ဟောင်ကောင်မှာ ရိုက်လာတဲ့ ပုံတစ်ပုံကိုဖေ့စ်ဘုတ်ပေါ် တင်မိတဲ့အတွက် ပရိသတ်ဝေဖန်မှု ခံခဲ့ရတဲ့သွန်းဆက်


၂လပိုင်း ၁ရက်နေ့မှာ စရိုက်မဲ့ ရုပ်ရှင်ကားကြီးအတွက် အခုကတည်းကတင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတဲ့ သွန်းဆက်က မကြာသေးခင်ကမှာ ဟောင်ကောင်ကို မိသားစုနဲ့အတူ Family Trip အနေနဲ့ သွားရောက်ခဲ့သလို ပျော်ရွှင်မှုတွေနဲ့အမှတ်တရတွေပြည့်နေတဲ့ ဟောင်ကောင်ခရီးစဉ်အကြောင်းကို ပြောပြလာတဲ့အခါ
-ခရီးသွားဖြစ်တဲ့ အကြောင်းလေးကို အရင်ဦးဆုံးပြောပြပေးပါဦး။
ဟုတ်။ ပထမဆုံး ဘန်ကောက်ကို သွားတာ အမေ့ ကျန်းမာရေးအတွက်ပေါ့။ ဘန်ကောက်ကပြန်လာပြီး ၃ ရက်လောက်ပဲကြာတယ်။ မိသားစုနဲ့အတူ ဟောင်ကောင်ကို ထပ်သွားတယ်။ ၄ ရက်နေ့သွားပြီး ၁၁ ရက်နေ့ပြန်ရောက်ပါတယ်။
-ဟောင်ကောင်မှာ ဘယ်နေရာတွေကို အဓိက သွားလည်ဖြစ်လဲ။
သွားတာကတော့ အစုံပဲ။ အကုန်လုံးကတော့ အမှတ်ရဖြစ်ပါတယ်။ အဲ့ဒီကို သွားရင်း တစ်ခုပဲ ညီမ မသိတဲ့အရာပေါ့။ ဟောင်ကောင်က မြို့လည်ခေါင်မှာ ရုပ်ထုကြီး တစ်ခုတွေ့ခဲ့တယ်။ ကောင်လေး ရုပ်ထုပေါ့။ ကိုယ်တုံးလုံးနဲ့ ရုပ်ထုကြီး လုပ်ထားတယ်။ အဲ့ဒါလေးကို မသိခဲ့ဘူး။ အဲ့ဒီအမှတ်တရလေး တစ်ခုရှိတယ်။ အဲ့ဒါကို ညီမ ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ တင်လိုက်တယ်။ အကုန်လုံးက ညီမကိုဝိုင်းပြောကြတယ်။ အမှန်ညီမက ဗဟုသုတရအောင် တင်လိုက်တာပါ။ မြန်မာမိန်းကလေးဖြစ်ပြီး မတင်သင့်ဘူးဆိုပြီး ပြောကြတယ်။ ညီမအစကတည်းက တင်လိုက်ကတည်းက ဗဟုသုတရအောင် တင်လိုက်တာပါ။ ဒါပေမဲ့ ညီမအခုတော့ပြန်ဖြတ်လိုက်ပါပြီ။ shopping ကတော့ နေရာစုံအောင်ထွက်ဖြစ်ခဲ့တယ်။
-အမှတ်တရအနေနဲ့ရော ဘာတွေဝယ်ဖြစ်ခဲ့လဲ။
အကုန်ကြိုက်တော့ အကုန်ဝယ်တယ်။ ဟိုးအရင်ကတည်းက ဘယ်နေရာပဲသွားသွား မျက်လုံးထဲမြင်သမျှ အကုန်ဝယ်တယ်။ တစ်ခုပဲ ဒီရာသီဥတုနဲ့အပ်စပ်တဲ့ အနွေးထည်တွေ ၀ယ်ခဲ့တယ်။ သူတို့ဆီက ကုတ်တွေက အရမ်းမိုက်တယ်။ အဲ့ဒါကြောင့် အများကြီး ၀ယ်ခဲ့တယ်။ နောက်အိတ် ၀ယ်ခဲ့တယ်။ အိတ်ကကျတော့ ဟောင်ကောင်ကလုပ်တဲ့ အရုပ်ပုံစံအကောင်တွေဖော်ထားတဲ့ အိတ်ထူးထူးဆန်းဆန်းလေးပေါ့။ အဲ့ဒါတွေဝယ်ခဲ့တယ်။ သူတို့ဟောင်ကောင်မှာပဲ ရှိတာတဲ့။ တခြားနေရာမှာ မရှိဘူးတဲ့။ ရိုးရာပုံစံလိုလုပ်ထားတာဆိုတော့ အဲ့ဒါလေးတွေဝယ်ဖြစ်ခဲ့တယ်။
-ခရီးစဉ်တွေအများကြီးထဲမှာမှဟောင်ကောင်ကိုရော ဘာလို့ရွေးဖြစ်ခဲ့တာလဲ။
အမှန်တော့ အဲ့ဒီနေရာကအေးတဲ့ အချိန်ဆိုတော့ သွားသင့်တာလဲ ပါတယ်။ ပြီးတော့ ညီမက မရောက်ဖူးတဲ့နေရာတွေကို လျှောက်သွားရတာကိုကြိုက်တယ်။
-ဒီခရီးစဉ်က ၂၀၁၆ နှစ်စပိုင်းမှာသွားတဲ့ ခရီးဆိုတော့ ထပ်သွားဖို့စီစဉ်ထားတာမျိုးရော ရှိဦးမလား။
၂ လပိုင်းမှာ မလေးရှားဖျော်ဖြေရေးခရီးစဉ်ရှိမယ်။ ပြန်လာရင် ဘန်ကောက်ကို ထပ်သွားဦးမယ်။ ၄လပိုင်းမှာ မိသားစုနဲ့အတူ ဗုဒ္စဂါယာထပ်သွားဖို့ရှိပါတယ်။
-ခရီးတွေ ဆက်တိုက်ထွက်ရတဲ့ စိတ်ခံစားချက်လေးကိုလဲ သိချင်ပါတယ်။
ခရီးသွားရတာကို ငယ်ငယ်ကတည်းကအရမ်းကြိုက်တယ်။ မြန်မာနိုင်ငံမှာဆိုလဲ အကုန်လုံးအနှံ့ဘုရားတွေလျှောက်ဖူးချင်တယ်။ ခရီးက ငယ်ငယ်ကတည်းက မိသားစုနဲ့ထွက်နေကျဆိုတော့ စိတ်အရမ်းမွန်းကြပ်လာပြီဆိုရင် ခရီးပဲထွက်ဖြစ်ပါတယ်။
-မြန်မာနိုင်ငံမှာ မရောက်ဖူးသေးတဲ့ နေရာတွေရော ရှိဦးမလား။
တစ်ခုပဲရှိတယ်။ မုံရွာဖက်က အဲ့ဒါဘာလဲမသိဘူး။ အဲ့ဒီနေရာတော့ မရောက်ဖူးသေးဘူး။
-ပြည်ပခရီးအနေနဲ့ သွားချင်တဲ့နေရာတွေရော ရှိဦးမလား။
Europe ဘက်တွေသွားချင်တယ်။
-မလေးရှားမှာ သီချင်းဆိုဖို့လက်ခံဖြစ်ခဲ့ပုံလေးကိုလဲ အရင်ပြောပြပေးပါဦး။
၂၀၁၆ မှာ ပရိသတ်အတွက် ဖျော်ဖြေရေးအနေနဲ့ စပြီးလက်ခံဖြစ်တာပေါ့။ သီချင်းစဆိုမယ်ပေါ့။ နယ်ပွဲတွေပဲဖြစ်ဖြစ် ၊ နိုင်ငံခြားပွဲပဲဖြစ်ဖြစ် ဒီနှစ်ထဲမှာတော့ ဆိုဖို့စိတ်ကူးထားပါတယ်။ အဲ့ဒါကြောင့်လဲ ဒီမလေးရှားပွဲကို စပြီးလက်ခံဖြစ်တာပါ။
-၂လပိုင်းအစမှာ ရိုက်မဲ့ ရုပ်ရှင်ကားကြီးအကြောင်းကို လဲ ပြောပြပေးပါဦး။
ရုံကြီးကားပဲ။ ဒရာမာလေးပေါ့။ ဗီဒီယိုမှာ အဲ့ဒီလိုကာရိုက်တာမျိုး တစ်ကားလောက်ပဲ လုပ်ဖူးသေးတယ်။ ရုပ်ရှင်ကားကြီးမှာတော့ ဒီကားက ပထမဆုံးပေါ့။ ကားကြီးအနေနဲ့ဆို ဒီကားက နှစ်ကားမြောက်ပေါ့။ အရှေ့မှာ မယားကြောက်ရွာဆိုပြီး တစ်ကားရိုက်ထားသေးတယ်။
-ဆံပင်ပုံစံလေးလဲ ပုံပြောင်းထားတာတွေ့ရတယ်နော်။
ဟုတ်တယ်။ ၂၀၁၆ မှာ ဆံပင်ပုံစံလေးပြောင်းမယ်ဆိုပြီး ညှပ်ဖြစ်ခဲ့တာ။ ဟိုပုံကတော့ အရမ်းရိုးနေပြီလေ။ သုံးနှစ်လောက်ရှိပြီ။ အဲ့ဒါကြောင့် အတိုညှပ်ပြီး ဆံမိတ်လေးချလိုက်တာ။ အခုအရှည်ပဲထားတော့မှာ။ အရမ်းညှပ်ချင်တယ်ဆိုရင်တော့ တိုတိုလေးညှပ်လိုက်မှာပါ။
-သီချင်းဆိုတာလဲတွေ့ရတော့ အခွေထုတ်ဖို့ကိုရော စိတ်ဝင်စားလား။
သမီး တစ်ကိုယ်တော်ခွေတော့မထုတ်သေးပါဘူး။ အသံပိုင်းကအားနည်းနေသေးလို့ပါ။ နယ်ရှိုးနဲ့ ပြည်ပရှိုးတွေလောက်ပဲ လက်ခံဖြစ်ပြီး ဆိုကြည့်ပါဦးမယ်။
-ပရိသတ်ကို ညီမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ထူးထူးခြားခြားပြောပြချင်တာများရှိရင်လဲ သိချင်ပါတယ်။
၂၀၁၆ ထဲမှာ Oversea ရှိုးတွေ လက်ခံထားတယ်။ ကိုယ့်ဟာကိုယ်လဲ ခရီးတွေထွက်မယ်။ ပြီးတော့ သီချင်းတွေဆိုမယ်။ ကားကြီးတွေလဲ ဆက်တိုက်ရိုက်ဖြစ်ပါမယ်။
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment