သမ္မတဦးသိန်းစိန်က သူရဦးရွှေမန်းအား ပါတီဥက္ကဌနေရာက ဖယ်ရှားရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း ရိုက်တာသတင်းမှ ထုတ်ဖော်ရေးသား


 မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်က ပြိုင်ဘက်ဖြစ်သူ ဦးရွှေမန်းကို USDP ပါတီ ဥက္ကဌနေရာမှ ဖယ်ရှားရန် အနည်းဆုံး ၂ ကြိမ်ခန့် ကြိုးစားခဲ့ပြီး သုံးကြိမ်မြောက်ဖြစ်သည့် သြဂုတ်လ ၁၂ ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က အာဏာရ ပါတီ၏ ဌာနချုပ်အတွင်း လက်နက်အင်အား လူအင်အား သုံးပြီး ၀င်ရောက် စီးနှင်းသည့်အခါမှ နောက်ဆုံး အောင်မြင် ခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ရေးသားလိုက်သည်။

အဆိုပါ ညက ပါတီဌာနချုပ်အတွင်း ရှိနေသူများအားလုံး၏ မိုဘိုင်းဖုန်းများနှင့် ကွန်ပြူတာများကို ရဲတပ်ဖွဲ့က စားပွဲပေါ် ပုံတင်ထားခိုင်းခဲ့ပြီး စောင့်ကြည့်နေ စဉ် ဦးရွှေမန်းအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌ အဖြစ်မှ ဖယ်ရှားရန် သမ္မတထောက်ခံသူများက သမ္မတထံမှ အမိန့် အတိုင်း ဆောင်ရွက်ခဲ့ကြသည်ဟု ရိုက်တာသတင်းဌာန က ဖော်ပြခဲ့သည်။

နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးတွင် ပြုပြင်ပြောင်းလဲမှုများ မြန်ဆန်ရေး လာလိမ့်မည်ဟု မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပတွင် မျှော်လင့်ချက်များ မြင့်မားနေချိန်ပြီး ဦးသိန်းစိန် အစိုးရ၏ လုပ်ဆောင်မှုများ အပေါ် အကောင်းမြင် မှု နည်းပါးနေချိန်တွင် ပါတီအပေါ် သူ၏ ချုပ်ကိုင်မှု သေချာစေခြင်းဖြင့် ဦးသိန်းစိန်က သမ္မတရာထူး (၂ ဆက်) တည်မြဲရေး ပိုသေချာစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာသတင်းဌာနက သုံးသပ်ထားသည်။

”လူတွေ ၀င်လာတာကို ကျွန်တော်ကြားလိုက်တယ်။ ကွန်ပြူတာရှေ့ ကနေ မော့ကြည့်လိုက်တော့ ကျွန်တော့် ဘေးနားမှာ လက်နက်ကိုင် အစောင့်တွေ ဒါဇင်ဝက်လောက် ၀ိုင်းထားတယ်။”ဟု ရဲတပ်ဖွဲ့ ၀င်လာစဉ် အဆောက်အဦအတွင်း ရှိနေသူတစ်ဦးက ပြောပြခဲ့သည်။ သူ၏ လုံခြုံရေး အရ အမည် ဖော်ပြရန် ငြင်းဆိုထားသည်။

”သူတို့တတွေက သူတို့ လက်နက်တွေကို ဆွဲမထုတ်ခဲ့ပါဘူး။ သူတို့က ဘယ်သူကိုမှ အပြင်နှင့် မဆက်သွယ်စေချင်ဘူးဆိုတာ ထင်ရှားပါတယ်။”

ဦးရွှေမန်းသည် ပါတီဌာနချုပ်တွင် ရှိမနေသော်လည်း ဦးသိန်းစိန် ကို ထောက်ခံသူများက ပါတီကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် အရေးကြီး အချိန်တွင် ဦးရွှေမန်းအား ထောက်ခံသူများက မည်သည့် တုန့်ပြန်မှုများမှ မလုပ်ဆောင်နိုင်စေရန် တံခါးများ ပိတ်ထားခဲ့သည်။

ယခင် တပ်မတော်အစိုးရ လက်ထက်က ရာထူးဖယ်ရှားပုံများကဲ့ လက်နက် ကိုင်များ အသုံးပြုကာ ပါတီဌာနချုပ်အား စီးနှင်းပြီး ဦးရွှေမန်းအား ဖယ်ရှား ခဲ့ခြင်းက ရွေးကောက်ပွဲမတိုင်မီ ၃ လ မကြာတော့သည့် အချိန်တွင် ဦးရွှေမန်းအနေဖြင့် သမ္မတအဖြစ် ယှဉ်ပြိုင်ခြင်းမှ ထိထိရောက်ရောက် ပထုတ်ထားခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာ သတင်းဌာန က ရေးသားခဲ့သည်။

အဖယ်ရှားခံ ပါတီဥက္ကဌက ဒီမိုကရေစီသို့ ပိုမိုမြန်ဆန်စွာ ကူးပြောင်းဖွယ် အပါအ၀င် ကြေငြာရန် ရှိနေသည့် အစီအစဉ်မှလည်း သွေဖယ် သွားခဲ့ သည်ဟု ပါတီ၏ အကြံပေးများက ရိုက်တာသို့ ပြောကြားခဲ့သည်။

ဦးသိန်းစိန်က သူ၏ ပါတီအနေဖြင့် ရွေးကောက်ပွဲအပြီး သူ့လူ အများစု ပါဝင် သည့် အစိုးရဖွဲ့စည်းနိုင်လျှင် သူကိုယ်တိုင် သမ္မတဆက်ဖြစ်ရန်၊ သူရွေးခြယ် ထားသည့် သမ္မတလောင်းကို တင်မြှောက်နိုင်ရန် လမ်းရှင်းခဲ့ခြင်း ဖြစ်သည်။

အနားယူပြီး တပ်မတော်သားများ လွှမ်းမိုးထားသည့် USDP ပါတီတစ်ခုတွင် ယခင် ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည့် ဦးရွှေမန်းသည် ရာဒီကယ် ဆန်သည့် ပြုပြင်ပြောင်းလဲရေးသမားတော့ မဟုတ်သော်လည်း ပါတီအတွင်း တွင် ပြုပြင်ပြောင်းလဲရေးအတွက် အသံကျယ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ပိုမို အလုပ်ဖြစ်စေနိုင်သည့် မူဝါဒစာ ရွက်စာတမ်းများ ကျယ်ပြန့်စွာ လုပ်ဆောင် လျက်ရှိကြောင်း ရိုက်တာက သိရှိထားသည်။

”ပါတီအတွင်း ပဋိပက္ခတစ်ခုပါ။ ဒီလိုပုံစံမျိုး ခေါင်းဆောင်ပိုင်း အပြောင်းအလဲ က USDP ပါတီ ဒါမှမဟုတ် အခြားနိုင်ငံရေးပါတီတွေ အတွက် ကောင်းတဲ့ အရာ မဟုတ်ပါဘူး။ သူတို့က နောက်ဆုံး မတတ်သာလို့ လုပ်ခဲ့ကြ တာပါ။”ဟု ပြန်ကြားရေးဝန်ကြီးနှင့် သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ရိုက်တာကို ပြောကြားခဲ့သည်။

(တွေ့ဆုံမေးမြန်းရန် ရိုက်တာသတင်းဌာန၏ ပန်ကြားမှုကို ဦးရွှေမန်း၏ ရုံးက ငြင်းဆိုခဲ့သည်။)

သမ္မတဖြစ်လိုသည့် သူ၏ ရည်ရွယ်ချက်ကို မလျှို့ဝှက်ခဲ့သည့် ဦးရွှေမန်းအား ဖယ်ရှားလိုက်ခြင်းက နိုင်ငံရေးဖြစ်စဉ်အတွင်း နိုင်ငံတကာနှင့် ပြည်တွင်း ယုံကြည်မှုအပေါ် နောက်ထပ် ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့သည်။

ဦးရွှေမန်းအား ပါတီဥက္ကဌရာထူးမှ ဆင်းစေရန် သမ္မတက အနည်းဆုံး ၂ ကြိမ် ခန့် ကြိုးပမ်းခဲ့ပြီး မအောင်မြင် ဖြစ်ခဲ့ကြောင်း အာဏာရ USDP ပါတီဝင်များ၊ USDP ပါတီ၏ အကြံပေးများ၊ USDP အကြံပေးများ၊ သံတမန် များနှင့် တွေ့ဆုံမေးမြန်းမှုများမှ ရိုက်တာဌာနက ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ် သည်ဟု ဖော်ပြခဲ့သည်။

ဒီဇင်ဘာလတွင် ၁ ကြိမ်နှင့် မေလတွင် နောက် ၁ ကြိမ် ကျင်းပခဲ့ သည့် ခေါင်းဆောင်ပိုင်း အစည်းအဝေး များတွင် ဦးရွှေမန်းအား ဖယ်ရှားရန် ၂ ကြိမ်အထိ ကြိုးပမ်းခဲ့မှုများကို ဦးရွှေမန်းနှင့် သူ၏ ဘက်တော်သားများက တားဆီးနိုင်ခဲ့သည်ဟု ပါတီအကြံပေးတစ်ဦးနှင့် အနောက်နိုင်ငံတစ်ခုမှ သံအရာရှိတို့က ရိုက်တာကို ပြောကြားခဲ့သည်။

၂ ဘက်အုပ်စုများက မည်သူက သမ္မတလောင်းနှင့် ဥက္ကဌဖြစ်သင့်သည်နှင့် ပါတီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်သင့်သည့်အပေါ် အားပြိုင် ခဲ့ပြီးနောက် အစည်းအဝေး ၂ ခုလုံးကို အနိုင် အရှုံးမရှိ အဖြေ မထွက်ပဲ အဆုံးသတ်ခဲ့သည်ဟု ရိုက်တာ ရေးသားခဲ့သည်။

”ဒီလို ကြိုးပမ်းမှုတွေက မနှစ်ကတည်းက ဖြစ်လာခဲ့တာ။” ဟု အသေးစိတ်များ ကို သတိ မပြုမိသော်လည်း အဖယ်ရှားခံ ဥက္ကဌကို ထောက်ခံသည့် USDP လွှတ်တော် ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

လွှတ်တော်အတွင်းတွင် ရွေးခြယ်ခံမဟုတ်သည့် တပ်မတော်သား ၄ ပုံ ၁ ပုံ ခွင့်ပြုထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ချက်ကို ရဲရဲ တင်းတင်း ထောက်ခံလိုက်ခြင်းဖြင့် ဦးရွှေမန်းက တပ်မတော်ကို စိတ်ဆိုးစေ ခဲ့သည်။

နိုဝင်ဘာလရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က USDP ပါတီ၏ လက်ရှိနေရာများကို အနိုင်ရနိုင်ခြေ ကို ရင်ဆိုင်နေရသည့် သဘောထား တင်းမာသူများ အတွက် အန္တရာယ် အမှတ်အသားတစ်ခု ဖြစ်ခဲ့သည်။

”တပ်မတော်တွင်းမှ သဘောထား တင်းမာသူများနှင့် သမ္မတတို့က အခြေခံဥပဒေ ပြင်ဖို့ သူ့ရဲ့ အားထုတ်မှုတွေကို အတော်ကြီး မကြိုက်ကြဘူး။” ဟု လုံခြုံရေးတပ်ဖွဲ့များ တံခါးပိတ်လိုက်စဉ် ပါတီ ဌာနချုပ်တွင် ရှိနေခဲ့သည့် အမည်မဖော်လိုသူ USDP လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က ပြောကြားခဲ့သည်။

”ဦးရွှေမန်းက USDP ပါတီကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တာကို တပ်မတော် က ရပ်ဖို့ အမိန့်ပေးခဲ့တယ်။” ဟု အဆိုပါ USDP လွတ်တော် ကိုယ်စားလှယ်က ရိုက်တာသို့ ပြောကြားခဲ့သည်။

ရည်မှန်းချက်ကြီးသူ ဦးရွှေမန်းအပေါ် သြဇာညောင်းသည်ဟု ထင်မြင် ထားကြသည့် USDP ပါတီကို ထိန်းကျောင်းသူ ဗိုလ်မှူးကြီးဟောင်း ဦးအောင်သောင်း ဇူလိုင်လအတွင်း သေဆုံးပြီးနောက် ပါတီတွင်း အုပ်စုကွဲမှု ပိုဆိုးရွားလာခဲ့သည်။ ဦးအောင်သောင်းသည် ဦးရွှေမန်းဘက်က ဖြစ်သော် လည်း သမ္မတ၊ တပ်မတော်တို့နှင့် ခိုင်မာသည့် ဆက်ဆံရေးကို ထိန်းထားခဲ့ သည်။ သူ မရှိသည့်အခါမှ ပြဿနာတွေက ပေါ်ပေါက်လာခဲ့သည်။

ဦးရွှေမန်း ရာထူးချရာတွင် တပ်မတော်က မည်သည့် အခန်းက ပါဝင်ခဲ့သည် မှာ မရှင်းလင်းသော်လည်း တပ်မတော်က ဆိတ်ဆိတ်နေ လက်ခံခြင်း ကြောင့်သာ ယခုကဲ့သို့ အင်အားသုံးဖယ်ရှားနိုင်ခဲ့ကြခြင်း ဖြစ်မည် ဟု နိုင်ငံရေး လေ့လာသူများက ဆိုသည်။

နေပြည်တော် နယ်နမိတ်တွင် ပါတီဌာနချုပ်တစ်ခုအား နာရီအတန်ကြာ ပိတ်ဆို့ ထားရန် ရဲတပ်ဖွဲ့ချထားရန် အမိန့်သည် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို ၏ အတည်ပြုချက် လိုပါလိမ့်မည်ဟု ရိုက်တာသတင်းက ဖော်ပြခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ၀န်ကြီးဌာနမှာ အခြေခံဥပဒေအရ တပ်မတော်၏ အုပ်ချုပ်မှုအောက်တွင်ရှိသည် ၀န်ကြီးဌာန ၃ ခုအနက် ၁ ခုဖြစ်သည်။

”သူတို့ လုပ်ခဲ့တာက အာဏာရှိကြောင်း ပြလိုက်တာပါ။ ‘ကြည့်လိုက်စမ်း။ ငါတို့ ဒါမျိုး လုပ်နိုင်တယ်’ လို့ အခြားသူတွေကို ပြလိုက်တာ။”ဟု USDP လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက ဆိုသည်။

Hnin Yadana Zaw နှင့် Simon Webb တို့ ရေးသားသည့် Reuters ၏ သတင်းဆောင်းပါးကို The Ladies News Journal မှ ဆီလျော်အောင် ပြန်ဆိုသည်။

(Additional reporting by Antoni Slodkowski in NAYPYITAW and Aung Hla Tun in YANGON; Editing by Raju Gopalakrishnan and Alex Richardson)

The Ladies News Journal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment