ကောလင်းမြို့နယ်၊ မိုးနှံကျေးရွာအနီးတွင် တရားမ၀င် ရွှေတူးဖော်နေ


စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၊ မိုးနှံ၊ ဆင်းမ၊ တောင်ကြားကျေးရွာ အနီးရှိ ဒေါင်းမြူးချောင်း ချောင်းကမ်းဘေး ၀ဲယာတို့တွင် မိရိုးဖလာ လုပ်ကိုင် စားသောက် လာသော လယ်ယာမြေများအတွင်း တရားမ၀င် ရွှေတူးဖော်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ရွှေတူးဖော်ခြင်းနှင့် ပတ်သက်၍ ဒေသခံတဦးက ''ကျွန်တော်တို့ နယ်မြေမှာ ရွှေရှာဖွေနေကြတဲ့ စီးပွား ရေးလုပ်ငန်းရှင်တွေဟာ ချောင်းကမ်းဘေး ၀ဲယာနဲ့ လယ်ယာမြေတွေကို အဓိကထားပြီး ရွှေမျှောတွေ အလွန် အကျွံတိုက်စားနေ ကြတာပါ။ စိုက်ပျိုးလယ်ယာမြေဧကရာနဲ့ ချီပျက်စီးသွားပါပြီ။ မိရိုးဖလာလုပ်ကိုင်စားလာတဲ့ လယ်ယာမြေတွေဟာ ချိုင့်ဝှမ်းကြီးတွေဖြစ်ပြီး ကျန်နေခဲ့တာပါ။ လယ်ယာမြေဖြစ်လာအောင် ဖော်ထုတ်ဖို့ဆိုတာ လည်း အကောင်းပကတိမဖြစ်နိုင်တော့သလို မြေညှိခြင်း၊ မြေဖို့ခြင်းဆိုတာလည်းမရှိတဲ့အတွက် နောင်လာ နောက်သားတွေ စိုက်ပျိုးစားသောက်ဖို့ မြေယာတွေ မရှိသလောက်နီးပါး ပျောက်ဆုံးလာသလို စိုက်ပျိုးရေးကို အခြေခံပြီး အားကိုးအားထား နေထိုင်သူတွေဖြစ်တဲ့အတွက် စိုက်ပျိုးလယ်ယာမြေ ပျက်စီးဆုံးရှုံးသွားခြင်းဟာ ဒေသတွင်း စီးပွားရေးနဲ့စားဝတ်နေရေးကို သိသိသာသာ ထိခိုက်နစ်နာစေပါတယ်။လွန်ခဲ့တဲ့ မိုးတွင်းကာလက ကောလင်းနယ် တနယ်လုံးနီးပါး ရေကြီးရေလျှံမှုတွေနဲ့ မကြာခဏဆိုသလို တွေ့ကြုံခဲ့ရပါတယ်။ ရွှေတူးဖော်ရာ မှ စီးဆင်းလာကြတဲ့ နွံအနှစ်တွေဟာလည်း ဒေါင်းမြူးချောင်းထဲကို စီးဝင်လာကြတဲ့အတွက် နွေ၊ မိုး၊ ဆောင်း ဆိုသလို စီးဆင်းချောင်းရေများ နောက်ကျိ နေပါတယ်။ ရေနောက်တွေ စီးဆင်းနေခြင်းဟာ ၎င်းပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအတွက် သောက်သုံး ရေအတွက် အခက်တွေ့စေပါတယ်။ ဒေါင်းမြူးချောင်းအတွင်းမှာ နေထိုင်ကျက်စားသွားလာနေကြတဲ့ ရေနေသတ္တ၀ါတွေဟာလည်း ချောင်းရေများ နောက်ကျိနေတဲ့အတွက် နေထိုင်ခွင့်မရတော့ဘဲ ငါး မျိုးစိတ်သယံဇာတမရှိသလောက် မျိုးသုဉ်းပျောက်ကွယ် သွားခြင်းဖြစ်ပါတယ်''ဟု ဒေသခံတဦးက ပြောပြခဲ့သည်။

ယခင်က ဒေါင်းမြူးချောင်းမကြီးအတွင်း ရေစီးရေလာကောင်းမွန်ခြင်း ရေနက်တန်း ကျောက်အိုင်များတည်ရှိ နေခြင်းတို့ကြောင့် ကြည်လင်သော ရေအလျဉ်ဖြင့် တသွင်သွင် စီးဆင်းနေခဲ့သော်လည်း ယခုအခါတွင် ချောင်း ကောမြောင်းကောများ ဖြစ်ပေါ်ကာ ရေစီးရေလာမကောင်းတော့သည်ကို မြင်တွေ့နေရသည်။

ထို့အပြင် ကျေးရွာအနီး ရွှေမျှောများ အလွန်အကျွံတိုက်စားနေခြင်းကြောင့် ရွာနှင့် စေတီပုထိုး ဘုန်းကြီးကျောင်း များပါ ရွှေ့ပြောင်းရတော့မည့်အနေအထားဖြစ် ပေါ်လျက်ရှိသည်။ ချောင်းမြောင်းအင်းအိုင်ရေစီးရေလာ ကောင်း မွန်ရေးကို ဥပဒေတရပ်ပြဋ္ဌာန်းထားရှိသော်လည်း ချောင်းအတွင်း တရားမ၀င် ရွှေသတ္တုတူးဖော်ရှာဖွေမှုကို တားမြစ်ပိတ်ပင်သည့် လုပ်ရပ်အားနည်းလာပြီး ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုပါဝင်ကူညီရန် နားလည်မှု ဖြင့် ခွင့်ပြုပေးထားခြင်းတို့ကြောင့် တချိန်က လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အားကိုးအားထားပြု ရသော ချောင်းမှာ ယခုအခါ တိမ်ကောပြီး ရေစီးရေလာမကောင်းခြင်းတို့ ဖြစ်ပေါ်နေလျက်ရှိကြောင်းသိရသည်။

ဗေဒါ (ကသာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment