ကားရိုက်မငှားကြလို့ ဒါရိုက်တာအဖြစ် ရပ်တည်နေရတာပါလို့ ပွင့်လင်းစွာ ဖွင့်ဟလာတဲ့ သားညီ


အနုပညာလောကထဲကို ၁၉၉၉ခုနှစ်ကတည်းက စတင်ဝင်ရောက်ပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ရပ်တည်လာခဲ့တဲ့ သားညီဟာ လက်ရှိမှာ ကားရိုက်မငှားကြတဲ့အတွက် ဒါရိုက်တာအနေနဲ့ ဇာတ်ကား၂၀ကျော် ၃၀နီးပါးကို ရိုက်ပြီးခဲ့ပြီးဖြစ်ပြီး လက်ရှိရိုက်နေတဲ့ ဇာတ်ကားလေးနဲ့ပတ်သက်ပြီး သွားရောက်မေးမြန်းဖြစ်တဲ့အခါ "အခုရိုက်နေတဲ့ ကားလေးက ရုပ်သေးလေးရဲ့ ရာဇ၀င်တဲ့။ ဒီကားလေးက ကျွန်တော်ဒါရိုက်တာအနေနဲ့ရိုက်တာကား ၂၀ကျော်ပေါ့။ ဒီကားထဲမှာ နေတိုး၊ သက်မွန်မြင့်၊ ဒေါ်ချိုပြုံးတို့ အဓိက ပါဝင်ပါတယ်။ ဒီကားလေးက ရိုမန့်စ် ဒရာမာလေးပါပဲ။ ဟိုးငယ်ငယ်လေးကတည်းက စွဲလန်းခဲ့ရတဲ့ကောင်မလေး တစ်ယောက်ကို ပြန်တွေ့တဲ့အချိန်မှာ ကောင်မလေးက မုဆိုးမလေးဖြစ်နေပြီ။ အဲ့ဒီတော့ သူ့အိမ်ကသဘောတူတယ် ဆိုပေမဲ့ ကောင်မလေးဖက်က အရမ်းချမ်းသာတော့ နေတိုးနဲ့သဘောမတူဘူး။ သဘောမတူတူအောင် လိုက်ကြိုးစားတဲ့ ကာရိုက်တာလေးပါ။ သက်မွန်နဲ့က ဟိုးအရင်ကတည်းကလဲ မောင်နှမတွေလိုနေကြတယ်။ ဒါပေမဲ့ သရုပ်ဆောင်အနေနဲ့ပဲ ဆုံဖူးတယ်။ ဒီကားလေးက နေတိုးနဲ့ ပထမဆုံး ဆုံတဲ့ကား၊ သက်မွန်နဲ့လဲ ပထမဆုံး ဆုံတဲ့ကား သရုပ်ဆောင်အနေနဲ့မဟုတ်ပဲ ကိုယ်ကဒါရိုက်တာအနေနဲ့ဆိုတော့ ပိုပြီး အမှတ်တရဖြစ်တယ်။ သက်မွန်အနေနဲ့ကလဲ ကလေးလေးမွေးပြီး ပြန်စရိုက်တဲ့ကားဆိုတော့လေ။ သက်မွန်ကလဲ ပြောပါတယ်။ သူအသစ်တစ်ယောက်လိုပဲ ပြန်ခံစားမိတယ်။ တချို့အခန်းတွေဆို သူခြေတွေ လက်တွေ တုန်တယ်။ အစ်ကို သမီးအဆင်ပြေရဲ့လား နဲ့အမြဲတမ်းမေးသွားတယ်။ ဒါပေမဲ့ အကယ်ဒမီ သက်မွန်မြင့်ပဲဗျာ။ တစ်ရက်ပါပဲ။ နောက်ရက်တွေကျတော့ အဆင်ပြေသွားပါတယ်။ ဒါပြီးရင် ကျွန်တော် ဇေရဲထက်၊ စိုးမြတ်နန္ဒာ ၊နွယ်ဒါလီထွန်းနဲ့ဗီဒီယိုကားတစ်ကားရိုက်ဖို့ရှိပါတယ်။"လို့ သူက ပြောပြသွားပါတယ်။
ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရပ်တည်မှု၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရပ်တည်မှု အကြောင်းတွေကိုလည်း သူက "အမှန်ကတော့ ကျွန်တော်သရုပ်ဆောင်အလုပ်ကို ပိုရူးသွပ်တာ၊ ပိုခုံမင်တာဗျ။ ဒါပေမဲ့ ဖြစ်ချင်တော့ ငှားမဲ့သူမရှိလို့ဒါရိုက်တာ အနေနဲ့ရပ်တည်နေတာပါ။ နောက်ပိုင်း အသက်အရွယ်ရလာရင်တော့ ဒါရိုက်တာအနေနဲ့ပဲ ဆက်ပြီးရပ်တည်သွားဖို့ ရှိပါတယ်။ သရုပ်ဆောင်ကလဲ လုပ်ချင်သေးတယ်။ ပိုးက မကုန်သေးဘူး။ ကျွန်တော် အရင်ကဆို ကျွန်တော်ဒါရိုက်တာ လုပ်ရိုက်တဲ့ကားတွေမှာ အမှတ်တရအနေနဲ့ တစ်ဆင်းန်၊ နှစ်ဆင်းန်ပါဖူးတယ်။ ဒါပေမဲ့ ခုဒီကားမှာ မပါဘူး။ နောက်ရိုက်မဲ့ဇေရဲထက်ကားမှာတော့ ၂ဆင်းန်လောက် ပါဖို့ရှိပါတယ်။ ကျွန်တော့်ကို ကားရိုက်မခေါ်တာက သရုပ်ဆောင် အချင်းချင်းကျတော့လဲ သြော် ဒီကောင်ဒါရိုက်တာပဲ ဆိုပြီးလေးစားကြတယ်။ တွေ့ရင် ကားရိုက်ခေါ်ပါဦး။ ဘာညာပြောကြတယ်။ ဒါရိုက်တာ အချင်းချင်းကျတော့လဲ ဟာဒီကောင် ငယ်ငယ်ရွယ်ရွယ်နဲ့ကားကြီး ရိုက်ထားတယ်ဆိုပြီး လေးစားကြတယ်။ ရှုတင်မန်နေဂျာတွေကလဲ သူက သရုပ်ဆောင်ဒါရိုက်တာဆိုတော့ အလုပ်တွေ ဆက်နေမှာပဲ ဆိုပြီး ထင်ကြတယ်။ အဲ့ဒီမှာ ထမင်းစားငတ်တော့တာပဲ။ ကျွန်တော့်ကို လူတွေက မအားကြဘူး။ မအားကြဘူးထင်ပြီး မငှားကြဘူး"လို့သူက ပွင့်ပွင့်လင်းလင်း ပြောပြသွားခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment