ဒီလူရဲ့ အလုပ်ကတော့ ကမ္ဘာပတ်ပြီး ရမ်အရက်ကို မြည်းစမ်းသောက်ကာ၊ အရောင်းမြှင့်တင်၊ကြော်ငြာပေးရတာဖြစ်ပါတယ်။ ရမ်အရက် တံဆိပ်တစ်ခုတည်း မဟုတ်ဘဲ Havana Club ၊ Bacardi စတဲ့ ရှိရှိသမျှ ရမ်အရက်တံဆိပ် အားလုံးနီးပါးရဲ့ အမှတ်တံဆိပ်ကိုယ်စားလှယ် တစ်ဦးဖြစ်ပါတယ်။
လန်ဒန်မြို့ သား၊ အသက် ၄၅ နှစ်အရွယ် Ian Burrell ဟာ ရမ်အရက်နဲ့ ပတ်သက်သမျှ အရာအားလုံးကို နားလည်သိရှိပြီး ရမ်အရက်အကြောင်း ပညာပေးဖျော်ဖြေသူဖြစ်တဲ့သူ့ ကို ရမ်ကုမ္ပဏီနဲ့ အဖွဲ့ အစည်း တော်တော်များများက အမြဲခေါ်ယူချင်နေကြတယ်လို့ ဆိုပါတယ်။
ဂျာမေကာနိုင်ငံသားမိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ Ian ဟာ ဗြိတိန်လူမျိုးထက် ဂျာမေကာလူမျိုး တစ်ယောက် လို့ အမြဲပိုခံစားရပြီး သူ့ အမေက အမြဲတမ်း အိမ်အပြင်ဘက်ကတော့ အင်္ဂလန်၊ ဒီအိမ်ထဲကတော့ ဂျာမေကာ ပေါ့လို့ သူ့ ကို အမြဲပြောလေ့ရှိတယ်လို့ ဆိုပါတယ်။ အိမ်မှာ စားတဲ့ အစားအသောက်၊ ဘာသာ စကားနဲ့ စရိုက်တွေက ကာရေဘီယန်အရမ်းဆန်တယ်လို့ Ian က ပြောပြပါတယ်။
အခုလို ကာရေဘီယန်ဆန်မှုက ရမ်အရက်ကို ချစ်မြတ်နိုးတဲ့ သူ့ အကျင့်ရဲ့ အဓိကအကြောင်းတစ်ခုဖြစ်ပြီး ရမ်အရက်ကို သူတို့ တစ်အိမ်လုံးဟာ ဆေးပစ္စည်းတစ်ခုလိုပါ အမျိုးမျိုးအသုံးချကြတယ်လို့ ဆိုပါတယ်။ အဖွားဖြစ်သူ ကလည်း ဘယ်လိုအအေးမိဝေဒနာမျိုးမဆို ပျောက်ကင်းနိုင်တဲ့ အကောင်းဆုံး ဆေးက “ ရမ် ၊ သံပုရာသီးနဲ့ ပျားရည်” လို့ ဆေးနည်းပေးဖူးကြောင်း ပြောပြပါတယ်။ Ian ဟာ ကျောင်းကနေ တစ်နှစ် ခွင့်ယူပြီးနောက် ကော့တေးဘား တစ်ခုမှာ အလုပ် ၀င်လုပ်ခဲ့ကာ ကော့တေး အသစ်တွေကို စပ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ ရဲ့ ကော့တေးစပ်နည်းကို ကြိုက်သွားတဲ့ Kiss FM က ကြော်ငြာမန်နေဂျာ ဟာ နောက်ခံစကားပြော အလုပ်သွင်းပေးခဲ့ပြီးနောက် ကြော်ငြာတစ်ခုမှာ ဂျာမေကန်ရမ်ကုမ္ပဏီ J Wray & Nephew ရဲ့ ရမ်ကို ကြော်ငြာပေးခဲ့ရာကနေ၊ နောက်ဆုံးမှာ အဆိုပါကုမ္ပဏီဟာ ဗြိတိန်ရဲ့ ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်အဖြစ် သူ့ ကို ခန့် အပ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်မှာတော့ Ian ဟာ ကာရေဘီယန်ဒေသကို ကိုယ့်စရိတ်နဲ့ ကိုယ် သွားရောက်ကာ ရမ်ထုတ်လုပ်သူတွေ ဆီကနေ ရမ်အကြောင်း သမိုင်း၊ အသုံးဝင်ပုံ၊ ချက်နည်းစတဲ့ သိသင့်စရာ အချက်တွေကို လေ့လာခဲ့ပါတယ်။ ဒီလိုနဲ့ ကမ္ဘာလုံးဆိုင်ရာ ရမ်အမှတ် တံဆိပ်ကိုယ်စားလှယ် တစ်ယောက် ဖြစ်လာတာ ဖြစ်ပါတယ်။ Ian ရဲ့ အလုပ်ဟာ ရမ်အကြောင်း တင်ဆက်ပြသမှု၊ သင်ခန်းစာပို့ ချမှုတွေကို ဥရောပတိုက်၊ မြောက်နဲ့ တောင်အမေရိကတိုက်၊ သြစတြေးလျ၊ အာရှ စတဲ့ တိုက်တွေအနှံ့ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ဒီ့အပြင် ကော့တေးပြိုင်ပွဲတွေမှာလည်း ဒိုင်အဖြစ် တာဝန်ယူပေးထားပြီး The Bacardi Legacy ကော့တေး ပြိုင်ပွဲ ကမ္ဘာ့ဖိုင်နယ်မှာလည်း ဒိုင်အဖြစ် ပါဝင်ခဲ့ပါတယ်။
Ref: Metro
Trend Myanmar
0 comments:
Post a Comment