မြန်မာ ယူ ၂၃ ဘောလုံးအသင်းကို ဒေါ်လာ ၈၅၀၀ လှူဒါန်းခဲ့သော “ဒို့မြန်မာ”ဆိုင် လက်မှတ်မှောင်ခို ရောင်းချမှုဖြင့် စုံစမ်းခံနေရ


၂၈ ကြိမ်မြောက် ဆီးဂိမ်းတွင် ငွေတံဆိပ်ဆုဆွတ်ခူးခဲ့သော မြန်မာယူ ၂၃ ဘောလုံးအသင်းအတွက် စင်ကာပူဒေါ်လာ ၈၅၀၀ လှူဒါန်းခဲ့သော ဒို့မြန်မာဆိုင်ပိုင်ရှင်ကို လက်မှတ်မှောင်ခိုရောင်းချမှုဖြင့် ပွဲကျင်းပရေးကော်မတီက စုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။ ဒို့မြန်မာဆိုင်သည် ထိုင်း-မြန်မာအမျိုးသားဘောလုံးဗိုလ်လုပွဲအတွက် လက်မှတ်စောင်ရေ ၂၀၅၀ ကို ဆီးဂိမ်းပွဲကျင်းပရေးကော်မတီ (SingSOC) က လက်မှတ်ရောင်းချခွင့်ပေးထားသော Apactix ထံမှ ၀ယ်ယူရရှိခဲ့သည်။

ဗိုလ်လုပွဲမကစားမီတရက်အလို ဇွန် ၁၄ ရက် တနင်္ဂနွေနေ့တွင် စင်ကာပူရောက်မြန်မာများ စုဝေးရာ Peninsular Plaza လေးထပ်တွင်ဖွင့်လှစ်ထားသော အဆိုပါဆိုင်တွင် လက်မှတ်ဝယ်ယူလိုသူများဖြင့် လူစုလူဝေးကြီး ဖြစ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက လာရောက်ထိန်းသိမ်းခဲ့ရပြီး လက်မှတ်ဝယ်ယူသူများနှင့် ဆိုင်မှတာဝန်ရှိသူများကို မေးမြန်းစုံစမ်းခဲ့သည်။ ၎င်းဆိုင်မှ လက်မှတ်များကိုတစောင်လျှင် ၂၅ ဒေါ်လာဖြင့် ဈေးတင်၍ ပြန်လည်ရောင်းချနေကြောင်းရဲတပ်ဖွဲ့မှ စင်ကာပူဆီးဂိမ်းပွဲကျင်းပရေး ကော်မတီထံသို့ အကြောင်းကြားခဲ့ရာ Apactix က ဒို့မြန်မာဆိုင်ကို ကနဦးက ပေးထားသောလျော့ဈေး တစောင်လျှင် ၁၃ ဒေါ်လာအစား နဂိုမူရင်းဈေးအတိုင်း တစောင်လျှင် ဒေါ်လာ ၂၀ နှင့် ကြိုတင်မှာယူခ ၁ ဒေါ်လာ စုစုပေါင်း ၂၁ ဒေါ်လာ နူန်းဖြင့် ငွေပေးချေစေခဲ့ကြောင်း The Straits Times သတင်းစာ ၀ဘ်စာမျက်နှာတွင် ဖော်ပြထားသည်။

“လက်မှတ်တွေကို ၁ စောင် ၂၅ ဒေါ်လာနဲ့ဈေးတင်ရောင်းပြီးရတဲ့အမြတ်ငွေတွေကို လှူလိုက်တယ်လို့ သိရတယ်။ ကျွန်တော်တို့ ဒီကိစ္စကိုသက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပြန်လည် စစ်ဆေးကြည့်ရှုနေပါတယ်။”ဟုSingSOC မှ မစ္စတာတိုဘွန်ယီး က ပြောသည်။

“မရောင်းခင်ကတည်းက မြန်မာဘောလုံးအသင်းကို လှူဖို့ဆိုတာ ၀ယ်မယ့်သူတွေကိုကြိုပြောခဲ့ပါတယ်။ ဒို့မြန်မာဆိုင်က၀ယ်သွားတဲ့ ကြိုက်တဲ့လူကိုမေးကြည့်လို့ရပါတယ်။ အဲဒီတော့ စုစုပေါင်းလက်မှတ်စောင်ရေက ၂၀၅၀၊ တစောင်ကို ၄ ဒေါ်လာ မြတ်ပါတယ်။ ၄ ဒေါ်လာနဲ့ စောင်ရေ ၂၀၅၀ အတွက် ဒေါ်လာ ၈၂၀၀ ရတာမှာ ကျွန်တော်က ၃၀၀ စိုက်ပြီး ၈၅၀၀ လှူခဲ့တာပါ။ ကိုသန်းတိုးအောင်တို့လည်း သိပါတယ်။ လှူတယ်ဆိုတာကလည်း ဒီပြဿနာမဖြစ်ခင်ကတည်းက ကြိုပြီးဆက်သွယ်ထားပြီးသားပါ။”ဟုဒို့မြန်မာဆိုင်ပိုင်ရှင် ကိုရဲဝင်းပိုင်က News Watch သို့ က ပြောကြားသည်။

ဒို့မြန်မာဆိုင်က ဇွန် ၁၇ တွင် စင်ကာပူဒေါ်လာ ၈၅၀၀ ကို မြန်မာယူ ၂၃ အသင်းထံ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်ကို ဆက်သွယ်မေးမြန်းရာ “ကြိုတင်ပြီး သိတာတော့ မဟုတ်ဘူးဗျ။ ပွဲပြီးတဲ့အခါကျတော့ သူတို့ကဖုန်းဆက်ပြီး ကျွေးမွေးချင်တယ်၊ လှူချင်တယ်လို့ ပြောတယ်၊ လာလှူမယ်ဆို လှူလို့ရပါတယ်လို့ ကျနော်တို့ပြောလိုက်တယ်၊ လာလှူတာကို ကိုကြည်လွင်တို့၊ ကျွန်တော်တို့၊ ကိုကျော်လွင်တို့ လက်ခံပါတယ်၊ သူတို့ ဒို့မြန်မာဆိုင်ဆိုတဲ့ ကတ်ပြားကြီးနဲ့ပေါ့လေ၊ ကြိုပြောထားတာတော့ မရှိဘူးဗျ။ ပြိုင်ပွဲပြီးနောက်တနေ့မှာ ကလေးတွေက ဟိုသွားဒီသွား သွားကြတော့ တော်တော်များများကလေးတွေကို ကျွန်တော်ကဘယ်လိုမှာလဲဆိုတော့ မင်းတို့ ကိုယ့်ဟာနဲ့ကိုယ်စားကြ၊ ဘယ်ဆိုင်မှာမှ ထမင်းဝင်မစားကြနဲ့လို့တောင် မှာလိုက်ပါတယ်။”ဟု ဇွန် ၂၄ က News Watch သို့ ပြောကြားသည်။

ဒို့မြန်မာဆိုင်သည် ဇွန် ၁၃ ရက်ကကစားခဲ့သည့် ဗီယက်နမ်-မြန်မာဆီမီးဖိုင်နယ် လက်မှတ်များကိုလည်း အလားတူဈေးတင်ရောင်းချခဲ့သည်ဟု မှောင်ခိုလက်မှတ်ကိစ္စကို လူမှုကွန်ရက်ပေါ်သို့ တင်ဆောင်ခဲ့သူ အသက် ၃၁ နှစ်အရွယ် အင်ဂျင်နီယာ ကိုလင်းထက်အောင်က ပြောသည်။

ဒို့မြန်မာဆိုင်က ဆီမီးဖိုင်နယ်လက်မှတ်များကိုလည်း ဈေးတင်ရောင်းချခဲ့သည်ဆိုခြင်းကို ယင်းဆိုင်မှ ဆီမီးဖိုင်နယ်လက်မှတ် ၅ စောင်ကို တစောင် ၂၅ ဒေါ်လာဖြင့် ၀ယ်ယူခဲ့သူ အသက် ၃၉ နှစ်အရွယ် Technician ကိုမင်းထော်ပိုင် က အတည်ပြုပြောကြားသည်။

“အမြတ်တင်ရောင်းတဲ့ ၅ ဒေါ်လာကို လှူဖို့လို့ ပြောပါတယ်။ ဒါပေမယ့် လက်မှတ်ဈေး ၁၄ ဒေါ်လာဆိုတာလက်မှတ်ပေါ်မှာတင် ရေးထားပါတယ်။ ကျန်တဲ့ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ။”ဟု ၎င်းက မေးခွန်းထုတ်သည်။

ဒို့မြန်မာဆိုင်မှ မြန်မာယူ ၂၃ အသင်းအတွက် လှူဒါန်းခဲ့သည့် ဒေါ်လာ ၈၅၀၀ မှာဖိုင်နယ်ပွဲတခုတည်းမှ ရရှိသောအမြတ်ငွေဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲလက်မှတ်ရောင်းချ၍ ရရှိခဲ့သောအမြတ်ငွေများကို ဒို့မြန်မာဆိုင်ရှင် ကိုရဲဝင်းပိုင်အနေနှင့် မည်သို့စီမံခန့်ခွဲသည်ကို မသိရှိရသေးချေ။

စင်ကာပူနိုင်ငံတွင် မြန်မာများစုဝေးလေ့ရှိရာ Peninsular Plaza အဆောက်အဦတွင် ဖွင့်လှစ်ထားသော “ဒို့မြန်မာ”အပါအ၀င် မြန်မာဆိုင်အချို့တွင် မြန်မာ-ဗီယက်နမ် အကြိုဗိုလ်လုပွဲမတိုင်မီမှစ၍ လက်မှတ်မှောင်ခိုရောင်းချမှု ဈေးကွက်တခု ဖြစ်ခဲ့သည်။

စင်ကာပူနိုင်ငံတွင် လက်မှတ်မှောင်ခိုရောင်းချခြင်းကို ဥပဒေဖြင့်တားမြစ်ထားပြီး ပွဲလက်မှတ်များကို ဆတူဈေးဖြင့်သော်လည်းကောင်း၊ ဈေးတင်၍သော်လည်းကောင်း ပြန်လည်ရောင်းချခွင့်မပြုကြောင်း ဘောလုံးပွဲလက်မှတ်၏ နောက်ကျောဘက်တွင် ဖော်ပြထားသည်။

အကြိုဗိုလ်လုပွဲလက်မှတ်ဈေးနူန်းသည် တစောင်လျှင် ဒေါ်လာ ၁၅၀ အထိ မြင့်တက်ခဲ့ကြောင်းသိရသည်။ Peninsular Plaza မှောင်ခိုဈေးကွက်အပြင် အွန်လိုင်းမှ လက်မှတ်ရောင်းချသည့် စင်ကာပူဝဘ်ဆိုဒ် Ticketbis တွင်လည်း ထိုင်း-မြန်မာဗိုလ်လုပွဲလက်မှတ်ကို ၁ စောင်လျှင် ဒေါ်လာ ၂၀၀ ခန့်မှ ပွဲကစားချိန် နီးကပ်လာသည်နှင့်အမျှ ဒေါ်လာ ၆၀၀ နီးပါးအထိ အဆမတန် မြင့်တက်ခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment