
ရန်ကုန်မြို့ သုဝဏ္ဍအားကစားရုံမှာ အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပတဲ့ အမျိုးစောင့် ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲမှာ မိန့်ကြားနေတဲ့ ဆရာတော် ဦးဥာဏိဿရက ကိုတွေ့ရစဉ်။ Photo: Aung Thain Kha/ RFA
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ကြရာမှာ သံဃာတော်တွေ အနေနဲ့ နိုင်ငံရေးထဲ နယ်မကျွံမိစေဖို့ သီတဂူဆရာတော် ဦးဥာဏိဿရက မိန့်ကြား လိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ သုဝဏ္ဍ အားကစားရုံမှာ ကျင်းပတဲ့ အမျိုးစောင့် ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲမှာ ဆရာတော် ဦးဥာဏိဿရက မိန့်ကြားလိုက်တာဖြစ်ပါတယ်။
"ဒီလိုအမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးလုပ်ကြတော့ သံဃာတော် အရှင်မြတ်တွေက နိုင်ငံရေးလုပ်သလားလို့ မေးခွန်းတွေမေးစရာပါ၊ တချို့ သံဃာတော်တွေကလည်း နည်းနည်းနယ်ကျွံတယ်ထင်ပါတယ်၊ ကိုယ်နယ်ထဲ ကိုယ်မနေပဲ နယ်ကျွံပုံရတယ်၊ အဲ့ဒါကြောင့်အမေးအမြန်းလည်းခံရတယ်၊ အပြစ်တင်လည်းခံရတယ်၊ မြတ်စွာဘုရားရဲ့စကားတစ်ခွန်းရှိပါတယ်၊ သူတစ်ပါးစားကျက်ထဲမသွားကြနဲ့ ကိုယ်စားကျက်မှာကိုနေကြပါ၊ "
အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ကြတဲ့အပေါ် သံဃာတော်တွေအနေနဲ့ နိုင်ငံရေးထဲမှာ ပါဝင်နေတယ်ဆိုတဲ့ မေးခွန်းတွေနဲ့ပတ်သက်ပြီး သီတဂူ ဆရာတော်ကြီးက မိန့်ကြားလိုက်တာပါ။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ်ကို အခြေခံပြီး နေထိုင်ဖို့အတွက်ကိုလည်း ဆရာတော်က တိုက်တွန်းထားပါတယ်။
အဲဒီအခမ်းအနားကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဦးဆောင် ဆရာတော်တွေ နိုင်ငံရေးပါတီ က တာဝန်ရှိသူတွေ၊ အမြို့မြို့အနယ်နယ်က မဘသအဖွဲ့ဝင် စုစုပေါင်း ၁ သိန်းခန့်တက် ရောက်ကြ တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
0 comments:
Post a Comment