ဆိုင်ကယ်ကယ်ရီ လိုက်မပို့သည့် ကိစ္စဖြင့် စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်

 အရက်သေစာသောက်စားစဉ် ဆိုင်ကယ်ကယ်ရီ လိုက်မပို့သည့် ကိစ္စဖြင့် စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်

ရန်ကုန်၊ ဇန်န၀ါရီ ၂၉

၂၇.၁.၂၀၁၆ ရက်နေ့ ၀၈၃၀ အချိန်ခန့်တွင် တိုက်ကြီးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တိုက်ကြီးမြို့၊ ဘူတာရပ်ကွက်၊ ရထားသံလမ်းဘေး၌ အမျိုးသား တစ်ဦးသေဆုံးနေကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးရာ အဆိုပါနေရာရှိ မီးရထားသံလမ်း မိုင်တိုင်အမှတ် ၄၁/၈ နှင့် ၄၁/၉ အကြားခြုံထဲတွင် အသက်(၃၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား ယာချိုစောင်းပေါက်ပြဲ၊ နဖူးပေါက်ပြဲ၊ အပေါ်နှုတ်ခမ်းယာဘက်ပေါက်ပြဲ၊ ယာပါးပြင်ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် တိုက်ကြီးမြို့မ ရဲစခန်း(ပ)၅၄/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှု ကျူးလွန်သူအား စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှသေဆုံးသူ အမျိုးသားနှင့် ပတ်သက်၍ တိုက်ကြီးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ တိုက်ကြီးမြို့နယ်၊ ဆိပ်သာကျေးရွာနေ စိုးစိုး(ခ)ရဲစိုးထွန်း၊ (၃၂)နှစ်ဖြစ်ကြောင်း အတည်ပြုသိရှိခဲ့ရပြီး အခင်းဖြစ်နေရာ အနီးဝန်းကျင်၌ သွေးစွန်းသွေးကွက်များ၊ Hight Class အရက်ပုလင်းခွံ အကွဲ ၁ ခုနှင့် သွေးစများပေကျံနေသော ကွန်ကရစ် အပိုင်းအစ ၁ ခုတို့အား တွေ့ရှိခဲ့ပါသည်။

အခင်းဖြစ်ရပ် စုံစမ်းစစ်ဆေးချက်နှင့် အသေးစိတ် စစ်ဆေးချက်များအရ ၂၆.၁.၂၀၁၆ ရက်နေ့ ၂၂၂၅ အချိန်ခန့်တွင် အခင်းဖြစ်နေရာအနီးရှိ အရက်ဆိုင်၌ အမျိုးသား ၃ ဦးတို့ အရက်သောက်စားရာမှ စကားများခဲ့ကာ
ဘူတာလမ်းမပေါ်၌ ခိုက်ရန်ဖြစ်ပွား ခဲ့ကြကြောင်းနှင့် ၎င်းအမျိုးသား ၃ ဦးအနက် တစ်ဦးမှာ တိုက်ကြီးမြို့၊ ရှမ်းစုရပ်ကွက်နေ ဟာစန်း(ခ)သူရ၀င်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား လိုက်လံစုံစမ်းခဲ့ရာ ၂၇.၁.၂၀၁၆ ရက်နေ့ ၁၃၂၅ အချိန်တွင် တိုက်ကြီး-လိမ္မော်ခြံကျေးရွာ ကားလမ်း ဘေးရှိ သီဟိုဠ်ခြံအတွင်းမှ တွေ့ရှိဖမ်းဆီး ရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ဟာစန်း(ခ)သူရ၀င်းအား စစ်ဆေးရာ ၎င်းသည် ၂၆.၁.၂၀၁၆ရက်နေ့ ၂၂၀၀ အချိန်ခန့်က အခင်းဖြစ်နေရာ အနီးရှိ အရက်ဆိုင်သို့ အရက်သောက်ရန်လာရောက်စဉ် ယခင်ကမြင်တွေ့ဖူးသူ ပဲခူးတိုင်း
ဒေသကြီး၊ လက်ပံတန်းမြို့နယ်နေ ၀ဏ္ဏ(စုံစမ်းဆဲ)နှင့်(သေဆုံးသူ စိုးစိုး(ခ)ရဲစိုးထွန်း) တို့အားတွေ့ရှိပြီး လက်ပံတန်းမြို့နယ်နေ၀ဏ္ဏ(စုံစမ်းဆဲ)မှ အရက်တိုက်ခိုင်း သဖြင့် အရက်အတူ သောက်ခဲ့ကြကြောင်း၊ ခဏ
အကြာတွင် လက်ပံတန်းမြို့နယ်နေ ၀ဏ္ဏ(စုံစမ်းဆဲ)နှင့် သေဆုံးသူစိုးစိုး(ခ)ရဲစိုးထွန်းတို့ ဆိုင်ကယ်ကယ်ရီဖြင့် ဂျိုးဖြူရွာသို့ လိုက်မပို့ပေးသည့် ကိစ္စစကားများခဲ့ကြပြီး သေဆုံးသူ စိုးစိုး(ခ)ရဲစိုးထွန်းမှာ ဆိုင်အပြင်သို့ထွက်
သွားကြောင်း၊ လက်ပံတန်းမြို့နယ်နေ ၀ဏ္ဏ(စုံစမ်းဆဲ)မှ High Class အရက်ပုလင်းခွံအား ကိုင်ဆောင်ကာ နောက်မှလိုက်သွားပြီး သေဆုံးသူစိုးစိုး(ခ)ရဲစိုးထွန်းနှင့် လုံးထွေးသတ်ပုတ်ကြစဉ် ၀ဏ္ဏ(စုံစမ်းဆဲ)က High Class အရက်ပုလင်းခွံဖြင့် သေဆုံးသူ၏ ဦးခေါင်းအား ရိုက်နှက်ခဲ့သဖြင့် ပုလင်းကွဲသွားကြောင်း၊ ထိုအချိန်တွင် ဟာစန်း(ခ) သူရ၀င်းရောက်လာပြီး ပုလင်းကွဲဖြင့် သေဆုံးသူ၏မျက်နှာအားထိုးနေစဉ် ၀ဏ္ဏ(စုံစမ်းဆဲ)က အနီးရှိကွန်ကရစ်ခဲဖြင့် သေဆုံးသူ၏ ဦးခေါင်းကို ထုရိုက်ခဲ့ပြီး သေဆုံးသူအား ရထားသံလမ်းဘေးသို့ ဆိုင်ကယ်ဖြင့် တင်ဆောင်သွားကာ ခြုံထဲ၌ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ ဟာစန်း(ခ)သူရ၀င်းအား အရေးယူဆောင်ရွက်လျက်ရှိပြီး ၎င်းနှင့်အတူပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာနေ ၀ဏ္ဏအား ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment