စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊အလက၂၊ထ(ခွဲ)ကျောင်းသည် ကသာမြို့၌ နာမည်ကြီး ကျောင်းတကျောင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများစွာ တက်ရောက် ပညာသင်ကြားနေသော ကျောင်းဖြစ်သည်။
ထိုကျောင်းရှိ ဆဌမတန်းA အတန်းပိုင်ဆရာမက ကလေးငယ်များကို ရိုက်နှက်ဆုံးမမှုမှာ ပြင်းထန်သဖြင့် ကျောင်းသား မိဘများက မကျေနပ်ဘဲ ဥပဒေအရရင်ဆိုင်ရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၁၉.၆.၂၀၁၅နေ့ သောကြာနေ့လယ်ကျောင်းဆင်းချိန်တွင် ကျောင်းဆင်းခေါင်းလောင်းထိုးသဖြင့် ဆဌမတန်း A မှ ကလေးငယ်များက စာအုပ်သိမ်းပြီး လွယ်အိတ်လွယ်ကာ ဘာသာပြ ဆရာမဒေါ်ခင်မေဇော်အား နူတ်ဆက်ပြီးကျောင်းဆင်းရန် ပြင်ဆင်နေစဉ် အတန်းပိုင်ဆရာမဒေါ်ဖြူဖြူဝင်း ဝင်လာပြီး ကလေးများကိုလွယ်အိတ်လွယ်ပြီးဆရာမကိုနှုတ်ဆက်သည့်အတွက် အပြစ်ရှိသည်ဆိုကာ ကလေး၇ဦးကို ပြင်းထန်စွာရိုက်ခဲ့ကြောင်း သိရသည်။
အတန်းထဲတွင် ကျောင်းသား၅၀ကျော်ရှိသည့်အနက် ၃၀ကျော်က လွယ်အိတ်လွယ်၍ နှုတ်ဆက်ခဲ့သော်လည်း ကလေး၇ယောက်ကိုသာ ဆုံးမရိုက်ခဲ့ကြောင်း သိရသည်။
အရိုက်ခံရသောကလေးငယ်များမှာ မဂျူးဂျူးကို၊ မဝေဇာအောင်၊ မခေတ်မိုးသူ၊ မဝင်းအိအိကို၊ မဆုနှင်းလှိုင်၊ မောင်ရှင်းသန့်နှင့် မောင်မောင် လျှမ်းထက်အောင်တို့ဖြစ်ကြောင်း သိရသည်။
၁၉.၆.၂၀၁၅နေ့က အရိုက်ခံရသောကလေးငယ်များ၏ဒဏ်ရာမှာ ၂၃.၆.၂၀၁၅နေ့အထိတိုင်အောင် မပျောက်သေးကြောင်း ဓာတ်ပုံရိုက်ပြီး မှတ်တမ်းယူထားသောမိဘတဦးက ပြောကြားကြောင်း သိရသည်။အတန်းပိုင်ဆရာမဒေါ်ဖြူဖြူဝင်းမှာ နေ့စဉ်လိုပင်ကလေးငယ်များအား "နင်တို့အပြစ်ရှိလို့ရိုက်တာ၊ တိုင်ချင်တဲ့ဆီတိုင်၊ လုံးဝကိုမကြောက်ဘူး။”ဟု နေ့စဉ်ပြောနေသဖြင့် အရိုက်ခံရသောကလေးငယ်များမှာ ကြောက်ရွံ့ထိတ်လန့်ပြီး မိဘများကိုကျောင်းပြောင်းခိုင်းနေကြကြောင်း သိရသည်။
ရက်စက်စွာအရိုက်ခံရသော ကလေးငယ်များ၏မိဘများကို အတန်းပိုင်ဆရာမက မတောင်းပန်သည့်အပြင် ကလေးငယ်များကို နေ့စဉ်နှင့်အမျှ စိတ်ဆင်းရဲအောင်ပြောဆိုနေသဖြင့် ကျောင်းသားမိဘများက ဥပဒေကြောင်းအရ ရင်ဆိုင်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း အရိုက်ခံရသူကလေးမိဘတဦးက ပြောကြားသည်။
အေးလွင်(ကသာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
0 comments:
Post a Comment