တောဆင်ရိုင်းများအား ဆင်ယဉ်များဖြင့် ဝန်းရံပို့ဆောင်မရပါက မေ့ဆေးပေးကာ ကားခုနစ်စီးဖြင့် ပြန်လည်ပို့ဆောင်ရန် စီစဉ်


နေပြည်တော် သြဂုတ် ၂၆

နတ်မောက်/မြို့သစ် သစ်တောကြိုးဝိုင်းများဘက်မှ နယ်ကျွံလာသည်ဟုယူဆရသော တောဆင်ရိုင်းများအား ၎င်းတို့လာရာလမ်းကြောင်းအတိုင်း မူလကျက်စားရာနေရာသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တောဆင်ရိုင်းခြောက်ကောင်အား မူလကျက်စားရာ ပဲခူးရိုးမအတွင်းသို့ ပြန်လည်ပို့ဆောင်ရာတွင် ဆင်ယဉ်များဖြင့် ထိန်းကျောင်းဝန်းရံပို့ဆောင်မည်ဖြစ်သော်လည်း ထိုသို့လုပ်ဆောင်၍မရပါက မေ့ဆေးသေနတ်များအသုံးပြုကာ ၁ဝ ဘီးကား ခုနစ်စီးဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးက ပြောကြားခဲ့သည်။

လက်ရှိတွင် သစ်တောဦးစီးဌာနမှ ဆင်ဆရာဝန်တစ်ဦး၊ ညွှန်ကြားရေးမှူး နှစ်ဦး၊ သစ်တောဝန်ထမ်း ၂ဝ အပါအဝင် အင်အား ၆ဝ ခန့်နှင့်အတူ တောဆင်ရိုင်းများအား မူလကျက်စား ရာနေရာသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်လျက်ရှိသော်လည်း တောဆင်ရိုင်းများ၏ ကျန်းမာရေးအခြေအနေ သိရှိမှသာ မေ့ဆေးပေးပြီး ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးက ပြောကြားခဲ့သည်။

တောဆင်ရိုင်းအုပ်သည် ယနေ့ နံနက်ပိုင်းတွင် တူရင်းတောင်ကြောဘက်ကို ရောက်ရှိလာခဲ့ပြီး ၎င်းတို့လာရာ လမ်းတစ်လျှောက်တွင် မည်သည့်ဖျက်ဆီးမှုမျှ မရှိခဲ့ဘဲ ၎င်းတို့အား အန္တရာယ်ပြုမည်ကို စိုးရိမ်ခြင်းကြောင့်သာ အကာအကွယ် ပြုသည့်လုပ်ရပ်များကို လုပ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သိရသည်။

အဆိုပါ တောဆင်ရိုင်းအုပ်တွင် ဆင်ငယ်နှစ်ကောင်နှင့် ဆင်ကြီးလေး ကောင်ပါဝင်ပြီး မူလကျက်စားရာ နယ်မြေဖြစ်သည့် နတ်မောက်/ မြို့သစ်နယ်မြေမှ ပဲခူးရိုးမအတွင်းသို့ ပြန်လည်ပို့ဆောင်ရာတွင် ဒေသခံများ အန္တရာယ်ကင်းစေရေးအတွက် ကျွမ်းကျင်ဆင်ထိန်းများ၏ ကြီးကြပ်မှုနှင့်အတူ တောဆင်ရိုင်းများအား လိုအပ်သလိုထိန်းကျောင်းနိုင်ရန် တောဆင်ထိန်းသိမ်းရေးအတွက် လေ့ကျင့်သင်ကြားပေးထားသည့် ဆင်ယဉ် ကွန်ဂျီဆင်ကြီးများကို အသုံးပြုကာ ပို့ဆောင်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

''အခုနံနက်ပိုင်းကတော့ တူရင်းတောင်ဘက်မှာ ရောက်နေတယ်လို့ သိရတယ်။ တူရင်းတောင်ဘက်ကနေ ကျောက်ပန်းတောင်းဘက်အတိုင်း မူလကျက်စားရာနေရာကို ထိန်းကျောင်းပို့ဆောင်သွားဖို့ စီစဉ်နေပါတယ်။ တောဆင်ရိုင်းတွေသွားတဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ ပြည်သူတွေကိုလည်း တောဆင်ရိုင်းတွေရဲ့ အန္တရာယ်မကျရောက်အောင် သတိပေးထားပါတယ်။ တောဆင်ရိုင်း တွေက လူတွေနဲ့စိမ်းတော့ သူတို့သွား တဲ့လမ်းမှာ တားဆီးပိတ်ဆို့မှုတွေ၊ ဝိုင်းဝန်းကြည့်ရှုမှုတွေ၊ ခြောက်လှန့် ခြင်းတွေနဲ့ အနှောင့်အယှက်ပေးမှု တွေမလုပ်ဖို့၊ ပညာပေးတာတွေ လုပ်ဆောင်နေပါတယ်''ဟု ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးက ပြောသည်။

ဒေသခံအချို့နှင့် ကျွမ်းကျင်သူများကမူ အဆိုပါဆင်အုပ်စုမှာ ပဲခူးရိုးမအတွင်းမှ မျက်စိလည်လမ်းမှား လာခြင်းမျိုးမဟုတ်ဘဲ သစ်တောများ ပြုန်းတီးကာ သဘာဝဂေဟစနစ်များ ပျက်စီးခဲ့ခြင်းတို့၏ နောက်ဆက်တွဲ အဖြစ် ကျက်စားရာ စားကျက်မြေရှာဖွေရန် ထွက်လာခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

ငွေကြယ်
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment