AGDဘဏ်ငွေထုတ်စက်ဝန်ဆောင်မှု ရပ်ဆိုင်းသွားခြင်းကို ဘဏ်တာဝန်ရှိသူ ရှင်းလင်း

မတ်လ ၃၁ ရက်က AGD ဘဏ်တွင် ငွေထုတ်စက်မှ ငွေထုတ်ယူရန် တန်းစီစောင့်ဆိုင်းနေသူများ(ဓာတ်ပုံ - နေမင်းခိုင်)
ထင်ရှားသည့် သူဌေးကြီးဦးတေဇ၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်(AGDဘဏ်)၏ အလိုအလျောက်ငွေထုတ်စက် ၀န်ဆောင်မှုစနစ်သည် မတ်လ ၂၉ ရက် ညနေမှစတင်ကာ နာရီပေါင်း ၄၀ကြာ ရပ်ဆိုင်းသွားခဲ့ကြောင်း သတင်းရရှိသည်။
AGD ဘဏ်၏ ATMစက်များသည် မတ်လ ၂၉ရက်ညနေ မှစတင်ကာ ငွေထုတ်ယူမှုအခက်အခဲများ စတင်ကြုံတွေ့ခဲ့ရပြီး ဧပြီ ၁ရက်နံနက်ပိုင်းအထိ ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်ခြင်းမရှိဘဲ အချိန်အနည်းငယ်တွင်သာ AGDဘဏ်၏ ATM စက်သုံးစွဲသူများ ငွေထုတ်ယူနိုင်ခဲ့ကြသည်။
AGDဘဏ်၏ ATMစနစ်သည်  ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်အနည်းငယ်ရှိနေပြီး နည်းပညာဆိုင်ရာပြုပြင်မှုများ ပြုလုပ်ရမည်ဖြစ်ပါသောကြောင့် ATM၀န်ဆောင်မှုကို  ယာယီအသုံးပြု၍ရမည် မဟုတ်ကြောင်း  AGDဘဏ်က ၎င်း၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် မေလ ၃၁ရက်က တရားဝင်ကြေညာခဲ့သည်။

 ‘‘စက်ပိုင်းဆိုင်ရာပြုပြင်မှုတွေ ပြုလုပ်နေလို့ စက်တွေကို ရပ်ထားတာပါ။ နိုင်ငံတကာမှာလည်း တစ်နှစ်တစ်ကြိမ်လောက် ဒါမျိုးလုပ်ရတယ်။ ဒီရက်ပိုင်းမှာ စက်တွေရပ်တာကတော့ ဆော့ဖ်ဝဲတစ်ခုကို အဆင့်မြှင့်တင်မှုလုပ်နေတာလည်းပါတယ်’’ဟု AGD ဘဏ် မန်နေဂျင်းဒါရိုက်တာဦးသက်လွင်ရွှေကပြောကြားသည်။
 ဆော့ဖ်ဝဲများ အဆင့်မြှင့်ရန်  သတ်မှတ်ထားသောရက်မှာ ဘဏ်အသုံးပြုမှုများသည့် လကုန်ရက်နှင့် တိုက်ဆိုင်သွား၍ ငွေထုတ်သူများ အခက်အခဲဖြစ်ရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
AGDဘဏ်၏ ATMစက်များ ချို့ယွင်းမှုသည် လကုန်ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ATMကတ်စနစ်ဖြင့် လစာထုတ်ရသူများနှင့် ငွေထုတ်သူများက အပြစ်တင်ခဲ့ကြသည်။ AGDဘဏ်က ၎င်း၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လည်းသုံးစွဲသူများက ဘဏ်၏၀န်ဆောင်မှုကို ဝေဖန်ပြစ်တင်သည့်မှတ်ချက်များ  ပေးခဲ့ကြသည်။
AGDဘဏ်၏ ATMကတ်များသည် ပြည်တွင်းဘဏ်အချင်းချင်း ATMစက်များအကြား ဆက်သွယ်ထားသည့် MPUစနစ်တွင်လည်း  အသုံးပြု၍မရတော့ချေ။ ဧရာဝတီ၊ ကမ္ဘောဇ စသည့် ပြည်တွင်း အခြေစိုက်ဘဏ်များ၏ ATMစက်များတွင် AGDဘဏ်၏ ကတ်များ   အသုံးပြု၍မရဘဲ အပြန်အလှန်အားဖြင့် AGD ဘဏ်၏   ATMစက်များတွင်လည်း အခြားပြည်တွင်းအခြေစိုက်ဘဏ်များ၏  ATMကတ်များ အသုံးပြု၍ မရတော့ပေ။
ပြင်ပတွင် သတင်းများထွက်ပေါ်နေသကဲ့သို့ ATMကတ်များကို စက်မရွေးထုတ်နိုင်ရန် ပြည်တွင်းအခြေစိုက် ဘဏ်နှစ်ဆယ်နီးပါး စုဖွဲ့ထားသည့် MPUစနစ်မှ AGDဘဏ်နုတ်ထွက်သည်ဆိုသည့် သတင်းများကို ဗဟိုဘဏ်၏ MPUသတင်းအချက်အလက်စင်တာက ငြင်းဆိုခဲ့သည်။
‘‘MPUကနေတော့မထွက် ဘူး။ သူတို့ဘာဖြစ်တာလဲဆိုတာ တော့ AGDကပိုသိလိမ့်မယ်’’ဟု ဗဟိုဘဏ်၏MPUသတင်းအ ချက်အလက်စင်တာက ဖုန်းဖြေ ဆိုသူက 7Day ၏မေးမြန်းမှုကို ပြန်လည်ဖြေဆိုသည်။
မြန်မာပေးမန့်ယူနီယံအဖွဲ့မှ နုတ်ထွက်သည်ဆိုသော  ကော လာဟလမှာလည်း   မဟုတ် ကြောင်းနှင့်  AGDအနေဖြင့်မည် သည့်အဖွဲ့မှ  နုတ်ထွက်မည်မဟုတ်ကြောင်း ဦးသက်လွှင်ရွှေက ငြင်းဆိုသွားသည်။
လက်ရှိ AGDဘဏ်အနေ ဖြင့်  အမေရိကန်နိုင်ငံ၏စီးပွားရေးပိတ်ဆို့မှုအချို့ရှိနေခြင်းကြောင့်အမေရိကန်နိုင်ငံ၏ ၀န်ဆောင်မှုကုမ္ပဏီများဖြစ်သော ဗီဇာ၊ မာစတာကုမ္ပဏီတို့နှင့် ၀န်ဆောင်မှုလုပ်ငန်းများ  ချိတ်ဆက်လုပ်ဆောင်နိုင်ခြင်းမရှိသေးပေ။
မြန်မာနိုင်ငံရှိ ဘဏ်များ သည်  တစ်ခုနှစ်တစ်ခုချိတ်ဆက် ဆောင်ရွက်မှုများရှိနေသဖြင့် ကောလာဟလတစ်ခုဖြစ်လာပါ ကများစွာစိုးရိမ်ရသည်။ ယင်း ကြောင့် ကောလာဟလတစ်ခု ထွက်ပေါ်လာပါက သက်ဆိုင်ရာ ဘဏ်များအနေဖြင့် အများပြည် သူကို လျင်မြန်စွာဖြေရှင်းပေးသင့် ကြောင်း ဗဟိုဘဏ်အငြိမ်းစားဒု တိယဥက္ကဋ္ဌဦးသန်းလွင်က ပြောကြားသည်။
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်(AGD)သည် နေပြည်တော် အခြေစိုက်ပုဂ္ဂလိကဘဏ်တစ်ခု ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိက ဘဏ်များအနက် တစ်ခုဖြစ်သည် ။ ၎င်းတို့သည် ၀န်ထမ်း ပေါင်း၂၃၀၀ကျော်ဖြင့် ဘဏ်ခွဲပေါင်း ၄၈ဘဏ်ကို မြန်မာနိုင်ငံတစ်ဝန်း  ဖွင့်လှစ်ထားပြီး  ၀န်ဆောင်မှုပေးနေကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။
ပြည်သိန်း  ၊ ထွန်းခိုင်
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment