သူလျှိုမှုကြောင့် ဂျပန် ၂ ဦးကို ဖမ်းဆီးထားကြောင်း တရုတ်အတည်ပြု

ဟုန်းလေ


တရုတ်အစိုးရက ဂျပန်နိုင်ငံသား ၂ ဦးကို သူလျှိုထောက်လှမ်းမှုအတွက် ဖမ်းထားတယ်ဆိုတဲ့ အစီရင်ခံစာကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်နေ့မှာ အတည်ပြု ပြောဆိုပါတယ်။
ဂျပန်နိုင်ငံသား ၂ ဦးဟာ မေလကတည်းက အဖမ်းခံနေရတာ ဖြစ်ပြီး သံတမန်တွေက သူတို့ ကူညီနိုင်သမျှ အကုန်လုပ်နေတယ်လို့ ပြောပါတယ်။
ဒီအမျိုးသား ၂ ဦးဟာ ပုဂ္ဂလိက စုံထောက်တွေ ဖြစ်တယ်လို့ ဂျပန်နိုင်ငံ အဆာဟိ သတင်းစာက ဆိုပါတယ်။
၁ ဦးကိုတော့ မြောက်ကိုရီးယား နယ်စပ်နားက တရုတ် အရှေ့မြောက်ပိုင်း လျောင်နင်းမြို့မှာ တရားစွဲထားပြီး နောက် ၁ ဦးကိုတော့ တရုတ်အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ထဲက စစ်တပ် အဆောက်အဦ တခုနားမှာ ဖမ်းခဲ့တာလို့ သတင်းစာက ဆိုပါတယ်။
ဒီအမျိုးသားတွေဟာ ဂျပန်အစိုးရရဲ့ ညွှန်ကြားချက်အရ လှုပ်ရှားတာ ဟုတ်မဟုတ် တရုတ်အစိုးရက စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
ဂျပန်ရဲ့ ကျိုဒိုသတင်းဌာနကတော့ အမျိုးသားတွေဟာ အသက် ၅၀ ကျော် အရွယ်တွေလို့ အစီရင်ခံပါတယ်။
တရုတ်အာဏာပိုင်တွေက သံသယရှိသူ ၂ ဦးကို သူလျှိုမှုနဲ့ ဖမ်းထားပြီး ဂျပန်ဘက်ကိုလည်း သက်ဆိုင်ရာ အခြေအနေကို အကြောင်းကြားပြီးပြီလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟုန်းလေက စက်တင်ဘာ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှိဟိဒဲ ဆုငကတော့ ဂျပန်အမျိုးသား ၂ ဦးဟာ မေလတည်းက အဖမ်းခံထားရတယ်လို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေပြောဖို့ ငြင်းဆိုပါတယ်။
ဂျပန်အစိုးရက တရုတ်ကို သူလျှိုထောက်လှမ်းတဲ့ နေရာမှာ ပါဝင်ပတ်သက်မှု ရှိသလားလို့ မေးရာမှာတော့ စုငက ဂျပန်ဟာ ဒါမျိုးအလုပ်ကို မလုပ်တာ သေချာတယ်၊ ဘယ်နိုင်ငံကိုမဆို ဒီအတိုင်းပဲလို့ ပြောချင်ကြောင်း ပြန်ဖြေခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က တင်းကျပ်ပြီးသား လုံခြုံရေးဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထပ်တင်းကျပ်ဖို့ ကြီးကြပ်ခဲ့ပြီး အမျိုးသားလုံခြုံရေး ကော်မရှင်သစ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။
မနှစ်ကလည်း အိုက်စ်လန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟာ နိုင်ငံလုံခြုံရေး လျှို့ဝှက်ချက်တွေ ဂျပန်ကို လွှဲပြောင်းပေးမှုနဲ့ အဖမ်းခံရအပြီး ပျောက်ဆုံးခဲ့ပါတယ်။ သူ ဘာဖြစ်သွားလဲဆိုတာ တရုတ်အစိုးရက ဘယ်တုန်းကမှ ရှင်းမပြခဲ့ပါဘူး။
၂၀၁၀ တုန်းကလည်း ဂျပန်နိုင်ငံသား ၄ ဦးကို စစ်တပ်နယ်မြေထဲ ခွင့်ပြုချက်မရှိ ဝင်ရောက် ဓာတ်ပုံရိုက်ကူးမှုအတွက် ယာယီ ဖမ်းဆီးခဲ့ပါသေးတယ်။
တရုတ်နဲ့ဂျပန် ဆက်ဆံရေးဟာ ဒုတိယကမ္ဘာစစ် မတိုင်မီနဲ့ စစ်အတွင်း ဂျပန်က တရုတ်ရဲ့ အစိတ်အပိုင်းတွေကို သိမ်းပိုက်မှုကြောင့် အရောင်တွေ စွန်းထင်းနေတာပါ။
ကျန်ခဲ့တဲ့ နိုဝင်ဘာလကတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ၂ ကြိမ် တွေ့ဆုံခဲ့ပါတယ်။
DVB Burmese
http://burmese.dvb.no/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment