ယမန်နေ့ ညက ကျွန်တော်သည်အိပ်မက်တခုကို မြင်မက်၏။ အိပ်မက်ထဲတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကျွန် တော်သည် တွေ့မြင်ရ၏။ ခေါင်းဆောင်ကြီးသည် နောက်လိုက်နောက်ပါ မပါဘဲ လမ်းပေါ်ဝယ် တယောက်တည်း လျှောက်သွားနေသည်။ ကျွန်တော်လည်း လမ်းပေါ်တွင် လျှောက်သွား နေသည်ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ကျွန်တော်သည် ရှေ့ဆင့်နောက်ဆင့် တယောက်နှင့် တယောက် မလှမ်းမကမ်းမှ လျှောက်လာခဲ့သည်။ အချိန်မှာ နံနက်စောစောဖြစ်၍ ဆောင်းတွင်းကြီး နှင်းတွေဝေနေဆဲ အခါသမယဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် စိုက်စိုက်စိုက်စိုက်ဖြင့် လျှောက်လာရင်းလမ်းတွင် လူတယောက် အကြော်တဲလေးထဲတွင်ထိုင်နေရင်း ခိုက်ခိုက်တုန်အောင်ချမ်းနေ သည်ကိုမြင်၍ လမ်းလျှောက်ရာမှ ထိုလူရှိရာလမ်းဘေး အကြော်တဲသို့ ၀င်လာ၏။ ကျွန်တော်လည်း မလှမ်းမကမ်းမှ အကဲခတ်ကြည့်ရှုနေသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ထိုလူထိုင်နေရာသို့ သွားပြီး -
''တော်တော်ချမ်းနေသလားကိုယ့်လူ''ဟု မေးလိုက်သည်။ ထိုအ ခါအမေးခံရသူက - ''ဟုတ်ကဲ့၊ အတော်ပဲချမ်းပါတယ်၊ ဆင်းရဲလွန်း တော့ အနွေးထည်များလည်း လောက်ငအောင်ဝယ်မ၀တ်နိုင်ပါဘူးခင် ဗျာ''ဟု ရိုရိုသေသေဖြေလိုက်၏။ ထိုအခါဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကိုယ်ပေါ်တွင်ဝတ်ထားသော အနွေးထည်အကျီ င်္ကိုကောက်ချွတ်လိုက် ပြီး - ''ရော့၊ ကိုယ့်လူ၊ ဒီအနွေးထည်ကိုဝတ်ထားလိုက်ပေတော့၊ အကောင်းစားအကျီ င်္မဟုတ်ပေမယ့်၊ အတော်အတန်တော့ နွေးပါလိမ့်မယ်''ဟု ကြင်ကြင်နာနာပြောလိုက်လေ၏။
ထိုအခါအနွေးထည်အပေးခံ ရသူက နားမလည်နိုင်အောင်ဖြစ်သွားကာ -
''ကျွန်တော့်ဘာသာ ကျွန်တော်ချမ်းနေတာနဲ့၊ ဒီကနောင်ကြီးနဲ့ ဘယ်လိုဆိုင်ပါသလဲခင်ဗျာ''ဟု မေးလိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းသည် အင်မတန်စိတ်မကောင်းသောမျက်နှာနှင့် -
''ကျုပ်နဲ့တိုက်ရိုက်တော့မဆိုင်ဘူးပေါ့ဗျာ၊ ဒါပေမဲ့ ဒီနိုင်ငံမှာ ကျုပ် ဟာ အစိုးရအဖွဲ့ခေါင်းဆောင်ပဲ၊ ဒီတော့ တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခရောက်နေတာ အားလုံးဟာ ကျပ်နဲ့ဆိုင်တာပေါ့၊ ခင်ဗျား အနွေးထည် မရှိလို့ချမ်းနေတာသည် တိုင်းပြည်ခေါင်းဆောင်ဖြစ်တဲ့ ကျုပ်နဲ့ သက်ဆိုင် တယ်ဗျ၊ ဒါ့ကြောင့် ဒီအင်္ကျီကို ယူလိုက်ပေတော့''ဟုဆိုကာ အင်္ကျီကို ဇွတ်ချွတ်ပေးသွား၏။
ကျွန်တော်လည်း ဗိုလ်ချုပ်အောင်ဆန်းနောက်သို့ ခပ်သုတ်သုတ် လိုက်ရင်း -
''အဘ၊ အဘ နေပါဦး''ဟုပြောလိုက်ရာ ဗိုလ်ချုပ်အောင်ဆန်းလည်း သူ့ကိုခေါ်မှန်းမသိဘဲ ရှေ့ဆက်ကာသွားလေသည်။ ကျွန်တော်က အမောတကောနှင့် မီအောင်လိုက်ကာ -
''အဘကလည်းဗျာ ခေါ်လိုက်ရတာ''
''မင်းကဘယ်သူ့ခေါ်တာလဲ''
''အဘကိုလေ၊ အဘကိုခေါ်တာ''
ဗိုလ်ချုပ်သည် ခါးတွင်ချိတ်ထားသော ဂျပန်ဓားကိုဓားအိမ်မှထုတ် ကာ ''မင်းကငါ့ကိုမလေးမစားလုပ်တာလား၊ ဂျပန်ဓားနဲ့အပိုင်းခံချင်လို့လား''
''မဟုတ်ပါဘူး၊ ကျွန်တော်ကလေးစားလို့ အဘလို့ခေါ်တာပါ''“
''ဟေ့ကောင် ငါ့နာမည် အောင်ဆန်းကွ၊ တတိုင်းတပြည်လုံးက သိတယ်၊ ဘာအဘလဲ၊ မင်းကငါ့မြေးမို့ ငါ့ကိုအဘခေါ်တာလား၊ မင်းက အောင်ဆန်းဦးရဲ့သားလား''
''မဟုတ်ပါဘူး''
ဒါဆို ''အောင်ဆန်းလင်းရဲ့ သားလား''
''မဟုတ်ပါဘူး ဗိုလ်ချုပ်''
ဒါဖြင့်ရင် ''အောင်ဆန်းစုကြည်ရဲ့သားလား၊ မင်းက''
''မဟုတ်ပါဘူးခင်ဗျ''
''ဒီကောင်သေချင်ပြီထင်တယ်၊ ဒါဆို မင်းငါ့ကို ဘာလို့အဘလို့ ခေါ်တာလဲ''“
''အခုခေတ်လူကြီးတွေက အမျိုးတော်တော်မတော်တော် အဘ ခေါ်မှကြိုတ်လို့၊ ကျွန်တော်လဲ ဖားပြီးခေါ်ကြည့်တာပါ ဗိုလ်ချုပ်”
''တော်စမ်း၊ သူတို့ကြိုတ်ရင်သူတို့သွားခေါ်၊ ငါ့လာမခေါ်စမ်းနဲ့ ဘယ့်နှယ်ကွာ၊ ငါ့အသက်က ခုမှ ၃၂ နှစ်စွန်းစွန်းပဲရှိသေးတယ်၊ အဘတဲ့ နားကလောလိုက်တာ၊ မသိရင် သူ့အမေနဲ့ပဲ ငါကအ၀ှာ ဖြစ်နေသလိုလို။ ဒီမှာ မြန်မာ-အင်္ဂလိပ် ပါဠိအဘိဓာန်ထဲမှာ အဘဆိုတာကို ဘယ်လို အဓိပ္ပာယ်ပြထားလဲ မင်းသိလား''
''မသိပါဘူး ဗိုလ်ချုပ်''
''အေးမသိရင် မှတ်ထား၊ အဘဆိုတာကို အင်္ဂလိပ်လို father ၊ ပါဠိလို ပိတာ၊ မြန်မာလိုတော့ အဖေလို့ အဓိပ္ပာယ်ရသကွ။ အဲဒီတော့ မင်းအမေကိုလည်း ငါမလိုချင်ဘူး၊ ငါ့ကိုအဘလို့လည်း လာမခေါ်နဲ့။ ငါ့မှာ နာမည်ရှိတယ်။ ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဦးအောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းကြိုတ်သလိုခေါ်ကွာ။ အဘလို့တော့မခေါ်နဲ့။ အဘ ဆိုတာလူနာမည်မဟုတ်ဘူးကွ။ အဖေလို့ခေါ်တာ၊ မင်းလဲ လူတွေ့တိုင်း အဖေလို့ လျှောက်ခေါ်မနေနဲ့။ ဒါပဲသွားတော့''
ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်းငေါက်လိုက်သဖြင့် ဆက် မလိုက်ရဲတော့ဘဲ လာလမ်းအတိုင်း အိပ်မက်ထဲတွင် နောက်ကြောင်း ပြန်လှည့်လာသောအခါ ခပ်စောစောက လမ်းတွင်ဗိုလ်ချုပ်အောင်ဆန်း အနွေးထည်အင်္ကျီပေးလိုက်သောသူသည် လမ်းဘေးတွင် ငိုနေသည်ကို တွေ့ရလေ၏။
''ဘာဖြစ်တာလဲ ကိုယ့်လူ''
''ဟောဟိုမှာ လူနှစ်ယောက်တွေ့လား၊ သူတို့က ကျွန်တော့်အ နွေးထည်အင်္ကျီကို အတင်းလုယူသွားတယ်၊ ပြီးတော့ကျွန်တော်ထိုင်နေတဲ့ တဲကိုလည်း စည်ပင်မြေနဲ့မလွတ်လို့တဲ့၊ အဲဒါတရားရုံးကိုလာရမယ်ဆိုပြီး ၀ရမ်းပေးသွားတယ်။ ကျွန်တော်တော့ ဒုက္ခရောက်ပါပြီဗျ''ဟု ငိုရှိုက်ရင်း ပြောလေ၏။
ကျွန်တော်သည် သူတို့နှစ်ယောက်နောက်သို့ပြေးလိုက်ရာ မီလာသောအခါတွင် အဘယ်ကြောင့် အပြစ်မရှိသော လူတယောက်ထံမှ သူ များပေးထားသောအင်္ကျီကိုလုယူသွားသလဲ၊ အဘယ့်ကြောင့် ဆင်းရဲသား တယောက်နားနေသောတဲကလေးသည် စည်ပင်ပိုင်ကျုးကျော်တဲဖြစ် သွားရသနည်းဟုမေးရာ အမေးခံရသူက ဒေါသဖြစ်ကာ -
''မင်းက ဘာကောင်လဲ၊ ဒါက အဘအမိန့်အရ လုပ်ရတာကွ၊ သေသွားချင်လို့လား''ဟု ကျွန်တော့်ကိုငေါက်ငမ်းလေ၏။ ကျွန်တော်လည်း ဗိုလ်ချုပ်အောင်ဆန်း သင်ပေးထားသည်အတိုင်း -
''အဘဆိုတာ အဖေပဲကွ၊ မင်းမှာ အဖေဘယ်နှယောက်ရှိလို့လဲ၊ ဘယ်အဖေက ခိုင်းတာလဲ၊ မင်းပထွေးက ခိုင်းတာလား''ဟုမေးလိုက်ရာ ထိုသူသည် ဒေါသအမျက်ချောင်းချောင်း ထွက်ပြီး ကျွန်တော့်နဖူးကို သေနတ်ဒင်နှင့် တအားနှက်လိုက်လေသည်။ ထိုသို့ သေနတ်ဒင်နှင့် ထုခံလိုက်ရသည်နှင့် ကျွန်တော်လည်း ချွေးစေးချွေးပေါက်များကျကာ ကြယ်တွေလတွေကိုမြင်လိုက်ပြီး ရုတ်တရက်အိပ်ရာမှလန့်နိုးလေသည်။
ထိုအခါ ကျွန်တော်လည်း အိပ်မက်ထဲမှာဂြိုလ်မွှေလှသော 'အဘ' ဆိုသော စာလုံးကိုတွေးမိရာမှ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာ သတိရသဖြင့် မြန်မာအင်္ဂလိပ်အဘိဓာန်ကိုလှန်ကြည့်ရာအောက်ပါအတိုင်း ဖော်ပြ ထားတာတွေ့ရလေ၏။
အဘ / aba / n father .pron term of address for a man who is about the same age as one’s father . ဟု ရေးသားထားတာ တွေ့ရလေသည်။ အိပ်မက်ထဲကအတိုင်း မှန်သည်။ အဘဆိုသည်မှာ အဖေကိုခေါ်သည်။ ကိုယ့်အဖေအရွယ်ယောကျာ်းများ ကိုလည်း နာမ်စား အဖြစ်သုံးနှုန်းသည်ဟု ပြဆိုထားပေသည်။ သို့သော် ကျွန်တော်နားမလည်သည်မှာ ဟိုနေ့က သက်ပြည့်ပင်စင်ယူကာနီး ရဲ တပ်ကြပ်ကြီးတယောက်သည် သူ့ထက်အသက်များစွာငယ်သော အရာရှိတယောက်ကို အဘ၊ အဘ ဟုတ်ကဲ့ပါအဘဟု ခေါ်ဆိုနေခြင်းဖြစ်သည်။ အဘိဓာန်ကျမ်းက ပြောထားပုံအရဆိုလျှင် ကိုယ့်အဖေကိုလည်း ကောင်း၊ အဖေအရွယ်ကိုလည်းကောင်း အဘဟု နာမ်စားသုံးခေါ်ဝေါ် နိုင်သည်ဟုပြဆိုထားရာ အဖေမဟုတ်လျှင်၊ အဖေအရွယ်မဟုတ်လျှင် အလကားနေရင်း အဘခေါ်ရမည်ဟု မြန်မာစာဌာနက ထုတ်ဝေသော အဘိဓာန်၌ ပြသမထားပေ။ တဖန်စဉ်းစားလျှင်လည်း အဘဆိုသည်မှာ 'အဘိုး'ဟူ၍လည်း ယူနိုင်သေးရာ ကိုယ့်အဘိုးအရွယ်ရှိမှ အဘဟုခေါ် သင့်လှပေသည်။ ကိုယ့်အဘိုးအရင်းလည်းမဟုတ်။ ကိုယ့်အဘိုးအရွယ် လည်း မဟုတ်ပါဘဲ အဘခေါ်ခြင်းကား စဉ်းစားသင့်ပေ၏။ အထက် လူကြီးကို ဖား၍ ခေါ်ခြင်းဆိုလျှင် ပို၍ပင် စဉ်းစားသင့်ပေ၏။
မြန်မာစကားတွင် အစ်ကိုအရွယ်ကို အစ်ကို၊ ဦးလေးအရွယ်ကို ဦးလေးစသည်ဖြင့် နာမည်ရှေ့တွင် ကို၊ ဦး စသည်ဖြင့်ဝိဂြိုဟ်ပြုစရာ အာလုပ်စကားရှိပြီးသား ဖြစ်သည်။ အလကားနေရင်း အဘ၊ အဘွား စသည်ဖြင့် ခေါ်ဝေါ်နေခြင်းမှာ ခေါ်သူအတွက်လည်း မကောင်း၊ အခေါ်ခံ ရသူအတွက်လည်း မကောင်းပေ။ အထူးသဖြင့် အသက် ၆၀ တန်းများက အသက် ၅၀ တန်းများအား အဘခေါ်နေခြင်းမှာ ခေါ်သူရော အခေါ်ခံသူပါ မြန်မာ့ယဉ်ကျေးမှုကို ဖီလာကန့်လန့်လုပ်နေသလိုရှိပေသည်။ ရာထူးကို လေးလေးစားစားဖော်ပြချင်ပါက ဗိုလ်ကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်ကြီး၊ ဥက္ကဋ္ဌကြီး၊ သမ္မတကြီး၊ ပါမောက္ခကြီး၊ နာယကကြီး စသည်ဖြင့် ခေါ်ဆိုနိုင် ပါ၏။ ထိုသို့မဟုတ်ပါဘဲ အခေါ်ခံရသူက အဘမှအဘ အခေါ်ခံချင်နေ လျှင်ဖြင့် စိတ်ရောဂါတမျိုး စွဲကပ်နေပြီဟုသာ ဆိုရတော့မည်။ ထိုရောဂါမှာ လူတကာ၏ အဖေဖြစ်ချင်သောရောဂါလား၊ လူတကာထက် အသက်ကြီး ချင်သောရောဂါလား၊ လူတကာထက် အာဏာကြီးချင်သောရောဂါလား၊ ၀မရှိဘဲ ၀ိလုပ်ချင်သောရောဂါလားဆိုတာတော့ ကာယကံရှင်ကိုယ်တိုင်ပဲ သိမည်။
ယခုအခါ အပြင်လောကတွင် အဘအခေါ်ခံချင်သောရောဂါသည် တနေ့တခြားဒီရေအလား တိုးပွားလျက်သာရှိ၏။ ဟိုတနေ့က ရဲစခန်းတခု သို့သွားရာ စခန်းမှုးကလည်း သူ့ကိုအဘခေါ်မကြိုတ်၏။ သူ၏လက် အောက်ငယ်သားများ အမှုနှင့်ပတ်သက်၍ ရဲစခန်းသို့လာသူများအားလုံး သူ့ကိုအဘခေါ်ကြရ၏။ ထိုအဘသည် သူ့ထက်ရာထူးကြီးသော ခရိုင် ရဲမှုးလာသောအခါ အဘခေါ်ရပြန်သည်။ ထိုအဘသည်လည်း တိုင်းရဲမှူးကို အဘခေါ်ရ၏။ ထိုမှတဖန်၊ ထိုမှတဖန် သံသရာသည်မဆုံးတော့ပေ။ ယခုအခါ မီးသတ်တပ်ကြပ်ကြီးကလည်း စခန်းတွင်လူလစ်လျှင် သူ့အောက်မှ တပ်သားများအား သူ့ကို အဘ ခေါ်တွင်စေ၏။ ကြက်ခြေနီ တပ်စိတ်မှူးကလည်း သူကိုယ့်သူအဘ၊ ဘုရားကိုးဆူဆရာကလည်း သူ့ကိုယ်သူ အဘ အခေါ်ခံချင်သောခေတ် ဖြစ်သည်။ မြန်မာတပြည်လုံး အဘမှအဘဖြစ်နေကြရာ အားလုံးသည် အသက်ကြီးချင်လေကြသလောဟုပင် စဉ်းစားမိလေသည်။ ထိုကိစ္စသည်အရးမကြီးသယောင်ရှိသော်လည်း ကိုယ့်ကိုယ်ကိုယ်လိုတာထက်ပို၍ အရိုအသေခံချင်သော အာဏာကိစ္စ ဖြစ်သည်။ တဖက်မှာလည်း အောက်ခြေမှလူများသည် အလုပ်ကို မှန်မှန်ကန်ကန်လုပ်ဖို့ထက် အထက်လူကြီးကိုလိုတာထက်ပို၍ ဖားချင် ယားချင်ကြသော ဖြတ်လမ်းမှမျက်နှာသာလိုချင်သည့် အချောင်သမား စိတ်မျိုးဖြစ်သည်။ နိုင်ငံတနိုင်ငံကြီးပွားတိုးတက်ချင်လျှင် အချောင်သမား စိတ်မျိုး၊ လိုတာထက်ပို၍ အရိုသေခံချင်သော အာဏာရှင်စိတ်ထားများကို အသေးအဖွဲမှစတင်ဖြိုဖျက်ပစ်မှ ရမည်။ သေးသေးဖွဲဖွဲဆိုသော်လည်း ထိုအကျင့်များသည် တိုင်းပြည်အတွက် အသုံးမ၀င်သော စားဖားစိတ်ဓာတ်များ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း စားဖားတွေညီညွတ်တာ မလိုချင်ဘူးဟု သူ့မိန့်ခွန်းထဲတွင် အတိအလင်းပြောခဲ့ပြီး ဖြစ်သည်။ လူသည် ရာထူးကြီးလာလေလေ မိမိကိုယ့်ကို နှိမ့်ချလေလေဖြစ်ရမည်။ စပါးနှံသည် အနှံပြည့်လေလေ အောက်သို့ငိုက်လေလေဖြစ်သည်။ အလကားနေရင်း အရိုသေကြိုတ်နေသူသည် အောက်ကတပည့်တွေ၏ အလိမ်အညာကို ခံကြရတော့မှာ မြေကြီးလက်ခတ်မလွဲပေ။
မြန်မာနှစ်သစ်ကူးအခါသမယတွင် ဘိုးဘွားများကို သက်ကြီးပူဇော်ပွဲလုပ်သောအခါ ထိုဘိုးဘွားများမှာ အဘိုးအစစ်၊ အဘအစစ်၊ အဘွားအစစ်များ ဖြစ်သည်။ အဘလာလာကြပါဟု လူငယ်များကကြိုဆိုနေရာ ပေးခြင်းသည် ထိုဘိုးဘွားများကို ဖားချင်သည့်သဘော၊ အခွင့်အရေးလိုချင်သည့်သဘော၊ ကြောက်ရွံ့ထိတ်လန့်သည့်သဘော တစက်မှမပါဘဲ လေးစားချစ်ခင်ခြင်း၏ သင်္ကေတများကိုသာ တွေ့ရစမြဲဖြစ်သည်။ ထိုအဘများ၊ ထိုအဘွားများသည် အဘအစစ်များ ဖြစ်သည်။ အဘွားအစစ်များ ဖြစ်သည်။ ကန်တော့ခံထိုက်သော သက်ကြီးဝါကြီးများ ဖြစ်သည်။ အသက် ၇၀ ကျော် ၈၀ များဖြစ်သည်။
ကျွန်တော်တို့နိုင်ငံတွင် တွေ့နိုင်သော နောက်အဘတမျိုးကတော့ သက်ကြီးပူဇော်ပွဲတွင် စာရင်းမ၀င်သော အဘများဖြစ်သည်။ ဒီနေ့ရာထူးပြုတ်လျှင် မနက်ဖြန် အဘမဟုတ်တော့သူများ ဖြစ်သည်။ ထိုသူများမှာ အဘအတုများ ဖြစ်ပါပေ၏။ မိမိ၏ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ အသက်ရှည်ခြင်းဂုဏ်တို့ကြောင့် အဘအစစ်ဖြစ်ကြသူတို့ကိုမူကား လေးလေးစားစား ကန်တော့အပ်ပေ၏။ ထိုသို့မဟုတ်ဘဲ အကယ်၍လက် အောက်ငယ်သားများက ဖား၍ခေါ်လျှင်သော်မှ သဘောထားပြည့်သူသည် ထိုသို့ခေါ်ခြင်းကို ငြင်းပယ်သင့်လှပေ၏။ ပြည်သူလူထုက တကယ် ရိုသေ ချစ်ခင်လေးစားလာသောအခါ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ပါတော်မူ သီပေါမင်းတရားကြီး၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ အနာဂါမ်ဆရာ သက်ကြီး၊ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီး ရွှေဥဒေါင်းတို့ ဗိုလ်ချုပ်၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဆမားဒူးဝါးကြီး၊ ဆရာစံ၊ သခင်ဖိုးလှကြီး စသည်ဖြင့် လေးလေးစားစားခေါ်ဝေါ်ကြပေလိမ့်မည်။ ထိုစာလုံးတို့သည် ရင်ထဲမှလာသော ဂုဏ်ထူးဝိသေသများ ဖြစ်ကြပါသည်။ မည်သည့်အရာမဆို အစစ်သည် အတုထက် သာသည်။ ရင်ထဲမှ တကယ်လာသောအရာများသည် နှစ်ပေါင်းရာနှင့်ထောင်နှင့်ချီ၍ တည်တံ့သည်။ ဖဲသုံးချပ်လိမ်အဖွဲ့မှ အလံရှူးက သူ့ဆရာကို အလွန်တော်ကြောင်း၊ လာသမျှလူကိုငွေများ လျော်နေကြောင်း စန်းတင်ပြောကြားမှုမျိုးသည် ရေရှည်တည်တံ့မည် မဟုတ်။ ဖဲဝိုင်းလူကွဲသည်နှင့် မစားရ၀ခမန်းဂုဏ်ပုဒ်မှာ ကွဲကြေပျက်သုဉ်းရမည်သာဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ်ရွှေဟုသေချာလျှင် မှတ်ကျောက်နှင့် တိုက်ကြည့်လိုက်ပါ မိတ်ဆွေ။
သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
0 comments:
Post a Comment