(ကျောက်ဖြူ၊ မေ ၂၅)
"လွဲချော်သွားတာ တွေကလဲ မသမာ မှုတွေကြောင့် မဟုတ်ပါဘူး။ ရိုးရိုးသားသား လွဲချော်မှုသာ ဖြစ်ပါတယ်။ သူတို့ဖြေထားတဲ့ ရလဒ်တွေကတော့ ဒီအတိုင်းပဲ ပြောင်းလဲမှာ မဟုတ်ပါဘူး"
မေလ ၂၂ရက်နေ့က အောင်စာရင်း ထုတ်ပြန်ချိန်တွင် အောင်စာရင်း၌ ခုံအမှတ် နှင့် အမည် လွဲမှားနေခြင်း၊ စာမေးပွဲ ၀င်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများ၏ အမည်များ ပါရှိနေခြင်း တို့ကြောင့် အဆိုပါ အောင်စာရင်းကို
ပြန်လည်ရုပ်သိမ်းခဲ့ပြီး စိစစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အောင်စာရင်းထွက်တော့ ကျွန်မ ခုံနံပါတ်မှာ တစ်ခြား အမျိုးသမီးရဲ့ နာမည် ဖြစ်နေတယ်။ အဲ့ဒီအမျိုးသမီးကို စုံစမ်းကြည့်တော့ သူက စာမေးပွဲ ၀င်မဖြေထားဘူးလို့ပြောတယ်။ အဲ့လိုတွေလွဲနေတာပေါ့။ တစ်ချို့တွေလဲ
ခုံနံပါတ်နဲ့ နာမည်တွေ လွဲနေကြတယ်” ဟု ၀င်ခွင့်ဖြေဆိုထားသူ တစ်ဦး ကပြောသည်။
ထိုသို့ ၀င်ခွင့်စာမေးပွဲ အောင်စာရင်းတွင် လွဲမှားမှုများ ရှိနေခြင်းကြောင့် ကျောက်ဖြူခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများကို ပြည်နယ်သို့ ခေါ်ယူစစ်ဆေး နေကြောင်း သိရသည်။
အောင်စာရင်း ထုတ်ပြန်ရန်အတွက် ခုံအမှတ် နှင့် အမည်ကို စာစီရာတွင် ကျား၊ မ အမည်များကို ၀ိဇ္ဇာ နှင့် သိပ္ပံ ဘာသာရပ်အလိုက် မြို့နယ် တစ်ခုချင်းစီ အစဉ်လိုက် ဖော်ပြရမည်ဖြစ်သော်လည်း ကျောက်ဖြူခရိုင်တွင် ကျား၊ မ အမည်များကို ၀ိဇ္ဇာ နှင့် သိပ္ပံ ဘာသာရပ်အလိုက် မဟုတ်ဘဲ မြို့နယ်အလိုက်သာ အစဉ်လိုက်ဖော်ပြခဲ့ သောကြောင့် လွဲချော်မှုများ ရှိခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးလှစိန်ထွန်း က Rakhine News Agency သို့ပြောသည်။
ဝင်ခွင့်စာမေးပွဲ အောင်စာရင်းတွင် အမည်နှင့် ခုံနံပါတ် လွဲချော်မှုများကြောင့် အောင်စာရင်းတွင် အမည်စာရင်း ပါဝင်သူများက ရလဒ်အပြောင်းအလဲ ဖြစ်ပေါ်မည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
“အောင်စာရင်းမှာ အမည်နဲ့ ခုံနံပါတ် လွဲချော်မှုတွေက ကျောက်ဖြူခရိုင် တစ်ခုတည်းမှာဖြစ်တာပါ။ ကျွန်တော်တို့ ပြန်စိစစ်ပြီး နေပြည်တော်ကို ပို့လိုက်ပါပြီ။ အဲ့ဒီက အတည်ပြုရင် ကျွန်တော်တို့ ပြန်ပြီး ထုတ်ပြန် ပေးသွားပါမယ်။ လွဲချော်သွားတာတွေကလဲ မသမာ မှုတွေကြောင့် မဟုတ်ပါဘူး။ ရိုးရိုးသားသား လွဲချော်မှုသာ ဖြစ်ပါတယ်။ သူတို့ဖြေထားတဲ့ ရလဒ်တွေကတော့ ဒီအတိုင်းပဲ ပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု ဦးလှစိန်ထွန်း ကပြောသည်။
ကျောက်ဖြူ ပညာရေးကောလိပ် ၀င်ခွင့်စာမေးပွဲ အောင်စာရင်းကို နေပြည်တော်မှ အတည်ပြုပြီးပါက လာမည့် ရက်အနည်းငယ်အတွင်း ပြန်လည် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ထွန်း
Rakhine News Agency
https://www.facebook.com/RakhineNewsAgencyPage

0 comments:
Post a Comment