စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ နာမည်ကြီးကျောင်း တကျောင်း ဖြစ်သော အလက၂၊ ထ(ခွဲ)ကျောင်းမှ ကလေးငယ်များကို ပြင်းထန်စွာ ရိုက်နှက်တတ်သော ဆဌမတန်း A အတန်းပိုင်ဆရာမသည် ယနေ့(ဇွန် ၂၄)တွင် ကျောင်းသားမိဘများအား ပြန်လည် ၀န်ချတောင်းပန်ခဲ့ကြောင်း သတင်းရရှိသည်။
၂၄.၆.၂၀၁၅ နေ့လယ် ၁၁နာရီအချိန်ခန့်တွင် ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် မီဒီယာများရှေ့မှောက်တွင် ကျောင်းအုပ်ဆရာမကြီးကို သက်သေပြု၍အရိုက်ခံရသော ကျောင်းသားမိဘများကို ဆရာမဒေါ်ဖြူဖြူဝင်းက အပြစ်ပေးလွန်ခဲ့မှုကို ဝန်ချတောင်းပန်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောင်းအုပ်ဆရာမကြီးက ဆရာမဒေါ်ဖြူဖြူဝင်းကို အတန်းပိုင်အဖြစ်ရော
ဘာသာပြဆရာမအနေဖြင့်ပါ စာသင်ခွင့်ကိုပါ ယခု ပညာသင်နှစ်အတွင်း ရပ်စဲလိုက်ကြောင်းလည်း သိရသည်။
ဖြစ်စဉ်မှာ ၁၉.၆.၂၀၁၅နေ့ သောကြာနေ့လယ်ကျောင်းဆင်းချိန်တွင် ကျောင်းဆင်းခေါင်းလောင်းထိုးသဖြင့် ဆဌမတန်း A မှ ကလေးငယ်များက စာအုပ်သိမ်းပြီးလွယ်အိတ်လွယ်ကာ ဘာသာပြဆရာမဒေါ်ခင်မေဇော်အား နူတ်ဆက်ပြီးကျောင်းဆင်းရန် ပြင်ဆင်နေစဉ် အတန်းပိုင်ဆရာမဒေါ်ဖြူဖြူဝင်း ဝင်လာပြီး ကလေးများ လွယ်အိတ်လွယ်ပြီး ဆရာမကိုနှုတ်ဆက်သည့်အတွက် အပြစ်ရှိသည်ဆိုကာ ကလေး၇ဦးကို ပြင်းထန်စွာရိုက်ခဲ့ကြောင်း သိရသည်။
အတန်းထဲတွင် ကျောင်းသား၅၀ကျော်ရှိသည့်အနက် ၃၀ကျော်က လွယ်အိတ်လွယ်၍နှုတ်ဆက်ခဲ့သော်လည်း ကလေး၇ယောက်ကိုသာ ဆုံးမရိုက်ခဲ့ကြောင်း သိရသည်။
အရိုက်ခံရသောကလေးငယ်များမှာ မဂျူးဂျူးကို၊ မဝေဇာအောင်၊ မခေတ်မိုးသူ၊ မဝင်းအိအိကို၊ မဆုနှင်းလှိုင်၊ မောင်ရှင်းသန့်နှင့် မောင်မောင် လျှမ်းထက်အောင်တို့ဖြစ်ကြောင်း သိရသည်။
အတန်းပိုင်ဆရာမဒေါ်ဖြူဖြူဝင်းမှာ နေ့စဉ်လိုပင် ကလေးငယ်များအား "နင်တို့အပြစ်ရှိလို့ရိုက်တာ၊ တိုင်ချင်တဲ့ဆီတိုင်၊ လုံးဝကိုမကြောက်ဘူး။”ဟု နေ့စဉ်ပြောနေသဖြင့် အရိုက်ခံရသော ကလေးငယ်များမှာ ကြောက်ရွံ့ထိတ်လန့်ပြီး ကျောင်းပြောင်း၍ထားပေးပါရန် မိဘများအား ပန်ကြားသည်များပင် ရှိခဲ့ကြောင်း သိရသည်။
အေးလွင်(ကသာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
0 comments:
Post a Comment