အီရန် နျူကလီးယား သဘောတူညီချက် စစ်မှန်တဲ့ တွေ့ဆုံမှုကြောင့်လို့ သမ္မတ အိုဘားမားပြော



အီရန် နျူကလီးယား စီမံကိန်းဆိုင်ရာ အပြီးသတ်သဘော တူညီချက် တခုအတွက် အခြေခံ မူဘောင် တခုကို နိုင်ငံတကာ ညှိနှိုင်း သူတွေအကြား သဘောတူ လိုက်ကြပြီ ဖြစ်ပါတယ်။

သဘောတူခဲ့တဲ့ အဓိကအချက်တွေထဲမှာ အီရန်တို့ ယူရေနီယံ သန့်စင်ရာမှာ အသုံးပြုတဲ့ စက်ဒလက်ချောင်း အရေအတွက်ကို လျှော့ချဖို့နဲ့ နျူကလီးယားစက်ရုံတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အပြန်အလှန်အားဖြင့် အီရန်အပေါ်ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို နိုင်ငံတကာက ပြန်ရုပ်သိမ်းပေးရမှာ ဖြစ်ပါတယ်။

အခုလို အခြေခံမူဘောင် သဘောတူညီချက် ရခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ အိုဘားမားက အိမ်ဖြူတော်ကနေ အခုလို ပြောသွားပါတယ်။ လပေါင်းများစွာ ခဲခဲယဉ်းယဉ်း သံတမန်ရေးအရ ကြိုးပမ်းညှိနှိုင်းခဲ့အပြီးမှာ အခြေခံမူဘောင်တခု အခုရေးဆွဲနိုင်ခဲ့ပါပြီ။ လုပ်ရကျိုးနပ်တယ်လို့ ပြောရမှာပါ။ ဒီအခြေခံ မူဘောင်အရ အီရန်အစိုးရအနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ခွင့် လမ်းပိတ်သွားပြီ ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ကျယ်ပြန့်တဲ့ သဘောတူညီချက်တခုကိုတော့ လာမယ့် ဇွန်လကုန် မတိုင်ခင် လက်မှတ် ရေးထိုးနိုင်ဖို့ကိုလည်း သူကတိုက်တွန်းသွားပါတယ်။

အခုအခါ အဲဒီ သဘောတူညီချက် အသေးစိတ်နဲ့ ပတ်သက်လို့ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံအကြား အကြိတ်အနယ် ဆက်ဆွေးနွေးကြရအုံးမှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် အစ္စရေးအစိုးရကတော့ အခု သဘောတူလိုက်တဲ့ အခြေခံမူဘောင်ဟာ အီရန်နျူကလီးယား အဆောက်အအုံ အတော်များများကို ဆက် ထားထားခွင့် ပေးလိုက်တဲ့ မူဘောင်တခုဖြစ်တယ်ဆိုပြီး ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဒေသတွင်းက ရန်လိုတိုက်ခိုက်နေတဲ့ လက်နက်ကိုင် အုပ်စုတွေအပေါ် အီရန်အစိုးရက ထောက်ခံအားပေးနေတဲ့ ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးသွားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

အစ္စရေး နည်းဗျူဟာရေးရာ ၀န်ကြီးကတော့ ဆွစ်ဇာလန်နိုင်ငံက လူတွေရဲ့ သာယာဝပြောတဲ့ဘ၀နဲ့ အရှေ့အလယ်ပိုင်းဒေသက လူတွေ တကယ်တန်းရင်ဆိုင် ကြုံတွေ့နေရတဲ့ဘ၀က လုံးဝ ကွဲပြားခြားနားနေတယ် ဆိုပြီး ဥပမာပေးခိုင်းနှိုင်း ပြောသွားပါတယ်။

သမ္မတအိုဘားမားရဲ့ အတိုက်အခံ ရီပတ်ဘလီကန်တွေကလည်း ဒီသဘောတူချက်ဟာ ကနဦး ရည်ရွယ်ချက် ပန်းတိုင်ကနေ သိသိသာသာကြီး သွေဖည်သွားတဲ့ သဘောတူညီချက် ဖြစ်တယ်လို့ ပြောဆိုဝေဖန်လိုက်ပါတယ်။

အောက်လွှတ်တော်ဥက္ကဌ ဂျွန် ဘိုနာက ဒီသဘောတူညီချက်အရ မေးခွန်းထုတ်စရာတွေ အများကြီးကျန်နေတယ်လို့ ပြောသွားပါတယ်။

ဒါပေမယ့်လည်း နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် စီးပွားရေး ယိုင်နဲ့နေခဲ့တဲ့ အီရန်နိုင်ငံမှာတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ သတင်းတွေကြောင့် အကြီးအကျယ် ပျော်ရွှင်မြူးတူးနေကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment