ချစ်ငယ်တို့အနုပညာလောကလေးက လျှောက်တတ်ရင် အေးအေးဆေးဆေးလေးပါ



'ရပ်ကွက်ထဲက ဘုရင်မ’ဟု အမည်ပေးထားသည့် ရုပ်ရှင်ကားကို နာမည်ကြီးအမျိုးသမီးသရုပ်ဆောင်များ ဦးဆောင်၍ ဒါရိုက်တာ ခင်စောမျိုးက ရိုက်ကူးနေသည်။ ယင်းဇာတ်ကားတွင် ဝါရင့်သရုပ်ဆောင်များဖြစ်သည့် မို့မို့မြင့်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်တို့နှင့်အပြိုင် အဆိုတော် မေခလာလည်း လူလည်ကျသည့် ဇာတ်ကောင်စရိုက်ဖြင့် ပါဝင်သရုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ‘ရပ်ကွက်ထဲက ဘုရင်မ’ ဇာတ်ကားတွင် သရုပ်ဆောင်တစ်ယောက်အနေဖြင့် တွေ့ရမည့် မိမိကိုယ်ကိုယ်‘ချစ်ငယ်’ဟု ပြောတတ်သည့် မေခလာကို ၎င်း၏အနုပညာလှုပ်ရှားမှုအကြောင်း တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ 


ဒီအသက်အရွယ်ထိ ရောက်အောင် လျှောက်လှမ်းမယ်လို့ အနုပညာအလုပ်တွေ စပြီးလုပ်ခဲ့စဉ်က ရည်ရွယ်ချက်ရှိခဲ့သလား။ အဲဒီရည်ရွယ်ချက်အတိုင်း ကိုယ်လျှောက်လှမ်းခဲ့တာတွေက ထပ်တူကျသလား။ စိတ်ကျေနပ်မှုကော ရှိပါသလား။ 

ရည်ရွယ်ချက်တော့ မရှိခဲ့ဘူး။ ဒါပေမဲ့ ဘုရားပေးတဲ့ဆုပါပဲ။ ဒီအလုပ်ကို ဒီအချိန်ထိလုပ်ရမယ်၊မလုပ်ရမယ်ဆိုတာက ကိုယ့်ကြိုး စားမှုအပေါ်မှာလည်း မူတည်တယ်။ ပရိသတ်ရဲ့အားပေးမှုအပေါ်မှာလည်း မူတည်တယ်။ အဲဒါ ကြောင့် ချစ်ငယ်ကတော့ ကိုယ့်ကြိုးစားမှုလည်း ပါတယ်။ ပါရမီ ဓာတ်ခံကြောင့်လည်း ပါတယ်လို့ ပြောရမှာပေါ့။ ချစ်ငယ်ဘဝကို ချစ်ငယ်ကျေနပ်ပါတယ်။ 

ဒီအသက်အရွယ်ရောက်တဲ့အထိ အောင်မြင်မှုရော ကျန်းမာရေးနဲ့ အလှအပရေးရာတို့ကိုပါ ပြုပြင် ထိန်းသိမ်းထားနိုင်တယ်။ ပြီးတော့ လူမှုရေးပိုင်းမှာလည်း အစ်မက ဆက်ဆံရေးကောင်းတယ်လို့ အနုပညာအသိုင်းအဝိုင်းမှာ နာမည်ကျော်တယ်။ ဒီလို အားသာချက်တွေရှိအောင် ဘယ်လို ဖြတ်သန်းခဲ့ပါသလဲ။

အဲဒါကတော့ ငယ်ငယ်လေးကတည်းက အဲဒီအကျင့်ကို မွေးယူခဲ့တာ။ မိဘရဲ့ထိန်းသိမ်းမှုအောက်မှာဖြစ်တဲ့အတွက် မိဘရဲ့သွန်သင်မှုကြောင့် ဒီကောင်းတဲ့ဓာတ်ခံလေးရခဲ့တာပါ။ အလှအပနဲ့ပတ်သက်ပြီး ချစ်ငယ်က ဘာမှ မလုပ်ပါဘူး။ အကုန်စားတယ်။ Gym တွေ ဘာတွေ ဆော့တာလည်း မရှိပါဘူး။ ဘုရားပေးတဲ့ ဆုလေးပေါ့။

အစ်မရဲ့သမီးလေးလည်း အရွယ်ရောက်လာပြီဆိုတော့ အစ်မရဲ့ အနုပညာမျိုးဆက်ကို ဆက်ခံဖို့ အစီအစဉ်ရှိလား။

သမီးလေးက (၁၇)နှစ်ထဲမှာပါ။ အနုပညာကို အရမ်းကို ဝါသနာပါပါတယ်။ ဒါပေမဲ့ ချစ်ငယ်ကတော့ မလုပ်စေချင်ပါဘူး။ သူ့ကို ပညာတတ်တစ်ယောက်ပဲ ဖြစ်စေချင်ပါတယ်။ 

အစ်မက နှစ်အတော်ကြာမှ တစ်ကိုယ်တော်ရှိုး ထလုပ်တော့လည်း အောင်မြင်တယ်။ နောက်ပြီး ရုပ်ရှင်တွေ ရိုက်တော့လည်း ပရိသတ်က လက်ခံတယ်။ အချိန်မရွေး ဘာဖန်တီးမှုပဲလုပ်လုပ် ပရိသတ်လက်ခံနေဖို့ကို ဘာတွေ ပြင်ဆင်ကြိုး စားရပါသလဲ။ 

အဓိကကတော့ စေတနာပါ။ ပြီးတော့ လူမှုဆက်ဆံရေးတော်ရမယ်။ နောက်တစ်ခုက အနန္တော အနန္တငါးပါးကို မမေ့ပါနဲ့။ ကိုယ့်ကျေးဇူးရှင်ကို ဘယ်တော့မှ မစော်ကားပါနဲ့။ ကိုယ်ရလာတဲ့ ဘဝလေးကို ကျေနပ်နှစ်သိမ့်ပါ။ အားငယ်သူကို အားပေးပါ။ လဲနေသူကို ထူပေးပါ။ မြင့်တာကို သိပ်မမှန်းပါနဲ့။ နိမ့်တာကိုလည်း မနှိမ့်ချပါနဲ့။ ချစ်ငယ်တို့အနုပညာလောကလေးက လျှောက်တတ်ရင် အေးအေးဆေး ဆေးလေးပါ။ 

ဂီတဘက်မှာ အရင်က လိုက်ဖ်ရှိုးတွေ တစ်ခေတ် ဖြစ်ခဲ့တယ်။ နောက် တစ်ကိုယ်တော်ရှိုးတွေကို အဆိုတော်များစွာနဲ့ ရိုက်ကူးတာ ခေတ်စားခဲ့တယ်။ အခုကျတော့ ခေတ်တစ်ခေတ်အနေနဲ့ ပြောရလောက်အောင် သိပ်မရှိဘဲ အွန်လိုင်းမှာပဲ သီချင်းတင်ရောင်းတာတွေ ဖြစ်လာတယ်။ အဲဒါက ခေတ်အဆက်ဆက် ဂီတလောကကို ဖြတ်သန်းခဲ့တဲ့ အစ်မရဲ့အတွေ့အ ကြုံအရ ဂီတအခြေခံစီးပွားရေးအနေအထား ဘယ်လိုဖြစ်လာနိုင်ပါသလဲ။

အနုပညာအဆိုလောကကတော့ ခေတ်ပျက်ကြီးလိုဖြစ်နေတာ။ ခိုးကူးတွေများတဲ့အခါကျတော့ အရင်လိုအခွေတွေလည်း မထွက်နိုင်တော့ဘူး။ ပရိုဂျူဆာတွေလည်း သိပ်မလုပ်နိုင်တော့ဘူး။ အဲဒါကြောင့် အွန်လိုင်းမှာပဲ ကလေးတွေကအစ သူတို့ရဲ့အနု ပညာကို ရအောင် လုပ်ယူနေရတယ်။ ဒါကလည်း မဆန်းတော့ပါဘူး။ ခေတ်တစ်ခုရဲ့စီးပွားရေးနဲ့ သက်ဆိုင်တယ်လို့ ထင်ပါတယ်။


ရိုက်ကွင်းပေါ်တွင်တွေ့ရသည့် မေခလာ

အခုရိုက်နေတဲ့ ‘ရပ်ကွက်ထဲက ဘုရင်မ’ဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့ အပြိုင်ကြဲရတယ်။ ကိုယ်တိုင်က အဆိုဘက်မှာ ပရော်ဖက်ရှင်နယ်လုပ်တာဆိုတော့ သ​ရုပ်ဆောင်အနေနဲ့ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။

တစ်မျိုးစီ ခက်ခဲတာချည်းပါပဲ။ ဘယ်အလုပ်မဆို လွယ်တယ်တော့ မရှိပါဘူး။ ဆိုတဲ့အလုပ်ကလည်း မလွယ်ကူသလို ရိုက်ကူးရေးလည်း မလွယ်ကူပါဘူး။ သူ့ သမ္ဘာနဲ့သူပါပဲ။

ဖျော်ဖြေပွဲတွေမှာ ပါဖောမန့်နဲ့ ဖျော်ဖြေလေ့ရှိတာက သရုပ်ဆောင်လုပ်တဲ့နေရာမှာ အထောက်အကူဖြစ်ခဲ့လား။ သရုပ်ဆောင်ဘက်မှာ အိုဗာမဖြစ်အောင် ဘယ်လိုထိန်းပြီး သရုပ်ဆောင်ပါသလဲ။

ပါဖော့မန့်လုပ်တယ်ဆိုတာက အနုပညာသမားတွေ လုပ်ရမယ့် လုပ်ရပ်တစ်ခုပါ။ သရုပ်ဆောင်တဲ့ဘက်မှာလည်း အထောက်အကူလည်း ဖြစ်ပါတယ်။ ဒီကား(ရပ်ကွက်ထဲက ဘုရင်မ)က ဟာသဆိုတော့ အိုဗာအိုက်တင်လေးတွေ လုပ်ရတယ်။

မွေးနေ့တိုင်းမှာ ပရဟိတအလှူတွေ လုပ်ဖြစ်တော့ ပရဟိတကိုကော ဘယ်လောက်အချိန်ပေးပြီး လုပ်ဖြစ်လဲ။

ပရဟိတကတော့ လုပ်ဖြစ်ပါတယ်။ မွေးနေ့တိုင်းမှာ ကြီးကြီးကျယ်ကျယ်လုပ်သလို အပတ်စဉ်တိုင်းမှာလည်း လှူဒါန်းမှုလေးတွေ လုပ်ဖြစ်ပါတယ်။ 

အစ်မရဲ့တေးစီးရီးအသစ်လည်း လုပ်နေတာဆိုတော့ ဘယ်အတိုင်းအတာထိ ပြီးသွားပြီလဲ။ ဘယ်လို ပုံစံတွေ တွေ့ရမလဲ။ 

စီးရီးကတော့ ရသပေါင်းစုံ ပါတဲ့ စီးရီးလေးပါ။ အချစ်ရော၊ အလွမ်းရော နောက်ပြီး အားကစားသမားတွေကို ဂုဏ်ပြုထားတဲ့ သီချင်းလေးလည်း ပါပါတယ်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်လောက်ဆိုရင်တော့ ပရိသတ် လက်ထဲကို ထည့်ပေးနိုင်မယ်ထင်ပါတယ်။ 

အားကစားသမားတွေကို ဂုဏ်ပြုတဲ့သီချင်းတွေကို အစ်မဆိုရင် အောင်မြင်လေ့ရှိတော့ ဒီအခွေမှာ ပါမယ့် အဲဒီသီချင်းအကြောင်းလေး ပြောပြပေးပါလား။ 

အဲဒီသီချင်းလေးက နိုင်မြန်မာရဲ့သား ဗျူဟာရေးပေးတဲ့ ရွှေဖလားပဲ လိုချင်တယ်ဆိုတဲ့ သီချင်းလေးပါ။ အရမ်းနားထောင်လို့လည်း ကောင်းပါတယ်။ အဲဒီအခွေလေးထွက်ရင် ပရိသတ်တွေ ကြိုက်မယ်လို့ ထင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က လုပ်ခဲ့တဲ့ ကိုင်ဇာ၊ မေဆွိ၊ မေခလာဖျော်ဖြေပွဲက အောင်မြင်မှုရခဲ့တာဆိုတော့ အဲဒီလိုပွဲမျိုး ထပ်လုပ်ဖို့ ရှိဦးမလား။ 

အဲဒါကတော့ အကျိုးအကြောင်း တိုက်ဆိုင်လာရင် ရှိလာမှာပါ။

ဒီအချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ပရိသတ်တွေအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ အေးချမ်းကြပါစေ။ အဓိက ကျန်းမာရေးနဲ့ ညီညွတ်ကြပါစေ။

ဟုတ်ကဲ့။

ကျေးဇူးတင်ပါတယ်။

Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment