မြစ်သာမြစ်အတွင်း ခုန်ဆင်းသွားတဲ့ ရွာကျောက္ကာ စုပေါင်းအားဖြင့် ရွာသစ်တည်မည်


 ကလေး သြဂုတ် ၁၁

 သနပ်ခါးကို ခပ်ပျစ်ပျစ်ဖျော်ထားသည့် အရောင်ရှိသော ရွှံ့နွံများက စိုသည့်နေရာတွင်စို၊ အပေါ်ယံခြောက်သည့်နေရာက ခြောက်ဖြင့် ရှိနေသည်ကို အမှုမထားဘဲ ပုဆိုးပိုင်းကိုဝတ်ဆင်ထားသည့် ဦးမောင်မောင်က ခါးလယ်အထိ နစ်မြုပ်နေသည့်ရွှံ့နွံထဲတွင် တစ်စုံတစ်ရာကို ကြိုးစားရှာဖွေနေသည်။

''တော်ပါတော့တော်ရေ၊ အခုလောက်ရှိ မြစ်သာမြစ်တင်မကဘူး၊ ချင်းတွင်း ရော၊ ဧရာပါ ဘင်္ဂလားပင်လယ်ထဲ မျောလောက်ရောပေါ့''ဟု မိန်းမ၏ အော်ပြောသံကိုလည်း မကြားသယောင်ပြုသည်။ သူရှာဖွေနေသည်မှာ မိုးမကျမီ လေးတင်မှ ဝယ်ယူထားသည့် လွှအသစ်စက်စက်လေးကိုပင် သူတို့မိသားစု အတွက် ကယ်ဆယ်ရေးရရှိထားသည့် တာပေါ်လင်အပြာရောင်လေးကိုအသုံးပြုကာ သပ်ရပ်သည့် လေးတိုင်စင် ကယ်ဆယ်ရေးတဲကလေး အမြန်ထိုးချင်လှပြီ။

ကလေး-ကလေးဝ ကားလမ်းသည် မိုင် ၂ဝ ဝန်းကျင်သာ ရှိသော်လည်း ပုံမှန်အားဖြင့်စနစ်တကျနှင့် ရာသီမရွေးသွားလာရန်အတွက် အဆင်သင့်ဖြစ်ခဲ့ သည်မှာဆယ်စုနှစ်တစ်ခုတောင် မရှိသေး။ လမ်းပန်းဆက်သွယ်ရေးကောင်းရုံ ရှိသေး အခုလို သဘာဝကပ်ဘေးကြီးကြုံရသည်ကြောင့် လမ်းတစ်လျှောက် ရွှံ့နွံများက အပြည့်နေရာယူထားပြီဖြစ်သည်။

''ပတ်ဝန်းကျင်ရွာတွေထဲမှာတော့ ကျွန်တော်တို့ရွာက အဆိုးဆုံးပဲဗျ။ခင်ဗျားလို သတင်းထောက်မပြောနဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေတောင် နှစ်ဖွဲ့ပဲ ရောက်သေးတယ်။ ဒီနေ့မှ လမ်းပေါက်တာ'' ဟု ဦးမောင်မောင်က ပြောပြီး နေအိမ်နှင့်အတူ ပျောက်ဆုံးသွားခဲ့ရသော လွှတစ်ချောင်းအပေါ် သံယောဇဉ် မကုန်ဟန်ဖြင့် မြစ်သာမြစ်ရေပြင်သို့ တံတွေးတစ်ချက် ထွေးထည့်လိုက်သည်။

''ရေက ချက်ချင်းကြီး တိုးလာတာဗျ။ ကျွန်တော့်အိမ်တက်လုပ်ဖို့အတွက် တစ်ရွာလုံးဖိတ်ထားတာ အလှူမတိုင်ခင် နှစ်ရက်ရောက်တော့ ကျွန်တော့်အိမ် ဆို အစတောင်ရှာမရတော့ဘူးဗျို့။ မရူးသွားရုံတစ်မယ် ကျန်ခဲ့တယ်။ ကျွန်တော့် အိမ်မြေနေရာကတော့ တစ်ဝက်က ရေထဲမှာ၊ ပြန်ဆောက်ဆိုရင် ဘယ်လို ဆောက်ရမယ်တောင် မသိတော့ဘူးဗျာ'' ဟု ကလေးမြို့နယ် ကျောက္ကာကျေးရွာမှ ဒေသခံ ဦးမင်းထွန်းနိုင်က ပြောကြားသည်။

နေထိုင်လာခဲ့သည့် နှစ်ပေါင်း ၈၆ နှစ် အတွင်း ရေမကြာခဏကြီးဖူးသော် လည်း အိမ်တိုင်ဖိနပ်ခုံအထိသာရေတိုးခဲ့သည့်အတွက် ရေကြီးခြင်းသတိပေး ချက်သည် သူတို့ရွာလေးကို စိတ်မပူစေခဲ့ပါ။ အိမ်ခေါင်တိုင်သို့ အရေးကြီးသည့် စာရွက်စာတမ်းများနှင့်တကွ ငွေကြေးအချို့ကို ထိုးပစ်ခဲ့ပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် တောင်စောင်းပေါ်သို့ တက်လာခဲ့ကြသည့်ကျောက္ကာ ဒေသခံ အများစုသည် ပြင်းထန်လှသည့် ရေစီးများအကြား မျက်စိရှေ့တင် တရိပ်ရိပ် မြင့်တက်လာသည့်ရေပြင်ကို တောက်တစ်ခေါက်ခေါက်ဖြင့်ကြည့်ရင်း မိမိတို့ အိမ်များ ရေစီးကြားမျောပါသွားသည်ကို ကြုံခဲ့ ကြရသည်။

 ဇူလိုင်လကုန်မှ စတင်ကာ ချင်းတွင်းမြစ်၏စိုးရိမ်ရေမှတ်သည် မုံရွာကို စံချိန်တင်ပေးသကဲ့သို့ ၁၁၄၂ စင်တီမီတာအထိ မြင့်တက်လာခြင်းသည် ကလေးဒေသခံများအဖို့ ထူးဆန်းအံ့သြဖွယ်ရာ တောင်မှမြောက်သို့ ပြန်လည် မြင့်တက်လာသည့်ရေလွှမ်း မိုးမှုဒဏ်ကို ခံစားခဲ့ကြသည်။

မြစ်ရေဝင်လမ်းကြောင်းများ ပုံမှန်မဟုတ်ခြင်းနှင့် မြစ်ကြောင်းများကျဉ်းမြောင်းခြင်း၊ မိုးကြီးခြင်းနှင့် မုန်တိုင်းဝင်ရောက်ခြင်းများကြောင့် မြစ်ကမ်း တစ်လျှောက်နှင့် တောင်ရိုးများတစ်လျှောက်မှတိုက်စားခဲ့သော မြေဆီလွှာများ သည် နုန်းမြေများအဖြစ် ရေကျသွားသော်လည်း နှစ်ပေမှငါးပေအထိ ရွှံ့နွံများ ကိုချန်ပစ်ခဲ့ရာ ရွာအဖြစ် ပြန်လည်ထူထောင်ရန် အခက်အခဲများ ဖြစ်နေခဲ့ရပြီ။

ရေဘေးဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရပြီး ရွာလုံးကျွတ်နေထိုင်ရန်ခက်ခဲ သည့် ရွာများအနက် ကျောက္ကာရွာသည်လည်း အပါအဝင်ဖြစ်ပြီး ကလေး-ကလေးဝလမ်းတစ်ဝက်ခရီး အေးချမ်းသော တောင်ယာလုပ်ကိုင်သူ၊ ရေလုပ်ငန်း နှင့် တစ်နိုင်တစ်ပိုင် ရေနံလုပ်ငန်းလုပ်ကိုင်သူများအတွက် သူတို့မြေနေရာသည် ကမ်းပါးပြိုမှုကြောင့် မည်သူမျှ ပြန်လည်နေထိုင်လိုစိတ်မရှိကြတော့ကြောင်းရွာသူရွာသားများက သဘောထားတူညီစွာ ဖြေကြားသည်။

''အိမ်ခြေစုစုပေါင်း ၁၆၉ လုံးမှာ ရေထဲကိုမျောပါသွားတာက အိမ်ခြေ ၁၁ဝ နဲ့ မူလတန်းလွန်ကျောင်းဆောင်၊ ဆရာမနေအိမ်တို့ဖြစ်ပါတယ်။ ရေဘေး သင့်ပြီးအိမ်ရာပျောက်ဆုံးသွားသူတွေထဲမှာ ၁၂ နှစ်အောက်ကလေးတွေ ၁၂၈ ဦး ပါဝင်ပါတယ်။ လတ်တလောပြဿနာက နေစရာမရှိတာဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အိမ်သာတွေ မရှိသလောက်ဖြစ်နေပြီး တောထဲ မှာပဲ ပြဿနာကိုရှင်းနေကြရတော့ကူးစက်ရောဂါဖြစ်ပွားမှာကို စိုးရိမ်နေရ တယ်''ဟု ဒေသခံ ဦးတင်ထွန်းက ပြောကြားသည်။

ဒေသခံများ၏ပြောကြားချက်အရ မြစ်သာမြစ်သည် သူတို့ရွာတစ်ရွာလုံးကို ၁၅ နာရီဝန်းကျင်အတွင်းမှာပင် ရေစီးသန်စွာဖြင့် ဆွဲယူသွားကြောင်း၊ တောင် ကမ်းပါးယံများမှတစ်ဆင့် ကြည့်နေရုံသာဖြစ်ခဲ့ပြီး ဖြစ်ခါစ ဇူလိုင်၂၈ရက်မှ သြဂုတ် ၄ရက်ကျမှပင် ရေများပြန်လည်ကျဆင်းသွားသော်လည်း မြေများပြို သွားသဖြင့် ရွာအကျယ်အဝန်းတစ်ခြမ်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

''ကျောက္ကာက မနေ့ကမှ လမ်းပေါက်တော့ ကျွန်မတို့အဖွဲ့ရောက်ဖြစ်တယ်။အဖြစ်များတာက သဲဝဲစားတဲ့ ဒေသခံတွေ အများကြီးရှိနေပါတယ်။ ရွှံ့နွံတွေနဲ့ သဲမြေတွေကြောင့် အရေပြားပြဿနာတွေအများကြီး ဖြစ်ပွားတယ်။ အသက် ရှစ်ဆယ်ကျော်အဖွားအိုတစ်ဦး နှစ်ပတ်လုံးလုံး လက်ကျိုးတဲ့ဒဏ်ရာနဲ့ ဒီအတိုင်း နေနေခဲ့တာကို တွေ့ရတယ်။ မီးဖွားဖို့ကာလရောက်နေတဲ့မီးနေသည်တစ်ဦး အရေးပေါ်စောင့်ရှောက်မှုလိုအပ်တာကို တွေ့ရတယ်။ ကျွန်မတို့က ကျန်တဲ့သူ တွေအတွက်တော့ ဆေးတွေပေးခဲ့တယ်။ လိုအပ်တာတွေလည်း လုပ်ပေးခဲ့တယ်။အဘွားအိုနဲ့ ကိုယ်ဝန်သည်ကိုတော့ ကလေးဆေးရုံကိုခေါ်လာပေးခဲ့တယ်။ ကလေးကို ညကခွဲမွေးဖြစ်တယ်။ ကံကောင်းလို့ ကလေးရော မိခင်ရော ကျန်းမာတယ်။သူတို့အတွက် လိုအပ်တဲ့ဆေးနဲ့ ငွေကြေးတွေကူညီပေးဖြစ်တယ်''ဟု ကမ္ဘောဇလုပ်ငန်းစုမှ လှူဒါန်းပေးသည့် ယာဉ်များဖြင့် ကျန်းမာရေးစောင့် ရှောက်မှု လိုက်လံပေးအပ်နေသူ ပင်လုံနှင့ှ်ဃ ဆေးရုံများမှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာကြည်ကြည်ဌေးက ပြောကြားသည်။

ကျောက္ကာရွာကလေး တွင် သြဂုတ် ၁၁ ရက်အထိ ဆီ ၁ဝ ပိဿာပုံး နှစ်ပုံးကိုသာဆီ ထောက်ပံ့မှု ရရှိသေးသဖြင့် ဆီလှူဒါန်းနိုင်ရန် အလှူရှင်များကို စောင့်မျှော်လျက်ရှိသည့်အပြင် လမ်းပေါက်သွားသည့် သြဂုတ် ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင် ဆန်အိတ်အနည်းငယ်နှင့် အဝတ်အစားအနည်းငယ်ခန့်ကိုသာ လက်ခံရရှိသေးကြောင်းနှင့် ကလေးမြို့ နေသာကျောင်းတိုက် ဆရာတော်၏ပံ့ပိုးကူညီမှုဖြင့် ဆယ်လုံးတွဲ ယာယီရေလောင်းအိမ်သာများ တည်ဆောက်ရန်ရှိ ကြောင်း သိရသည်။

''နိုင်ငံတော်က အထောက်အပံ့ကတော့ လုံးဝမရရှိသေးပါဘူး။ စာရင်း ကတော့ကောက်ယူသွားပါပြီ။ ပြင်ပ ပရဟိတအဖွဲ့အနည်းငယ်တော့ စတင် လာရောက်ကြပါပြီ။ ကျွန်တော်တို့ရွာက အခြားရွာတွေလို နွံနစ်တာတင်မက ဘူးခင်ဗျ။ မြေပြိုသွားတာကြောင့် ရွာကိုပျောက်သွားတာပါ။ စားရေးက တစ်ရွာလုံးစုပေါင်းပြီး ခြိုးခြံမျှတစားမယ်ဆိုရင် အဆင်ပြေနိုင်ပေမယ့်နေစရာ အတွက်ကတော့ အတော့်ကို စိုးရိမ်နေရပါပြီ။ မြေနေရာကို သက်ဆိုင်ရာ မှာတောင်းဆိုသွားဖို့ စိတ်ကူးထားတယ်'' ဟု ကျောက္ကာကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောကြားသည်။

 ''နေရာသစ်သာရခဲ့မယ်ဆိုရင် စုပေါင်းအားနဲ့ တည် ဆောက်သွားမှာပါ။ စာသင်ကျောင်းအပါအဝင် ကျေးရွာတစ်ရွာရဲ့လိုအပ်ချက် တွေကို အလှူလည်းခံမယ်၊ ကိုယ်တိုင်လည်းစုပေါင်းပြီးတည်ဆောက်မယ်။ လက်ရှိနေရာကတော့ မြစ်သာမြစ်တစ်ချိန်လုံး ကမ်းပြိုနေတာကြောင့် နေထိုင် ရေးကိုအဓိကထားပြီး စဉ်းစားပေးကြစေချင်တယ်'' ဟု ကျောက္ကာကျေးရွာ ရွာဦးကျောင်းဆရာတော်က မိန့်ကြားသည်။ ရွာပေးမီးဖြင့် ယခင်က မီးရောင် မြင်ရသော်လည်း ရေဘေးကြုံတွေ့ပြီးနောက် မီးပြန်လင်းရန်မှာ လပေါင်းများစွာ အလှမ်းဝေးနေတော့မည်ဖြစ်သော်လည်း နိမ့်ကျသည့်အခြေအနေများကို ဝမ်းမနည်းဘဲ အကူအညီများတောင်းခံခြင်း၊ ကိုယ်တိုင်ကြိုးစားတည်ဆောက် ခြင်းဖြင့် စံပြကျေးရွာဖြစ်လာသည်အထိ ကြိုးပမ်းသွားရန်အတွက် ကလေးမြို့ ရေဘေးကယ်ဆယ်ရေးများကို စွမ်းစွမ်းတမံဆောင်ရွက်နေသည့် နေသာကျောင်း ဆရာတော် ဘဒ္ဒန္တဓမ္မိက၏အားပေးစကားကြောင့် ပိုမိုအားရှိလာကြောင်း ဦးမောင်မောင်က ပြောကြားသည်။

 မြစ်သာမြစ်ကမ်းနဖူးမှ ကျောက္ကာကျေးရွာ ကလေး တစ်နည်းတစ်ဖုံ ပြန်လည်နိုးထလာရန်နှင့် ရေဘေးသင့်ဒေသမှ ဒေသခံများဘဝ ပြန်လည် ထူထောင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်နေပြီဖြစ်ပြီး အလှူရှင်များ၏ အထောက်အပံ့နှင့် စိတ်ဓာတ်ခွန်အား များကြောင့်လည်း ဒေသခံများအဖို့အား ဆေးတစ်ခွက်ပင်ဖြစ်ပါကြောင်း။

သတင်းဆောင်းပါး
ခင်ရတနာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment