မြ၀တီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကြံခင်း ဘုန်းတော်ကြီး ကျောင်းရှေ့ရှိ ငွေလဲဆိုင်တဆိုင်ကို နေ့ခင်းကြောင်တောင် ၀င်ရောက်လုယက်မှု ကျုးလွန်ခဲ့သည့် သေနတ်ကိုင် ၂ဦး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၆ ရက်နေ့ မွန်းလွဲပိုင်းက မမာဆိုသူ၏ ငွေလဲဆိုင်စားပွဲခုံပေါ်တွင်တင်ထားသော မြန်မာ ငွေကျပ် ၁၀ သိန်းကို အသက် ၁၉ နှစ် အရွယ်ခန့်ရှိ ခပ်ပိန်ပိန်လူငယ်နှစ်ဦးသည် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေလဲလှယ်ရန်ဟန်ဆောင်၍ လုယူထွက်ပြေးသွားခဲ့ပြီး ငွေလဲဆိုင်နှင့် ခပ်လှမ်းလှမ်းရှိ သမိန်ဗရမ်း လမ်းတနေရာတွင် အသင့်ရပ်ထားသော ဆိုင်ကယ်ရှိရာသို့ အမြန်ပြေးသွားပြီး ဆိုင်ကယ်ပေါ်တက်ခွ၍ ချက်ချင်းမောင်းနှင် ထွက်ပြေးသွားခဲ့သည်ဟု မျက်မြင်တွေ့ လိုက်ရသူတဦးက ပြောပြသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အနီးဝန်းကျင်မှ ဒိန်းဒေါင်ဆိုသူနှင့် အဖော်နှစ်ဦး က ငွေ(၁၀)သိန်းလုယက်သွားသူ နှစ်ဦး နောက် ထပ်ချပ်မကွာ လိုက်လံဖမ်းဆီးရာ တွင် ငွေလုသွားသူ လူငယ်နှစ်ဦးအနက်မှ တဦးက ခါးတွင်ထိုးထားသော ငွေရောင် သေနတ်အတိုကို ဆွဲထုတ်၍ မောင်းဆွဲတင် လိုက်ပြီး 'မဆိုင်တဲ့ကောင် အနားမကပ်နဲ့၊ ဟောဒီမှာ တွေ့လား'ဟုဆိုကာ သေနတ် ဖြင့် ချိန်လိုက်သဖြင့် လိုက်လံဖမ်းဆီးသော ဒိန်းဒေါင်ဆိုသူမှာ ဆက်မလိုက်ရဲတော့ဘဲ ငွေလုသွားသူနှစ်ဦးမှာ လွတ်မြောက်သွား ခဲ့သည်။
မြ၀တီမြို့တွင် ၂၀၁၂ ခုနှစ်က လည်း ရွှေဆိုင်နှစ်ဆိုင်အား သေနတ်ကိုင် ဆောင်သူများက လုယက်မှုကျုးလွန်သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သိရသည်။
သက်ဦးနိုင်(မြ၀တီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

0 comments:
Post a Comment