ကရင်နီတပ်မတော် စည်းရုံးရေးခရီးစဉ် ခွင့်ပြုချက်မရ၍ ပြန်ဆုတ်ခွာရ


 ပြည်နယ်အတွင်း လူထုစည်းရုံးရေး ဆင်းမည့် ကရင်နီတပ်မတော်သည် အစိုးရထံမှ ခွင့်ပြုချက် မရရှိသည့်အတွက် မေ လ ၁၆ ရက်နေ့က ပြန်လည် ဆုတ်ခွာခဲ့ပြီဖြစ်ကြောင်း လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က ပြောသည်။

“ကျနော်တို့ ဆက်သွားရင် ထိတ်တိုက်တွေ့မယ်လေ။ အဲဒါဆိုရင်တော့ လူထုတွေအတွက် မကောင်းဘူးပေါ့။ ကျနော်တို့ ကြောက်လို့မဟုတ်ပါဘူး။ လူထု မျက်နှာကို ထောက်လို့ပေါ့နော။ နောက်ဆုတ်ရင်ကောင်းမယ် လို့ထင်တာပေါ့” ဟု ခူးညေးရယ်က ဆိုသည်။

စစ်တပ်၏မူအရ ယခုအချိန်ကာလတွင် လက်နက်ကိုင်သွားလာ၍ မရကြောင်း အစိုးရဖက်မှ ပြန်လည် ပြောဆိုထားကြောင်း၊ အစိုးရနှင့်အပစ်ခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးစဉ်က နှစ်ဖက် ထိန်းချုပ်နယ်မြေ ကို သတ်မှတ်ထားခြင်း မရှိထားသည့်အတွက် မိမိတို့ လက်နက်ကိုင်သွားလာ ခွင့်ပြုသင့်ကြောင်း ခူးညေးရယ်က ဆိုသည်။

စည်းရုံးရေးဆင်းရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးစစ်ဦးစီးချုပ်ထံ ခွင့်ပြုချက်တောင်းခံစာ ပေးပို့ခဲ့သော်လည်း ခွင့်ပြုချက် မရခဲ့ကြောင်း သိရသည်။

မတ် ၃၁ရက်က KNPP နှင့် ပြည်နယ်အစိုးရတို့ တွေ့ဆုံဆွေးနွေးချိန် ကရင်နီတပ်မတော်မှ နယ်လှည့် လူထုတွေ့ဆုံဆွေးနွေးရေး စစ်ကြောင်းပြုလုပ်မည့် ကိစ္စကို ကြိုတင် အသိပေးဆွေးနွေးခဲ့သည်။

ယခုလို ပြည်နယ် ငြိမ်းချမ်းရေးကို လုပ်ဆောင်နေကြသည့် အစိုးရ၊ စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်များ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ပွင့်လင်းမြင်သာမှု နှင့် ယုံ ကြည်မှု တည်ဆောက် နိုင်ဖို့ လိုအပ်ကြောင်း ကယားလူမျိုးစု ဒီမိုကရေစီပါတီ မှ ကို စိုင်းနိုင်နိုင်ထွေး ကဆိုသည်။

“သူတို့ ဖက်က ပွင့်လင်းမြင်သာမှု ရှိရဲ့သားနဲ့ တဖက်က ဘာကြောင့် ဆုံးဖြတ်ချက်တွေ ဝေဝါးနေရလဲဆိုတာကို ကျနော်လည်း မစဉ်းစားတတ်ဘူး” ဟု ကို စိုင်းနိုင်နိုင်ထွေးက ဆိုသည်။

ယခုလို စစ်ကြောင်းသွားလာခွင့်မရရှိသည့် အတွက် ကရင်နီတပ်မတော် လူထု စည်းရုံးရေး နှင့် မိမိတို့လုပ်ဆောင်နေသော နိုင်ငံရေး လုပ်ငန်း ကို လူထုထံ ချပြရေး တို့ကို တဖန်ပြန်လည် လုပ်ဆောင်ရန် နည်းလမ်းများကို ဗဟိုကော်မတီ အစည်းဝေးတွင်း ဆွေးနွေး ဆုံးဖြတ်သွားမည်ဟု သိရသည်။

Written by ဖဲဘူး
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment