ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်များသို့ အထူးကွင်းဆင်း စုံစမ်းရေးအဖွဲ့ သွားရောက် စစ်ဆေးမှုအပေါ် ယာဉ်ယန္တရားများ မမြင်ကွယ်ရာသို့ ထားသိုမှုများရှိနေ


 ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်များတွင် လည်ပတ် အသုံးပြုနေသည့် စက်ယန္တရား များ ကို စစ်ဆေး မှတ်ပုံတင်ရန် အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ စေလွှတ်သည့် အထူးကွင်းဆင်း စုံစမ်းရေးအဖွဲ့ က စစ်ဆေးနေခြင်းကြောင့် လုံးခင်းဒေသတွင် လုပ်ငန်းများ ခေတ္တ ရပ်ဆိုင်းထားကာ အချို့ကုမ္ပဏီများမှာ ယန္တရားများကို စွန့်ပစ်မြေစာပုံ အနီးသို့ရွှေ့ပြောင်းထားကြောင်း လုံးခင်းဒေသခံများက ဇန်န၀ါရီ ၁၆ ရက်တွင် The Ladies သို့ပြောသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အတွင်းရှိ ကုမ္ပဏီများကို အထူးကွင်းဆင်း စုံစမ်းရေးအဖွဲ့က ပထမဦးဆုံးအဖြစ် ဇန်န၀ါရီ ၁၆ ရက် (ယနေ့) တွင် စတင်စစ်ဆေးခြင်း ဖြစ်သည်။

“ကုမ္ပဏီက ကားတွေဟာ သူတို့ရဲ့မြေစာသွန်တဲ့ နေရာမှာ ရွေ့ထားတာတွေရှိတယ်၊ တစ်ဖက်က ကုမ္ပဏီမှာ စစ်နေတဲ့အချိန်မှာ တစ်မိုင်ခွဲလောက်ဝေးတဲ့ မြေစာပစ်ကွင်းမှာ မြေစာသယ်ကားတွေကို ရွှေ့ထားတာ” ဟု လုံးခင်းဒေသတွင် နေထိုင်လာသည်မှာ ၂၇ နှစ်ခန့် ကြာမြင့်ပြီဖြစ်သည့် ဒေသခံ အမျိုးသားတစ်ဦးက
The Ladies သို့ပြောသည်။

ကုမ္ပဏီကြီးများမှ ယန္တရားများ မောင်းနှင်သည့် ယာဉ်မောင်းများမှာလည်းယာဉ်များကို ရွှေ့ပြောင်းရခြင်းကြောင့် ညဘက်များတွင်လည်း အိပ်စက်ရခြင်း မရှိကြောင်း အဆိုပါဒေသခံက ပြောသည်။

အထူးကွင်းဆင်း စုံစမ်းရေးအဖွဲ့သည် ဖားကန့်မြို့သို့ ဇန်န၀ါရီ ၁၅ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကျောက်စိမ်း ဧည့်ရိပ်သာ၊ ဟိုတယ်တို့တွင် တည်းခိုခြင်း မဟုတ်ဘဲ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရှိ ဘိုတဲဟုခေါ်သည့် တည်းခိုရိပ်သာတွင်သာ တည်းခိုကြပြီး အခြားခြားသော ကုမ္ပဏီများနှင့် ဆက်စပ်မှု မရှိအောင်
သီးခြား အစီအစဉ်ဖြင့် နေထိုင် ကြသည်ဟုလည်း အဆိုပါဒေသခံက ဆက်လက်ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ စေလွှတ်သည့် အထူးကွင်းဆင်း စုံစမ်းရေးအဖွဲ့ တွင် သတ္တုတွင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဋ္ဌာန၊ အကောက်ခွန်စသည့် ဌာနများမှ အဆင့်အမြင့် အရာရှိများ အပါအ၀င် စုစုပေါင်း ၂၈ ဦးရှိကြောင်း၊ သိရသည်။

တရုတ်- မြန်မာနယ်စပ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်း၊ မန္တလေး၊ ရန်ကုန် စသည့် လမ်းကြောင်းများမှ တရားမ၀င် ကျောက်စိမ်း တူးဖော်ရေးယာဉ်၊ စက်ယန္တရားများ ဖားကန့်ဘက်သို့ သယ်ယူနေသည့် သတင်းများ ထွက်ပေါ်လာပြီး နောက်ပိုင်း ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်
ဒီဇင်ဘာ လကုန်ပိုင်းနှင့် ယခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးဝင်းထွန်းနှင့် ဦးဝင်းရှိန်တို့ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့သည် မြစ်ကြီးနားနှင့် ကန်ပိုက်တီး ဒေသများသို့ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။

သတင်း - ဇော်မင်းထွန်း
Photo - MOI
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment