ရတနာပုံတက္ကသိုလ် ကျောင်းသား ၄ဦးကို ထောင်ဒဏ်ချမှတ်

အိုးဘိုထောင်မှာ ဖမ်းဆီးထားတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားတွေကို အောက်တိုဘာလ ၉ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်။ Photo: Nay Thwae/RFA
နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၃ခုနဲ့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသား ၄ဦးကို အမရပူရမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ်နဲ့ သုံးလအထိ ချမှတ်လိုက် ပါတယ်။

တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ပြစ်ဒဏ်ချတာကို လက်ခံပေမယ့် နိုင်ငံတော် အကြည်ညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ အမိန့်ချမှတ်တာဟာ မဖြစ်သင့်ဘူးလို့ ကျောင်းသားတွေရဲ့အမှုကို လိုက်ပါကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။

"၅ဝ၅ (ခ)နဲ့ချတာ ကျနော်လုံးဝသဘောမတူဘူး၊ ၅ဝ၅(ခ) လုံးဝမမြောက်ဘူး၊ ပုဒ်မ ၁၈ က ကျောင်း သားတွေက တည့်ရှင်းတာပဲ၊ ဟုတ်တယ် ကျနော်တို့စုရုံးတယ်၊ ဗကသဆိုတာ သမိုင်းအဆက်ဆက်မှာ ဘယ်တုန်းကမှ ဘယ်အာဏာရှင် ဘယ်အစိုးရဆီမှာမှ ဒူးထောက်ပြီးတော့ ခွင့်ပြုမိန့်တောင်းခဲ့တာ ထုံးစံမရှိဘူး၊ အဲဒီ မူအတိုင်းသွားတာ အဲတော့ကြိုက်တဲ့အမိန့်ချ၊ အဲဒါက ကျနော်တို့ပြောစရာမရှိဘူး ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်၊ ၅ဝ၅(ခ)ရယ်၊ ၁၄၃ က ဒါတွေက ဥပဒေနဲ့မညီဘူး"

ရတနာပုံတက္ကသိုလ်က ကိုဂျစ်တူး၊ ကိုအောင်ဆန်းဦး နဲ့ ကိုဥာဏ်လင်းထက်တို့ကို ဥပဒေမဲ့ အစုအဖွဲ့မှာ ပါဝင်မှု ပုဒ်မ ၁၄၃ နဲ့ ထောင်ဒဏ် ၃လ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၆လ၊ တရားမဝင် စီတန်း လှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃လ စုစုပေါင်း ထောင်ဒဏ် ၁နှစ် ချမှတ်လိုက်ပြီး နောက်ထပ်ကျောင်းသား တစ်ဦးဖြစ်သူ ကိုနိုင်ရဲဝေကို အဲဒီပုဒ်မ ၃ခုအပြင် ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃လ ချမှတ်ခဲ့တာကြောင့် သူဟာ ထောင် ဒဏ် တစ်နှစ်နဲ့ ၃လ ချမှတ်ခံရတာဖြစ်ပါတယ်။

အဲဒီပြစ်ဒဏ်တွေကို တစ်ပေါင်းတည်းကျခံဖို့နဲ့ ချုပ်ရက်တွေကို ထည့်သွင်းခံစားဖို့ အမိန့်ချလိုက်တာကြောင့် သူတို့ ၄ ယောက်ဟာ အိုးဘိုထောင်မှာ နောက်ထပ် ၃လ အကျဉ်းကျခံရမှာဖြစ်ပါတယ်။

ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး နဲ့ ကိုဥာဏ်လင်းထက်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့က ရတနာပုံ တက္ကသိုလ် မုခ်ဦးရှေ့မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပြီး "စစ်တစ်ပိုင်းအစိုးရ ကျဆုံးပါစေ" ဆိုတဲ့ စာသားကို ဆေးမှုတ်ပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုကြောင့် ဇူလိုင်လမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမ၀င်စီတန်းလှည့်လည်မှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု၊ ရုန်းရင်းဆန်ခတ်မှု စတဲ့ ပုဒ်မ ၄ခုနဲ့ တရားစွဲဖမ်းဆီးခံထားရတာဖြစ်ပြီး ရုန်းရင်းဆန်ခတ်မှုကို ပယ်ချလိုက်ပေမယ့် ကျန်တဲ့ ၃မှုနဲ့ အမိန့်ချလိုက်တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment