စစ်တွေဈေးကြီးမှ လူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား


နိရဉ္စရာ၊ ဇန်န၀ါရီ ၂၃

စစ်တွေမြို့ ဈေးကြီးမှ ရခိုင်လူငယ်နှစ်ဦးကို ဇန်န၀ါရီ ၂၂ ရက်နေ့က စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု မိသားစုများက နိရဉ္စရာသို့ ပြောကြားသည်။

အဖမ်းခံရသူ နှစ်ဦးမှာ ကိုဆန်းဝင်းထွန်း နှင့် အာနိုး (ခေါ်) ကျော်စိုးမိုး တို့ ဖြစ်ကြသည်ဟု သိရသည်။

ကိုဆန်းဝင်းထွန်း အစ်မဖြစ်သူက “ စစ်တပ်က ဖမ်းသွားပါတယ်။ မနေ့က နေ့လယ် တစ်နာရီမှာပါ။ ပထမတော့ အရပ်ဝတ်နဲ့ သုံးယောက် လာပါတယ်။ နောက်ယူနီဖောင်းနဲ့ သုံးယောက် လာပါတယ်။ သေနတ်တွေ ကို မောင်းတင်ပြီး ဖမ်းတာပါ။ ကျွန်မတို့လည်း အနားကို မကပ်ဝံ့ပါ” ဟု ပြောသည်။

ကိုဆန်းဝင်းထွန်း နှင့် အာနိုး (ခေါ်) ကျော်စိုးမိုးတို့မှာ အသက် (၃၀) ပတ်ဝန်းကျင် အရွယ်များ ဖြစ်ကြပြီး စစ်တွေဈေးကြီးထဲတွင် ငါးအရောင်းအ၀ယ် လုပ်နေကြသူများဟု အစ်မ ဖြစ်သူက ပြောသည်။

အာနိုး(ခေါ်) ကျော်စိုးမိုး အစ်မဖြစ်သူကလည်း ဖမ်းဆီးရာတွင် ဘာဝရမ်းမှလည်း မပါဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ မည်သည့် အတွက် ဖမ်းဆီးခြင်း ဖြစ်သည်ကို မသိရှိရကြောင်း၊ ဖမ်းဆီးခံရသူနှစ်ဦးကို မျက်နာကို အ၀တ်အနက်ဖြင့် ဖုံးအုပ်ကာ ကားပေါ်သို့ တင်ဆောင်သွားကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းအတွက် စစ်တွေအမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းခေါ်ဆို၍ မရသဖြင့် စစ်တွေ အမှတ် (၂) ရဲစခန်းသို့ ဆက်သွယ်ရာ ဈေးကြီးမှ ဖမ်းသည်ဆိုလျင် အမှတ်(၁) နှင့်သာ သက်ဆိုင်၍ ယင်းသို့ ဆက်သွယ် မေးမြန်းပါဟု ပြောကြားသည်။ ရခိုင်ပြည်နယ် ရဲမှူးကြီး ဦးနေမျိုးသို့ ဆက်သွယ်ရာတွင် ရသေ့တောင်မြို့သို့ ရောက်နေသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။

ရခိုင်ပြည်နယ် အတွင်း လူငယ်အများအပြားကို ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်မှုသံသယဖြင့် လိုက်လံ ဖမ်းဆီးမှုများရှိနေရာ ဇန်န၀ါရီလ ၂၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာမှ လူမှုရေး ဆောင်ရွက်နေသူ ကိုမောင်အေးနှင့် နောက်နှစ်ဦးကို စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment