ကျောင်းသားမဟုတ်လို့ ဦးရဲထွဋ်ပြောထားတဲ့ မုတ်ဆိတ်နဲ့လူရဲ့ ရင်ဖွင့်သံ


မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့မှာ  ကျောင်းသားသပိတ် စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေဟာ အွန်လိုင်းသုံးစွဲသူ ပြည်သူအကြားရော မီဒီယာလောကမှာပါ ဒီကနေ့အထိ ပလူပျံနေအောင် ရှယ်နေကြ တင်နေကြ ပြောဆိုနေကြတုန်းပါပဲ။
အဲ့ဒီ ဓာတ်ပုံတွေထဲကမှ ဓာတ်ပုံတခုမှာ မုတ်ဆိတ်နဲ့ ကျောင်းသားတွေဘက်က ကာကွယ်ဖြေရှင်းပေးနေတဲ့ လူတယောက်ကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကိုယ်တိုင် သူ့ဖေ့ဘုတ်စာမျက်နှာထက်မှာ “ပထမဆုံးပုံ ညာဘက်ထောင့်က လူကတော့ ကျောင်းသား ဟုတ်မယ်မထင်ဘူး။” လို့ ဓာတ်ပုံနဲ့တကွ ပြောဆိုရေးသားထားပါသေးတယ်။ 

ပိုဆိုးတာက သူ့ကို ဖေ့ဘုတ်သုံးစွဲသူအကြား မွတ်စလင်ဘာသာဝင် ကုလားလူမျိုးပါဆိုပြီး အပြင်းအထန် စွပ်စွဲ ဝေဖန် နေကြခြင်းပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဧရာဝတီက စုံစမ်းကြည့်လိုက်တော့ အဲ့ဒီလူဟာ ကြို့ပင်ကောက်မှာ နေထိုင်သူ အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဦးထွန်းထွန်းဦးဆိုသူပါ။ ဒီတော့ အခုလို သူ့အပေါ် ဝေဖန် ပြောဆိုနေတာ တွေနဲ့ ပတ်သက်လို့ ဦးထွန်းထွန်းဦးထံ မေးမြန်းကြည့်တဲ့အခါမှာတော့

“ကျနော့ကို လူတွေက ကုလားလို့ထင်နေကြတယ်။ တကယ်တော့ ကျနော်က မြန်မာ ဗုဒ္ဓဘာသာဝင်အစစ်ပါ။ ကျနော်ရဲ့ မုတ်ဆိတ်ကြောင့် လူတွေက ကျနော်ကို မွတ်စလင်ကုလားလို့ အွန်လိုင်းမှာပြောဆိုနေကြတယ်။ ကျနော့ရဲ့ ခံယူချက်က ဒီမိုကရေစီရမှ ဒီမုတ်ဆိတ်ကို ရိတ်မယ်လို့ ဆုံးဖြတ်ထားတယ်။ အခု ကြို့ပင်ကောက်က တချို့ မွတ်စလင်တွေက ကျနော်ကို ဖုန်းဆက်မေးမြန်းကြတယ်။ ကျနော့ကြောင့် ဘာသာရေးပြသနာ တခုခုဖြစ်မှာ စိုးရိမ်တယ်ဆိုပြီးတော့ပေါ့။ ကျနော်လည်း အခု အိမ်မှာ မနေရဲဘူး။ ရဲတွေက လိုက်ဖမ်းနေတယ်။ ကျနော်က ဘယ်ပါတီ ဘယ်အဖွဲ့ဝင်မှလည်းမဟုတ်ပါဘူး။ ဆန္ဒပြကျောင်းသားတွေကို ကူညီချင်တဲ့ဆန္ဒနဲ့ သူတို့ရဲ့လိုအပ်တာတွေကို လိုက်ကူညီပေးနေတာပါ။” လို့ ဦးထွန်းထွန်းဦးက သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။

ဦးထွန်းထွန်းဦးဟာ ဆန္ဒပြကျောင်းသားတွေအပြင် အဲ့ဒီနေ့က ရဲတွေ ရိုက်နှက်ဖမ်းဆီးတဲ့အချိန်မှာ တောထဲ ၀င်ပြေးပြီး ရှောင်ပုန်းခဲ့ကြရတဲ့ သတင်းသမားတွေကိုပါ ကူညီပေးခဲ့သူဖြစ်တယ်လို့ အဆိုပါနေ့က လက်ပံတန်းမှာ သတင်းလိုက်ယူခဲ့တဲ့ ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကိုလ၀ီက ဆိုပါတယ်။ 

“ဦးထွန်းထွန်းဦးက ကျနော်တို့ သတင်းသမားတွေတောထဲမှာ ပိတ်မိနေစဉ်တုန်းကလည်း ကူညီပေးခဲ့သူတယောက်ပါ။ သူအခုလို အပြောခံ ဝေဖန်ခံနေရတဲ့အပေါ်ကို ကျနော်တို့ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။” လို့ ကိုလ၀ီက ပြောပါတယ်။

Source: http://blog.irrawaddy.org/2015/03/blog-post_12.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment