ဖေဖော်ဝါရီလတတိယပတ်တွင် ဒုတိယသမ္မတများ စတင်ရွေးချယ် သွားရမည့် အန်အယ်လ်ဒီမှတင်သွင်းမည့် အစိုးရအဖွဲ့တွင် သမ္မတမှာ သူရဦးတင်ဦးသာဖြစ်ကြောင်း အဖွဲ့ချုပ်ထိပ်တန်း တာဝန်ရှိသူ တစ်ဦး က ပြောကြားလိုက်သည်။
အသက် ၈၉ နှစ်ရှိပြီဖြစ်သော သူရဦးတင်ဦးကို သမ္မအဖြစ်တာဝန် ထမ်းဆောင်စေမည့်အပေါ် “အသက်အရွယ် ကိုတော့ မကြည့်နဲ့ပေါ့ဗျာ” ဟု ၄င်းက ပြောသည်။
ထို့ပြင် သတင်းမီဒီယာများအနေဖြင့် ယခုကဲ့သို့ အမျိုးမျိုးဝေဖန်ပြော ကြားနေကြခြင်းမှ အန်အယ်လ်ဒီနှင့်ပတ်သက်၍ သေချာစွာ နားလည်သိရှိခြင်းမရှိဘဲ ပြောကြားနေမှုများသာဖြစ်သည်ဟုလည်း ၄င်းက ပြောသည်။
“ပြောနေကြတာတွေက အဖွဲ့ချုပ်နဲ့ပတ်သက်ပြီး သေချာ နားမလည်ကြ လို့ပဲ။ အဖွဲ့ချုပ်ကို နိုင်ငံရေးအရသေသေ ချာချာအကဲဖြတ် တတ်ကြမယ်ဆို ရင် ဘာလဲ၊ ဘာလုပ်နေလဲဆိုတာ သိနိုင်မှာပါ”ဟုလည်း အမည်ထည့်သွင်း မဖော်ပြစေလိုသော အထက်ပါထိပ်တန်းတာဝန်ရှိသူက ပြောသည်။
အန်အယ်လ်ဒီ၏ နာယကကြီးဖြစ်သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်းဖြစ်သည့် သူရဦးတင်ဦးကမူ ယခင်ကာလများကပင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်လိုခြင်း မရှိဟု ငြင်းဆိုမှုများရှိခဲ့သည်။
“ကျုပ်ကတော့ မလုပ်ချင်တော့ဘူးဗျာ။ ဒါပဲ။ သမ္မတဆိုတာ အင်မတန်ခေါင်းရှုပ်တဲ့ကိစ္စ။ သိပ်ကို တော်လွန်းတတ်လွန်းမှ လုပ်နိုင်စွမ်းရှိမှ သာလုပ်နိုင်တာ။ ကျွန်တော့်လိုကောင်က ဘာကောင်မို့လို့လဲဗျ။ လုပ်နိုင်တဲ့သူတွေလုပ်ပါစေဗျာ။ တာဝန်ပေးလို့သာ လုပ်တယ်ဆိုရင်လည်း အပေါ်ရောက်တော့မှ မလုပ်တတ်၊ မကိုင်တတ်နဲ့ တက်လုပ်ရင်ပိုတောင် ဆိုးသွားသေးတယ်။ ကျွန်တော်က အခုအချိန်မှာ အနိုင်နဲ့ပိုင်းလိုက်ရင်ရပြီ။ ကျွန်တော်က အမြတ်ထွက်နေပြီ” ဟု ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ အတွင်းကပင် ငြင်းဆိုမှုပြုထားသေးသည်။
အန်အယ်လ်ဒီသမ္မတလောင်းနှင့်ပတ်သက်၍ အဖွဲ့ချုပ်၏ ထိပ်တန်း ပုဂ္ဂိုလ်များဖြစ်သော ဦးဝင်းမြင့်၊ ဦးထင်ကျော်၊ ဒေါ်စုစုလွင်၊ ဒေါက်တာ တင်မျိုးဝင်းစသူတို့လည်း သတင်းထွက်ပေါ်ခဲ့သေးသည်။ ထိုသတင်း ထွက်ပေါ်မှုများနှင့် ပတ်သက်၍လည်း ကာယကံရှင်အများစုက ငြင်းဆိုထားကြသည်။
Source : တို့ခေတ်သတင်းဌာန

0 comments:
Post a Comment