခေါ်လာတာလဲဖြစ်နိုင်တယ်။တရုတ်အစိုးရကနေပြီး တရားဝင် သွားလုပ်ကြဟေ့ဆိုပြီးလုပ်တဲ့သူမပါဘူး။ဒါကြောင့်မို့ ဒီကစ္စဟာ အခု ဆန္ဒပြနေသလို ပေါ့ဗျာ သောကောရောကောတွေလည်းပါလာနိုင်တယ်။အဲဒါကို တစ်ဖက်က ပါတယ်ဆိုတာမျိုး တွန်းပြီးပို့နေမယ်ဆိုရင် ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေး ရှုပ်ရှုပ်ထွေးထွေးဖြစ်လာနိုင်တယ်။ပြည်သူတွေရော အစိုးရရော သတိထားသင့်တဲ့ကိစ္စပါ။
အမေး။ ။ ဒီလိုမျိုး အခြေအနေတွေနဲ့ တခြားတစ်ဖက်က တရုတ် ဗမာလူမျိုးရေး ဆိုတဲ့အခြေအနေတွေပေါ်မှာကော ရှုပ်ထွေးလာနိုင်လား။
အဖြေ။ ။ ရှုပ်ထွေးလာစရာ ၊ပဋိပက္ခဖြစ်စရာမရှိပါဘူး။ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ခြင်းမူငါးရပ်ပေါ် မှာနေထိုင်မယ်ဆိုရင် ဘာမှ ဖြစ်လာစရာမရှိဘူး။အယူဝါဒမတူ၊အရောင်အသွေးမတူလို့ ဒို့နဲ့မတူ ဒို့ရန်သူပဲဆိုရင်တော့ဖြစ်လာမှာပေါ့။ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့စိတ်ဓာတ်ပေါ်မှာအခြေခံပြီး တော့ လူတွေပေါ်မှာဆက်ဆံဖို့လိုတယ်။
အမေး။ ။ အစိုးရ၀န်ကြီးတွေဘက်က တော့ တရုတ်ကမပါဘူးပြောတယ်၊တပ်ဘက်ကတော့ တရုတ်လူမျိုးတွေပါဝင်တယ်လို့ပြောတယ် ဒီအပေါ်မှာ ဘယ်လို ရှုမြင်လဲ။
အဖြေ။ ။ သတင်းစာတွေ ၊တီဗီတွေကြည့်သလောက်မှာ သူပြောတာက တရုတ်ဘက်ကနေပြီးတော့ ဘာခေါ်မလဲ တရုတ်အစိုးရက လွှတ်လိုက်တာလို့ပြောမထားဘူး။ ကြေးစားလက်နက်ကိုင်များပါဝင်နိုင်တယ်ဆိုပြီးဒီလိုပြောတယ်။ တရုတ်စစ်သားတွေ ပါတယ်လို့မပြောဘူး။ အစိုးရကလည်းတရုတ်ဘက်က ပါတယ်လို့မပြောဘူး။အဓိပ္ပာယ်ကတော့ အတူတူပဲ။ ကွဲလွဲနေတာမရှိဘူး။အဲတော့ ကိုယ်လိုချင်တာကိုယ်ဆွဲပြီးတော့ တရုတ်ဘက်ကလွှတ်နေတယ်ဆိုတာမျိုးပြောနေရင်တော့ လွှဲလိမ့်မယ်။
အမေး။ ။ လတ်တလောဖြစ်တဲ့ကိစ္စကြောင့် တရုတ်မြန်မာဆက်ဆံရေးမှာ အဟန့်အတားတစ်ခုဖြစ်နိုင်လား။
အဖြေ။ ။ ဒီဘက်က ဆက်ပြီးလွဲမှားတဲ့ အသံတွေ ထုတ်လွင့်နေသေးရင်တော့ ဆက်ဆံရေးမှာ အဟန့်အတားတော့ ဖြစ်မှာပေါ့။ အိမ်နီးနားချင်းနှစ်ခုမှ ဒီဘက်နေပြီး အော်ကြီးဟစ်ကျယ်လုပ်နေရင် ဘယ်ခံနိုင်မလဲ ဒါတော့ရှိတယ်။ ဆက်ဆံရေးကတော့ ပုံမှန်တော့ ဟုတ်ချင်မှ ဟုတ်မယ်။ သို့သော်ရန်သူဖြစ်သွားဖို့ထိမရှိဘူး။ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ မဟာဗျူဟာမိတ်ဘက် ဆက်ဆံရေးဆိုတဲ့ အခြေအနေတစ်ခုထိတည်ဆောက်ပြီးသားဖြစ်တယ်။ရန်သူတော့မဖြစ်နိုင်ဘူး။ဒါပေမယ့်ဒါကို နားလည်မှုရှိဖို့အတွက်။နှစ်နိုင်ငံနားလည်မှုပြန်ပြီးရယူရဖို့ဟာတစ်ခုတော့ဖြစ်လာနိုင်တာပေါ့။
အမေး။ ။ အခုလိုမျိုးဖြစ်တဲ့အပေါ်မှာ တရုတ်နိုင်ငံရဲ့ရှေ့ဆက်မယ့် ရင်းနှီးမြုပ်နံမှုတွေအတွက်ကော အဟန့်အတားတစ်ခုဖြစ်နိုင်လား။
အဖြေ။ ။ ယုံကြည်မှုတော့နည်းသွားတဲ့သဘောတော့ရှိမှာပေါ့ဗျာ။တရုတ်-မြန်မာဆက်ဆံရေးမှာ တရုတ်က လူဦးရေ သန်း၁၅၀၀ ရှိတယ် ၊ဗမာ ကသန်း ၅၀ကျော်ရှိတယ်။အခုဆက်ဆံရေးပုသဏ္ဍန်က အင်အားမတူတဲ့ အုပ်စုနှစ်စုရဲ့ ဆက်ဆံရေးပုံစံ၊အုပ်ချုပ်ရေးပုံသဏ္ဍန်လည်းမတူဘူး။ အဲလိုဖြစ်တဲ့အတွက်ကြောင့် သူတို့သည် အချိန်မရွေးချက်ချင်းကြီးပြောင်းလဲသွားစရာမရှိဘူး။ ဘာကြောင့်လဲဆိုရင် သူ world trade (wt)ကို ၀င်ခွင့်ရဖို့အတွက် ကျွန်တော်တို့ကြိုးစားပေးတယ်။အာဆီယံ+1 ဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစား ပေးတယ်။UN မှာဝင်ခွင့်ရဖို့အတွက် နေရာရဖို့အတွက်ကျွန်တော်တို့ လုပ်ပေးထားတာတွေရှိ တယ်။အရှေ့တောင်အာရှနဲ့ အာရှဒေသမှာ သူ့ကို ဆက်ဆံရေးတွေပိုကောင်းအောင် ကျွန်တော်တို့တွေကူညီထားတာတွေရှိတယ်။ကျွန်တော်တို့အပေါ်မှာ သစ်စိမ်းချိုးချိုး စရာမရှိပါဘူး။
အမေး။ ။ တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအချိန်အထိ တရုတ်-မြန်မာဆက်ဆံရေးကို မျက်ခြေမပြတ်လေ့လာနေတော့ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ်အကြံပြုချင်တာများရှိလား
အဖြေ။ ။ တစ်လျှောက်လုံးသူတို့နဲ့ အိမ်နီးနားချင်းကောင်းဆက်ဆံရေးဆိုတာနဲ့ဆက်ဆံတယ်။ ယခုအဲဒီအဆင့်ကိုကျော်လွန်ပြီးတော့ မဟာဗျူဟာမြောက်ဆက်ဆံရေးဆိုတာကိုပြောင်းလဲ လာတယ်။ တစ်ဆက်တည်းမှာပဲငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူငါးချက်ကို အတည်ပြုခဲ့တယ်။ ဒါကိုအခြေခံ ပြီး တရုတ်ဘက်ကရောမြန်မာဘက်ကရော ဒီအခြေအနေကောင်းကိုဖျက်ဆီး ဖို့မရှိဘူးလို့မြင်တယ်။ နိုင်ငံကြီးတွေကို ဗဟိုပြုခဲ့တဲ့ ဆက်ဆံရေးယခင်ကရှိခဲ့တယ်။ ဒီအခြေခံမူကိုလျော့ဖို့တော့လိုတယ်။ ဒီအပေါ်မှာမျှမျှတတ နဲ့ အဖြစ်မှန်ကို စဉ်းစားဖို့လိုတယ်။
အမေး။ ။ နိုင်ငံကြီးတွေရဲ့ ဗဟိုပြုတဲ့ အချက်ကိုလျော့ချဖို့ဆိုတာ ဘယ်လိုမျိုးလဲ။
အဖြေ။ ။ အနောက်ဘက်မှာ အိန္ဒိယ နိုင်ငံ၊အရှေ့ဘက်မှာတရုတ်နိုင်ငံရှိတယ်။ ဒီနိုင်ငံတွေရဲ့ လူဦးရေများတယ်၊ အင်အားကြီးမားတယ်ဆိုတဲ့ ဗဟိုပြုစဉ်းစားချက်၊အဲဒီအခြေခံမူအပေါ်မှာ လုံးဝ မှီတည်ပြီးစဉ်းစားတာမျိုးမဟုတ်ဘဲနဲ့ ဒီအပြင့် ကနေ့ဖြစ်နေတဲ့ အဖြစ်မှန်ကို ၊ပတ်ဝန်းကျင်အနေအထား၊အခြေအနေအရပ်ရပ်ကို စဉ်းစားပြီးဆောင်ရွက်ရဖို့ လိုတယ်။ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့အတွက် ဆိုတဲ့စဉ်းစားချက်တစ်ခုနဲ့ မရဘူး။
Source:http://www.mizzimaburmese.com/2013-10-20-16-34-56/item/39641-2015-02-24-17-20-32
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment