အပြောင်းအလဲအတွက် သံဃာအချင်းချင်းလည်းညီညွတ်ဖို့ လိုအပ်သည် [ဓမ္မသုတေသီ(မန္တလေး)]


 ယခုတလောမိမိသည် မုခပေါတ္ထကခေါ် ဖေ့စ်ဘွတ်ခ်ပေါ်တွင် နေ့စဉ်နေ့တိုင်းရေးမိသည်ကား မ.ဘ.သ ကိုဝေဖန်သည့်စာများ အများစုဖြစ်လေ၏။ ဒါကလည်း မိမိ၏ယူဆချက်အတိုင်း ဝေဖန်ရေးသည် ခေတ်ပြောင်းကိရိယာတခုဖြစ်၍ နိုင်ငံတနိုင်ငံ၊ အဖွဲ့အစည်းတခု၊ အသင်းအဖွဲ့တခုတိုးတက်ပြောင်းလဲစေချင်ရင် ဝေဖန်ရေးကို မဖြစ်မနေလုပ်သင့်သည်ဟု လက်ခံယုံကြည်ထား၍ဖြစ်သည်။ (ဘေးထိုင်ဘုတော၊ အပြစ်ပြော၊ ပုတ်ခတ်နေခြင်းမျိုးမဟုတ်၊ ရှုထောင့်ပေါင်းစုံကနေလိုအပ်နေသည်များကို အပြုသဘောဖြင့် ဝေဖန်ခြင်းမျိုးကိုသာ ဆိုလိုသည်။) ထိုကဲ့သို့ မ.ဘ.သကို ဝေဖန်မှုများကြောင့် မိမိ၏ ဆွေမျိုးရင်းချာကြီးများ၊ မိတ်ဆွေအရင်းကြီးများထံမှပင် အမြင်မကြည်လင်မှုများ၊ ပြစ်တင်မာန်မဲမှုများကို ဆုလာဘ်တော်ကြီးအဖြစ် ရရှိခဲ့ပါသည်။ တဖက်ကလည်း အမှန်တရားကို (ဝေဖန်မှုကို) မြတ်နိုးတတ်ကုန်သော မိတ်ဆွေအချို့ထံမှ နှစ်သိမ့်အားပေးစကားအချို့ကိုလည်း လက်ခံရရှိခဲ့ပါသေးသည်။ (လောကကြီး၏ ထုံးစံအတိုင်း နိန္ဒာ၊ ပသံသာ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း တကယ့်ကိုပဲ ညီမျှပါပေ၏။)

မကြာမီအချိန်အတောအတွင်းမှာ ရွေးကောက်ပွဲကြီးကျင်းပတော့မည်ဖြစ်၍ မိမိအပါအဝင် (မဲပေးခွင့်မရှိသည့်တိုင်) ပြည်သူပြည်သားအားလုံးက အပြောင်းအလဲကြီးတခုကို မျှော်လင့်စောင့်စားနေကြသည်မှာ အငြင်းပွားဖွယ်ရာမရှိပေ။ ထို့အတူ ပြည်သူပြည်သားအများစုရဲ့ ပါးစပ်ဖျားမှ “ပြောင်းလဲချိန်တန်ပြီ”ဟူသည့် ကြွေးကြော်သံများကလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေချေပြီ။ အမှန်တကယ် ပြောင်းလဲဖို့ဆိုလျှင် ဟစ်ကြွေးနေရုံမျှဖြင့် အလုပ်မဖြစ်ပေ၊ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပါသည်။ ပြောင်းလဲမှုကိုအကောင်အထည်ဖော်ဖို့အတွက် ပြည်သူအားလုံးညီညွတ်ကြဖို့လည်း မဖြစ်မနေလိုအပ်ပါသည်။ ညီညွတ်ကြမှသာလျှင် အစိုးရကောင်းတရပ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။ အစိုးရကောင်းတရပ် ပေါ်ထွက်လာမှသာ တိုင်းပြည်လည်း အစစအရာရာ ပြောင်းလဲသွားပေလိမ့်မည်။ ထို့ကြောင့် ပြောင်းလဲဖို့အတွက် ညီညွတ်ခြင်းသည် အဓိက၊ အခရာကျပေ၏။

သို့သော် ယနေ့မိမိတို့တိုင်းပြည်သည် မညီညွတ်သည့်အပြင် အစိတ်စိတ်အမွှာမွှာ ကွဲပြားခြင်းသို့ ရောက်လုနီးပါးပင် ဖြစ်နေချေ၏။ ထိုအထဲတွင် ပြည်သူပြည်သားအများစုတို့၏ အထွဋ်အမြတ်ထားရာ သံဃာ့အဖွဲ့အစည်းများပင် ပါဝင်နေချေ၏။ ထိုအခြင်းအရာများသည် ပြောင်းလဲမှုဆီသို့ ဦးတည်နေသည့် တိုင်းပြည်အတွက် အနုတ်လက္ခဏာသဘောဆောင်နေခြင်း ဖြစ်ပေ၏။ ဒီလိုဖြစ်ပေါ်လာမှုများအပေါ် ပြန်လည်ဝေဖန်ဆန်းစစ်ရပါလျှင် အာဏာရှင်စစ်အစိုးရ၏ နိုင်ငံရေးပရိယာယ်၊ ဖင်ထိုင်ခုံတည်မြဲရေးအတွက် ပြောင်မြောက်သောနည်းဗျူဟာများ၏ လှည့်ကွက်အတွင်းသို့ ဝင်ရောက်သွားခြင်းကြောင့်ပင် ဖြစ်ပေ၏။ ယခင် အာဏာရှင်စစ်အစိုးရသည် မိမိတို့နိုင်ငံတွင် သံဃ၊ ဂိုဏ်းအဖွဲ့အစည်းများကို ဂိုဏ်းကြီးကိုးဂိုဏ်းမှအပ မည်သည့်သံဃာ့အဖွဲ့အစည်းကိုမျှ လက်ခံခြင်းမရှိခဲ့ပေ။ သံဃာ့သာမဂ္ဂီတို့ ရဟန်းပျိုသမဂ္ဂတို့ ပေါ်ပေါက်လာပြီးမကြာခင်ပဲ အတင်း၊ အဓမ္မ ဖြိုဖျက်နှိပ်ကွပ်မှုကို ခံခဲ့ကြရသည်မှာ ငြင်းပယ်လို့မရသော ဥပမာများဖြစ်ပေ၏။ ယခုတော့ အာဏာရှင်စစ်အစိုးရက အကျိုးလိုလို့ ညောင်ရေသွန်းဆိုသလို မ.ဘ.သအဖွဲ့အစည်းကို နိုင်ငံရေးအတွက် အသုံးချဖို့ရန် မ.ဟ.န ၏ မျက်နှာကိုမှ မထောက်ထား၊ ကန့်ကွက်နေသူများကြားမှပင် ဒီအဖွဲ့အစည်းကြီး ပေါ်ပေါက်လာအောင် မြေတောင်မြှောက်ပေးခဲ့လေ၏။ ဒီနေရာမှာ စကားစပ်မိလို့ ကဗျာဆရာမင်းလူ၏ ထောင်(၇)နှစ်နဲ့ညီမျှသောကဗျာလေးတပုဒ်ထဲက အောက်ပါစာသားအချို့နဲ့ ယခုပုံစံမှာကိုက်ညီနေသည့်အတွက်ကြောင့် ဖော်ပြလိုက်သည်။
ဘာတဲ့. . . . . .

(ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ကန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ ဝါဆိုသင်္ကန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ) တဲ့။

ထင်ရှားအောင် မိမိက ခပ်ရိုင်းရိုင်းဥပမာနှိုင်းရရင် ဘုန်းကြီးခေါင်းခေါက်ပြီးမှ လိုအပ်တဲ့အချိန် ပြန်ကန်တော့လေ့ရှိတာ ဒီအာဏာရှင်စစ်အစိုးရပါပဲ။ (မျက်စိကြီးကြီး၊ နားကြီးကြီးထားကြဖို့ လိုအပ်နေသလို၊ လာဘသက္ကာယနဲ့ ဘွဲ့တံဆိပ်တည်းဟူသော တီထွေးကြီးတို့ကို မဟက်မိစေဖို့လည်း အထူးလိုအပ်နေပါပြီ)။

ယခုတော့ ဒီအာဏာရှင်စစ်အစိုးရလိုချင်သော နိုင်ငံရေးလှည့်ကွက်အတွင်းသို့ မိမိတို့ရဟန်း၊ သံဃာများဝင်ရောက်မိချေပြီ။ ဘယ်တုန်းကမှ မကွဲပြားဘူးသော သံဃာ့အဖွဲ့အစည်းကြီးသည်လည်း ယခုအခါ ကျောက်ဖြာကြီး နှစ်ခြမ်းကွဲသကဲ့သို့ ကွဲပြားနေချေပြီ။ တဖက်နဲ့တဖက် အပြန်အလှန် အမုန်းပွားစေမည့် အရေးအသားများ၊ အဟောအပြောများလည်း မမြင်ချင်၊ မကြားချင်အဆုံး ဖြစ်နေချေပြီ။ ပို၍ဇာတ်နာစရာကောင်းသည်ကား ဘာသာရေးကိုခုတုံးလုပ်ပြီး နိုင်ငံရေးကြောင်တောင်နှိုက် ငရဲပြည်ဦးတည်နေသည့်အကွက်တွေ ရွေ့နေခြင်းဖြစ်ပေ၏။ (သတိမူသူတိုင်း ဒီဂူကြီးကို မြင်မိမှာသေချာသည်) သံဃာကွဲပြားခြင်းတည်းဟူသော တောမီးကြီးလောင်မြိုက်နေချိန်ဝယ် အာဏာရှင်တည်းဟူသော တောကြောင်ကြီးတို့ လက်ခမောင်းခတ်နေချေပြီ။ ထို့ကြောင့် ပြည်သူတည်းဟူသော သားရဲတိရစ္ဆာန်တို့ကို စာနာထောက်ထား၍ လောင်လက်စမီးကို ပူးပေါင်းငြိမ်းသတ်ဖို့ လိုအပ်နေချေပြီ။

မိမိအမြင်အရတော့ ယခုအချိန်မှစပြီး မ.ဘ.သနှင့် ဒီမိုကရေစီသံဃာများ ပြန်လည်ပူးပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ လျှောက်လမ်းကြမည်ဆိုလျှင် တိုင်းပြည်၏အနာဂတ်မှာ ကြီးမားတဲ့အကျိုးကျေးဇူးတွေ ဖြစ်ပေါ်လာမှာ မြေကြီးလက်ခတ်မလွဲပေ။ ဒါကြောင့် မ.ဘ.သ အနေဖြင့် အာဏာရှင်တို့အလိုကျအတိုင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် မွတ်စလင်တိုင်းပြည်ဖြစ်မည်။ ဒီပါတီကို မဲပေးသင့်တယ်၊ ဟိုပါတီကို မဲမပေးသင့်ဘူး။ ဘယ်သူ သမ္မဖြစ်သင့်တယ် ဘယ်သူကတော့ မဖြစ်သင့်ဘူးစသည့် အဟောအပြောများကို ရှောင်ကြဉ်ပြီး၊ အမျိုးဘာသာစောင့်ရှောက်ရေးကိုသာ ဦးတည်ဆောင်ရွက် လှုပ်ရှားသင့်တယ်လို့ မြင်မိပါသည်။ ဒါကလည်း မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကို ကြိုက်နှစ်သက်နေ၍ မျက်ကန်းယုံကြည်မှုမျိုးနဲ့ ပြောဆိုနေခြင်းမျိုး မဟုတ်ပေ။ သမိုင်းအချို့ကို ပြန်လည်ချပြရလျှင် အမျိုးသားရေးအတွက် စိတ်မချရတဲ့ (မ.ဘ.သအပြော) မွတ်စလင်တွေကို ဒေါ်စုကဝှိုက်ကတ်တို့၊ ဂရင်းကတ်တို့ထုတ်ပေးပြီး လွှတ်တော်ထဲအထိ ခေါ်သွင်းထားတာလဲ မရှိ။ ခိုးဝင်ဘင်္ဂါလီတွေကို တယောက်သုံးသိန်းယူပြီး လက်ခံပေးထားတာလည်း မရှိ။ ဓာတ်တိုင်ကြိုးတုပ်ပြီး သံဃာတွေကိုရိုက်နှက်ခဲ့ဖူးတာလည်း မရှိ။ သံဃာတွေကို ဖမ်းဆီးနှိပ်စက်၊ အတင်းအဓမ္မ လူဝတ်လဲခိုင်းတာလည်း မရှိခဲ့ပါပေ။ (သမိုင်းများသည် လိမ်ညာ၍မရစကောင်း) ထို့ကြောင့် လော်ဘီဓမ္မကထိကတို့ ဟောပြောစည်းရုံးနေသလို၊ လော်ဘီဓမ္မကထိကတို့ ဆက်လက် တည်တံ့စေလိုသူများသည် တကယ့်အမျိုးကို စောင့်သူလား၊ ဘာသာသာသနာကို ဘယ်လိုချီးမြှောက်ခဲ့ကြဖူးသူတွေလဲဆိုတာကိုတော့ မြင်အောင်ကြည့်ကြဖို့လိုပါမည်။ အမှန်တကယ်တော့ ထိုသူတို့လက်မှ သံဃာတွေရဲ့ သွေးစက်များပင် စင်အောင် မဆေးရသေးပေ။

ထိုသို့မဟုတ် အာဏာရှင်တို့အလိုအတိုင်း ဆူပူမှုကိုဖြစ်စေမည့် တဖက်အပြစ်ကိုတဖက် ရေးသား၊ဟောပြော ပြုမှုနေမည်ဆိုပါက တိုင်းပြည်အတွက် အကျိုးများဖို့ထက် ဆုတ်ယုတ်ဖို့သာ ရှိပေ၏။ အမှန်တကယ် စိတ်ရင်းစေတနာဖြင့်သာ ဝေဖန်ထောက်ပြ၍ အကျိုးအကြောင်းညွှန်ပြမှုများဖြစ်သည့် အရေးအသား၊အဟောအပြောများကိုသာ ရှေ့လျှောက် ပြုလုပ်သင့်သည်ဟုလည်း ယူဆမိပါသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ကောသမ္ဗီယဇာတက (ဇာ၊ဋ္ဌ၊၃၊၄၆၂) မှာ သံဃာတို့၏ ညီညွတ်ခြင်း၊ မညီညွတ်ခြင်း အကျိုး၊အပြစ်များကို ရှင်းလင်းဟောကြားထားပါသည်။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်းမှာနေကုန်သော တဖက်ငါးရာစီအခြံအရံရှိကုန်သည့် ဝိနယဓရရဟန်းနှင့် ဓမ္မကထိကရဟန်းတို့သည် ကိုယ်လက်သုတ်သင်ခြင်းပြုသော ရေအင်းပြင်မှာသန့်သက်ရေကြွင်းထားရှိသည်နှင့်ပတ်သက်၍ အာပတ်သင့်၊ မသင့် အငြင်းပွားရာမှစပြီး သံဃာများကွဲပြားကုန်ရာ၊ လူနတ်ဗြဟ္မာတို့ပါမကျန် ကွဲပြားကုန်လေ၏။ ထိုအခါ မထင်ရှားသောရဟန်းတပါးက မြတ်စွာဘုရားထံချဉ်းကပ်ပြီး ပြန်ကြားလျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်ကလည်း နှစ်ကြိမ်တိုင်တိုင် ထိုရဟန်းကိုစေလွှတ်ပြီး အချင်းချင်းညီညွတ်ကြကုန်လော့ဟု မိန့်တော်မူလေ၏။ သို့သော် ညီညွတ်ခြင်းကိုမမြင်မတွေ့ရ၍ ဘုရားရှင်ကိုယ်တော်တိုင် ကြွသွားပြီး၊ ငြင်းခုံခိုက်ရန်ကိုအမှီပြု၍ နှံပြီစုတ်ငှက်မငယ်သည် ခွန်အားဗလကြီးတဲ့ ဆင်ပြောင်ကြီးကို အသက်ကုန်ခြင်းကို ရောက်စေ၏ဟုနှံပြီစုတ်ငှက်မဇာတ်တော်ကိုဟောပြတော်မူ၏။ ဒုတိယအနေဖြင့် တဖန်ငြင်းခုံကွဲပြားခြင်းကိုအမှီပြု၍ များစွာသောငှံးငှက်တို့ အသက်ကုန်ခြင်းကိုရောက်ခဲ့ဖူးသည့် ငှံးမင်းဇာတ်တော်ကို ဟောပြတော်မူ၏။ ဒါလည်းမညီညွတ်သေးလို့ နောက်ဆုံးအနေဖြင့် အလောင်းတော်ဘဝတွင် သူတော်ကောင်းတည်းဟူသော အဆုံးအမသြဝါဒတို့ဖြင့် သည်းခံခြင်းရှိခြင်းကြောင့် တိုင်းပြည်ကြီးနှစ်ပြည်၏ ချစ်ကြည်ဆက်ဆံမှုခံရပြီး နိုင်ငံထီးနန်းတို့ကို သိမ်းမြန်းအုပ်ချုပ်ရသော မင်းအဖြစ်ကိုရောက်ခဲ့သေး၏ဟု ဒီဃာဝုမင်းသားဇာတ်တော်ကို ဟောပြတော်မူလေ၏။ သို့သော် ဆုံးမ၍မရသည့်အဆုံးမှာတော့ ရဟန်းအပေါင်းတို့ကို နှုတ်ဆက်တော်မမူဘဲ၊ သပိတ်သင်္ကန်းတို့ကိုယူပြီး ပါလိလေယျကရွာအနီး ပါလိလေယျကတောအုပ်ကို တပါးတည်းဝင်ကာ အင်ကြင်းပင်ရင်း၌ သီတင်းသုံးတော်မူလေ၏။ နောက်ဆုံးမှာ ဒါယကာ၊ ဒါယိကာမများက သပိတ်မှောက်ကံပြုလုပ်မှသာ ထိုရဟန်းတွေ သံဝေဂရပြီး ပြန်လည် ညီညွတ်ကြကုန်တော့၏။

ဒီဇာတ်တော်ကို ကြည့်ခြင်းအားဖြင့် သံဃာများဂိုဏ်းကွဲခြင်းသည် အကျိုးများ၊မများပညာရှိ သူတော်ကောင်းတိုင်း နားလည်သိရှိနိုင်ကြမည်ဖြစ်သည်။ အမှန်ဆို ထိုဇာတ်တော်တွင် ဝိနယဓရရဟန်းနှင့် ဓမ္မကထိကရဟန်းတို့ သင်းကွဲရခြင်းမှာသူတို့၏ အစောင်းအချိတ်၊ အထေ့အငေါ့၊ အပြောအဆိုများကြောင့် ဖြစ်ပေ၏။ တဖက်နဲ့တဖက် ပြန်လည်ညှိနှိုင်းပြီး နားလည်မှုယူခဲ့မည်ဆိုပါက ထိုကဲ့သို့ ဖြစ်စရာမရှိပေ။ မိလိန္ဒပဥှာကျမ်းမှာလည်း မိလိန္ဒမင်းကြီးကဒေဝဒတ်ကြောင့် သံဃာသင်းကွဲခြင်းကိစ္စကို မေးလျှောက်ရာ အရှင်နာဂသေနမထေရ်မြတ်က မင်းမြတ်. . . လောကမှာခွဲတဲ့သူရှိခဲ့ရင် ဘယ်ပရိသတ်မဆို ကွဲမှာပါ၊ အမေနဲ့သားလည်း ကွဲမှာပဲ၊ သားနဲ့အဖေလည်း ကွဲမှာပဲ၊ သမီးနဲ့အဖေလည်း ကွဲမှာပဲ၊ လင်နဲ့မယားလည်း ကွဲမှာပဲ၊ မောင်နဲ့နှမလည်း ကွဲကြမှာပဲလို့ ဖြေကြားထားတယ်။

ဒါကြောင့် ယနေ့ မိမိတို့တိုင်းပြည်မှာ မ.ဘ.သနဲ့ ဒီမိုကရေစီသံဃာများ ကွဲပြားနေခြင်းသည် ခွဲတဲ့သူရှိခြင်းကြောင့် ကွဲပြားနေရခြင်း ဖြစ်ပေ၏။ ထို့ကြောင့် ယခု အဖွဲ့အစည်းနှစ်ခုကို ပြန်လည်ညီညွတ်လိုလျှင် ခြင်္သေ့သည် ခဲကျရာအရပ်ကိုမကြည့်ဘဲ၊ ခဲလာရာအရပ်ကိုသာ ကြည့်သကဲ့သို့၊ တဖက်နဲ့တဖက် တင်းမာမှုများကိုလျော့ချကာ၊ သံဃာသင်းခွဲသူကိုသာ ရှာဖွေစိစစ်လျက် ကဲ့ရဲ့ရှုတ်ချ သင့်ပါသည်။ မိမိတို့သည်လည်း ယခင်အတိုင်း ငြိမ်းချမ်းစွာ အတူလက်တွဲလျက် ဘာသာ၊ သာသနာအကျိုးကို ဆောင်ရွက်နိုင်မှသာလျှင် မြတ်စွာဘုရားရှင် ချမှတ်ထားတဲ့ လမ်းစဉ်နဲ့ကိုက်ညီပြီး သာသနာတော်ကြီးလည်း ဒီထက်မကတိုးတက်စည်ပင်၊ ဝပျောလျက် သူတော်ကောင်းပုဂ္ဂိုလ်တို့၏ ချီးမွမ်းမှုကိုရယူနိုင်ကြပြီး သာသနာပြုရာရောက်ပေလိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။ သာသနာကိုနစ်ရာမရောက်ဘဲ ချစ်ရာရောက်သော ရဟန်းကောင်း၊ ရဟန်းမြတ်များ ဖြစ်ကြပါစေ။

သံဃာ့အကျိုးကိုရည်ညွှန်းလျက် ဤစာကိုရေးပါသည်။

ဓမ္မသုတေသီ(မန္တလေး)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment