မဆူးပွင့် (သို့မဟုတ်) ဆန့်ကျင်ဘက် မျက်နှာစာနှစ်ခုမှ မလေးလုံ


ထက်ထက်အောင် တွေ့ဆုံမေးမြန်းသည်။
အမေး။ ။ ဆရာမရဲ့ ဘဝဖြတ်သန်းမှု အကျဉ်းချုပ်ကို သိပါရစေ။
အဖြေ။ ။ ၁၉၆၇ ခုနှစ်၊ စက်တင်ဘာ ၆ ရက်မှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာမွေးတယ်။ ဆယ်တန်းထိ လွိုင် ကော်မှာပဲနေခဲ့တယ်။ ပြီးမှ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာBotny နဲ့ နှစ်နှစ်၊ ရန်ကုန်ပင်မဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်မှာ နှစ်နှစ်၊ ၁၉၈၈ ခုနှစ်မှာ လက်နက်ကိုင် တိုက်မှရမယ်လို့ယုံကြည်ပြီး၊ တိုက်ပွဲဝင်ခဲ့တယ်။ ABSDFရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ် နှစ် ၂ဝ ကျော် လှုပ်ရှားခဲ့တယ်။ ၁၉၉၅ မှာABSDF မှာရှိတဲ့ အမျိုးသမီး တွေကိုပြန်စုပြီး Burmese Women Union ဗမာ့အမျိုး သမီးသမဂ္ဂဆိုပြီး ဖွဲ့တယ်။ ၁၉၉၉ မှာ နယ်စပ်မှာရှိတဲ့ အမျိုးသမီး အဖွဲ့တွေ အားလုံးစုပေါင်းပြီး အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (Women League of Burma) ဆိုပြီး ဖွဲ့နိုင်ခဲ့တယ်။ စဖွဲ့ကတည်းက ပါဝင်လာသူ တစ်ဦး ဖြစ်တယ်။ ခုချိန်မှာတော့ အကြံပေး အဖွဲ့ဝင် တစ်ဦး ဖြစ်တယ်။ အမျိုးသမီတွေ နိုင်ငံရေးမှာ ပါဝင်လို့ရအောင် လုပ်ဆောင်ခဲ့တယ်။ မိခင် ABSDF ရဲ့ ဗဟိုဦးဆောင် ကော်မတီဝင်တစ်ဦးဖြစ် ၂ဝ၁၄ ညီလာခဲ့မှာ ပြန်အရွေးခံခဲ့တယ်။
အမေး။ ။ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေတုန်း အနုပညာ လှုပ်ရှားမှုတွေလုပ်ခဲ့သူ တစ်ဦးကနေ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ဖြစ်ခဲ့ပုံကို ပြောပြပေးပါဦး။
အဖြေ။ ။ ကလောင်ကိုင်တယ်ဆိုပေမယ့် တကယ်အနှစ်သာရက မတရားမှုကို မကြိုက်တာ။ အင်အားကြီးသူက အင် အားနည်းသူကို ဖိနှိပ်ရင် မခံချင်တဲ့အခြေခံစိတ်က ရှိတယ်။ လူငယ်သဘာဝ အချစ်အကြောင်းထက် ပတ် ဝန်းကျင်မှာရှိတဲ့ လူမှုဘဝထဲက အဆင်မပြေတာတွေကို ရေးဖြစ်ခဲ့တယ်။ နိုင်ထက်စီးနင်း လုပ်တာတွေက မကျေနပ်တဲ့အချိန်မှာ စာတွေရေးဖြစ်ခဲ့တယ်။ မိဆူးပွင့် နာမည်နဲ့ပေါ့။ အမည်ရင်းက မလေးလုံပါ။ ကျောင်း တက်တော့ ပတ်ဝန်းကျင် အမြင်ကျယ်လာပြီး လူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပိုသိလာတယ်။ အရင့်အရင်က ကျောင်းသားလှုပ်ရှားမှုတွေကိုလည်း လေ့လာမိလာတယ်။
ဒီလို သိမြင်လာချိန်မှာ (၈၈)အရေးအခင်းဖြစ်တော့ ကျောင်းသားတွေကို နယ်ပြန်ပို့တယ်။ ကျွန်မတို့ ကယားပြည်နယ်ဘက်က ကျောင်းသားတွေကို လေယာဉ် စင်းလုံးငှားပြီးကို ပြန်ပို့တယ်။ ဒီလို အခြေ အနေမှာ ကိုယ် ၁၉၈၈-ခုနှစ်၊ မတ်လ(၁၆)ရက် တံတားဖြူ ခု တံတားနီခေါ်တဲ့နေရာက အရေးအခင်းမှာ ဝင်ပါခဲ့ဖူးရပြီ။ တကယ်ပဲ အကြမ်းဖက်တယ်။ ရက်ရက်စက်စက် နှိမ်နင်းတယ်ဆိုတာကို ကိုယ်တိုင်သိမြင်ခဲ့ရတယ်။
ဒီနာကြည်းချက်ကရှိသွားပြီ။ ဒီတော့ ကိုယ့်ပြည်နယ် ပြန်ရောက်တော့လည်း ကိုယ်တိုင်ပြန်လာရတဲ့ ကျောင်းသားတွေနဲ့ လျှို့ဝှက်တွေ့ဆုံပွဲလေးတွေလုပ်ပြီး ငါတို့တစ်ခုခုလုပ်မှဖြစ်မယ်ဆိုပြီး ဆွေးနွေးခဲ့တယ်။ နယ်ကကျဉ်းတော့ ပေါ်ပေါ်ထင်ထင်မလုပ်ရဲဘူး။ ဒီအခြေအနေအရ လက်နက်ကိုင်မို့ တွန်းအား အဖြစ်ခဲ့ ဆုံးကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းပြောတဲ့ ''သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ် ရတာ မဟုတ်ဘူး'' ဆိုတဲ့ စကားကြောင့်ပါပဲ။
ဒီစကားက လှုပ်ရှားမှုလုပ်နေတဲ့ ကိုယ့်ရင်သွေးအရွယ်ကျောင်းသားတွေနဲ့ သင့်တော်လား၊ မတော်လား တောင်မစဉ်းစားဘဲ လူကြီးလူကောင်းဆန်ဆန် မဖြေရှင်းဘဲခြိမ်းခြောက်တယ်။ ကြားရတာ အရမ်းဝမ်း နည်းသွားပြီး ဒီစနစ်အောက်မှာတော့နေလို့ ဘယ်လိုမှ မဖြစ်တော့ဘူး။ လက်နက်အားကိုးတဲ့အစိုးရကို လက်နက်စွဲကိုင်ပြီးတုံ့ပြန်မှ ဖြစ်တော့မယ်ဆိုတဲ့အစွဲက ဖြစ်သွားပြီး လက်နက်ကိုင်ခဲ့တာပါ။
အမေး။ ။ လက်နက်ကိုင်ခဲ့ရတဲ့ ဘဝအတွေ့အကြုံလည်း သိပါရစေ။
အဖြေ။ ။ (၈၈) စက်တင်ဘာ၊ ၁၈ ရက်မှာ စစ်တပ်က အာဏာသိမ်းတော့ ကျောင်းသားတော်တော်များ တောထဲ ရောက်လာကြတယ်။ ကျွန်မတို့အတွက် ပိုလွယ်တာက ကယားပြည်နယ်ကဆိုတော့ နယ်စပ်နဲ့ နီးစပ် တယ်လေ။ ဖုန်းရပြီးတော့မှ အလျှိုလျှိုအိမ်တွေကို ရှာဖွေဖမ်းဆီး (သပိတ်စခန်းတွေ ဝင်စီးနင်းကြချိန်မှာ ခဏရှောင်နေကြပြီး အလျှိုလျှို နယ်စပ်ထွက်ကြတယ်။ ABSDF ဖွဲ့ကတည်းက ပါခဲ့တယ်ပေါ့။ အနယ်နယ် အရပ်ရပ် ရောက်သွားတဲ့ကျောင်းသားတွေစုစည်းပြီး တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အကူအညီနဲ့ ABSDF ကို စဖွဲ့စည်းခဲ့တယ်။
မြို့ပေါ်မှာ လှုပ်ရှားတုန်းကတော့ အားလုံးက သပိတ်ခေါင်းဆောင်တွေပဲပေါ့။ တောထဲရောက်တော့ စစ်သင်တန်းတွေ တက်ပြီး လက်နက်ကိုင်ရတယ်။ စစ်ဆင်ရေးတွေဆိုတော့ စစ်ရေးကို သိပ်အားသန်လှတဲ့ အမျိုးသမီးတွေအတွက် နေရာမရှိသလို ဖြစ်တယ်။ လက်နက်ကိုင်ပြီးတိုက်မှ စစ်အစိုးရကို တော်လှန်နိုင်မယ်လို့ ယုံကြည်ပြီးတော့ ခိုခဲ့ကြတာ မှန်ပေမယ့် တကယ်တမ်းကျတော့ လက်နက်ကြီးငယ်တွေနဲ့ တိုက်ရ တာမျိုးတော့ အားမသန်ဘူး။ ဒါပေမဲ့ တိုက်နေကြတဲ့ ရဲဘော်တွေနဲ့အတူနေထိုင်ပြီး မောင်နှမအရင်းသဖွယ် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကူညီအားပေးနောက်ကလိုတာ ဖြည့်ပေးပြီး နိုင်ငံရေး အတွေးအခေါ်အရ ရပ်တည်ပေးနိုင်တဲ့ ခေါင်းဆောင်ဖြစ်ချင်တယ်။ ကျွန်မဆန္ဒက ဒီလိုမျိုးအားသန်တော့ စစ်သင်တန်းတက်တယ်။ နောက်တန်းမှာနေပြီး စခန်းကော်မတီမှာပါတယ်။ စခန်းလည်ပတ်ရေးနဲ့ မဟာမိတ်ဆက်ဆံရေး တာဝန်ယူခဲ့တယ်။
ကျွန်မတို့ တောထဲရောက်တော့ ကရင်နီ လက်နက်ကိုင်တော်လှန် အဖွဲ့ဆီမှာပေါ့။ ဒီတုန်းက သူတို့ဆီမှာ အထက်တန်းကျောင်း မရှိဘူး။ ကျွန်မတို့က အဲဒီမှာ စာသင်ပေးတယ်။ အထက်တန်းကျောင်း လုပ်ပေးတယ်။ ကလေးတွေ ပညာရေး စောက်ချလုပ်တယ်။ လုပ်ရပေမဲ့ ABSDF ဟိုရဲ့ ဒေါင်းအိုးဝေစာစောင်မှာ အယ်ဒီတာလုပ်ဖို့ ကမ်းလှမ်းလာတော့ လုပ်ဖြစ်တယ်။ ၉၃-၉၄ မှာ ဗန်ကောက်မှာ ရုံးထိုင်ပြီးတော့ ဒီစာစောင်ကို လုပ်ခဲ့တယ်။
အမေး။ ။ တောထဲမှာ နေရင်းနဲ့ပဲ သမီးလေး မွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းလေးလည်း သိပါရစေ။
အဖြေ။ ။ ၉၄-၉၅ လောက်မှာ အိမ်ထောင်ကျတယ်။ သမီး လေးမွေးတယ်။ သမီးကို တောထဲမှာပဲ မွေးတော့ ချက်ကြိုးဖြတ်ချိန်မှာ ရောဂါပိုးဝင်တော့ အသားဝါဖြစ်ပြီး ဦးနှောက်ကို ထိသွားတယ်။ မွေးပြီး နှစ်နှစ်လောက်အထိ ဆေးရုံမှာပဲ နေရတယ်။ စခန်းမှာရှိတဲ့ ဆေးရုံနဲ့ မလုံလောက်လို့ နယ်စပ်မှာရှိတဲ့ ကျန်းမာရေး အကူအညီပေး နေ့စားအဖွဲ့တွေရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ဆေးရုံဆေးခန်းတွေမှာ ဆေးကုခဲ့ရတယ်။ ဒီလိုမျိုး သမီးကို ကည့်ရှုရမယ့် တာဝန်ရှိလာပြီဆိုတော့ တစ်ဖက်မှာ တာဝန်တွေကို လျှော့ရတော့တာပေါ့။ လုပ်ချင်စိတ် ရှိပေမယ့် မျိုသိပ်ထားပြီး ကလေးကို ကြည့်ခဲ့ရတာတွေ ရှိတယ်။ ခုချိန်ထိလည်း ကလေးက ကျန်းမာရေးက ပုံမှန်ကလေးတွေလိုတော့ မဟုတ်ဘူး။ နားမကြားဘူး။ စကား မပြောနိုင်ဘူးပေါ့။ ဒီလိုကလေး မိခင်တစ်ယောက်အနေနဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေး ကာလတွေမှာ အင်တိုက်အားတိုက် ပါဝင်ချင်ပေမယ့်လည်း သမီးပြဿနာလေးတွေ ဖြေရှင်းရတော့ စိတ်ကိုနည်းနည်း လျော့ထားရတာပေါ့။
ကိုယ့်ရင်သွေးက သမီးဖြစ်နေတော့ ငယ်ငယ်တုန်းကလည်း ကျန်းမာရေးမကောင်းလို့ ကြည့်ရတယ်။ ကြီး လာတော့လည်း သမီးဆိုတော့ အမေကိုတွယ်တယ်။ အပျိုပေါက်ကလေးဖြစ်လာတော့ ပိုဂရုစိုက်ရတယ်။ သာမန်ကလေးတွေလို သူငယ်ချင်းနဲ့ ထားလို့မရဘူး။ အမေ့မျက်နှာပဲ ကြည့်နေတာမျိုးရှိတော့ သူ့အဖေက ဂရုစိုက်ပေးပေမယ့်လည်း ကိုယ်က အချိန်ပိုပေးရတာပဲလေ။
အမေး။ ။ မိဆူးပွင့် ကလောင်အမည်နဲ့ အနုပညာလှုပ်ရှားမှုကိုလည်း သိပါရစေ။
အဖြေ။ ။ ကျောင်းမပြီးခင် တောခိုသွားတော့ ဖြစ်ဖြစ် မြောက်မြောက်အောင်မြင်တဲ့ အနုပညာရှင်တော့ မဖြစ်လိုက်ရဘူး။ ဝါသနာရှင်အဆင့်ပဲပေါ့။ ကဗျာတွေ စာတွေ မဂ္ဂဇင်းတွေမှာ ပါတယ်။ ကျွန်မတောခိုသွားတော့ ဒီစာမူတွေက အပိတ်ခံရတဲ့ထဲပါသွားတယ်။ တက္ကသိုလ်က သူငယ်ချင်းတွေနဲ့အတူ ကဗျာတွေရေးတယ်။ စာအုပ်ထုတ်ခဲ့တယ်။ 7th July လိုနေ့မျိုးမှာ ကျောင်းသားလှုပ်ရှားမှုတွေကို မမေ့အောင် လက်ကမ်း စာစောင်တွေထုတ်ခဲ့တာမျိုး လုပ်ခဲ့တယ်။ တောထဲရောက်တော့ တက္ကသိုလ်ဘဝနဲ့တစ်ခြားစီပေါ့။ အဲဒီမှာ လည်း အသားကျအောင် မနည်းပြန်ကြိုးစားရတယ်။ ဒါပေမဲ့ ကိုယ်ရွေးချယ်တဲ့ဘဝမှာ အသားကျနေနိုင် အောင်နေပြီး နှစ် ၂ဝ ကျော် ဖြတ်သန်းခဲ့ပါတယ်။
အမေး။ ။ လက်ရှိမှာရော အနုပညာလှုပ်ရှားမှု ရှိပါသလား။
အဖြေ။ ။ လက်ရှိမှာတော့ မလုပ်ဖြစ်သလောက်ပဲ။ ခင်မင်တဲ့ စာပေအသိုင်းအဝိုင်းက မိတ်ဆွေတွေကတော့ အထိမ်း အမှတ်တွေရှိရင် စာရေးပေးပို့ ကမ်းလှမ်းတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်စိတ်ထဲ သိပ်ခံစားရချိန်မှ ရေးချင် တာ။ ဒီလိုမတိုက်ဆိုင်တာတွေနဲ့ပဲ ရေးဖို့ကြိုးစားပေမယ့် မရေးဖြစ်တာ တော်တော်ကြာသွားပါပြီ။
အမေး။ ။ ဆရာမရဲ့ လူငယ်ဘဝကနေ ခုချိန်ထိ နိုင်ငံရေး သုံးသပ်ပုံ ကွာခြားလာပုံလေး သိပါရစေ။
အဖြေ။ ။ ငယ်ငယ်ကတော့ ကိုယ်က ကယားပြည်နယ်မှာ နေခဲ့ရတယ်။ ကိုယ့်ပြည်နယ်မှာ ချို့တဲ့တာသိတယ်။ ကယားမှာ လောပိတရေအားလျှပ်စစ်ရုံရှိပေမယ့် ကိုယ့်ပြည်နယ်မှာ မီးမလင်းဘူး။ ကိုယ့်နေရာကိုကျော်ပြီး တခြားမှာမီးလင်းနေတယ်။ ဒါဘာလို့လဲ အုပ်ချုပ်သူ လူတစ်စုနေရာမှာပဲ ၂၄ နာရီ မီးရပြီး တခြားမှာ ဘာလို့ မရတာလဲ။ ဒါက လူငယ်အတွေးပေါ့။
ဒီလိုနဲ့ ရန်ကုန် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်ရောက်တော့ ကျွန်မအတွက် အကောင်းဆုံးတစ်ခုရခဲ့တယ်။ ဒီလိုပါ ကျွန်မ မိဘတွေက ကယားမှာနေတယ်။ သူတို့ကတော့ ကယားမဟုတ်ဘူး။ အဖေကရှမ်း၊ အမေက အင်းသူပါ။ ကယားကတော့ဇာတိပေါ့။ ဒီတော့ လူမျိုးကြီးဝါဒဆိုတာက မဖြစ်သင့်ဘူး ဘာညာ တွေးနေ တတ်တာပေါ့။ တက္ကသိုလ်ရောက်တော့ လူမျိုးပေါင်းစုနဲ့ ထိတွေ့ခွင့်ရတယ်။ အထူးသဖြင့် ဗမာတွေပေါ့။ ဒီအချိန်မှာ ကိုယ်နာလည်လိုက်တာတော့ ဘယ်လူမျိုးမှာမဆို ကောင်းတာရော၊ ဆိုးတာရော ရှိတယ်ဆိုတဲ့ အမြင် ကောင်းကောင်းရလိုက်တာပါပဲ။ တိုင်းရင်းသားတွေ ညီညီညွတ်ညွတ်ကြိုးစားရင် လိုချင်တဲ့ပန်းတိုင် သွားနိုင်တယ်ဆိုတဲ့ အခြေခံစိတ်ဓာတ်ကောင်း ရခဲ့တာပေါ့။ အရင်ကတော့ လူမျိုးကြီးဝါဒကကြီးစိုးပြီး တိုင်း ရင်းသား တွေအချင်းချင်း နီးကပ်မှုတောင် မရနိုင်ဘူးလို့ ထင်ခဲ့တာမျိုး ရှိခဲ့တယ်။
အမေး။ ။ လက်ရှိနိုင်ငံရေးအခြေအနေပေါ်မှာ ဘယ်လို သုံးသပ်ချင်ပါသလဲ။
အဖြေ။ ။ လက်ရှိနိုင်ငံရေးအခြေအနေကတော့ ခုချိန်မှာ နိုင်ငံက ငြိမ်းချမ်းရေးကိစ္စတွေ ဦးစားပေး ဆောင်ရွက်ရတယ်။ ဒီချိန်မှာ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးစားတဲ့ လုပ်ငန်းစဉ်တိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် နောက် ထပ်သံသယတွေ ထပ်မဖြစ်အောင် ကြိုးစားဖို့လိုတယ်။ ငြိမ်းချမ်းရေးလုပ်ဖို့ ယုံကြည်မှုတည်ဆောက်နိုင် အောင် ကြိုးစားရင်းနဲ့ သံသယဖြစ်စရာတွေ ပြန်ရှိလာတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရပ်တန့်သလို ဖြစ်စေတယ်။ အစိုးရကို မေတ္တာရပ်ခံချင်တာက တကယ်ပဲ ငြိမ်းချမ်းရေးကို တည်ဆောက်ချင်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်ပေါ်လာစေတဲ့ သမိုင်းကြောင်းကို သေချာလေ့လာပြီး လက်ခံပေးမယ်ဆိုတဲ့ စိတ်နဲ့ တိုင်းရင်းသားတွေက တန်းတူညီမျှမှုမရလို့ တိုက်ပွဲဝင်နေတာပါလား ဆိုတဲ့အသိလေး တစ်ချက်ရရင်ဘဲ ကျွန်မတို့ လုပ်နေ တာတွေ ၅ဝ ရာခိုင်နှုန်းရပြီလို့ မြင်ပါတယ်။
အမေး။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုအပေါ် ဆရာမ အမြင်ကို သိပါရစေ။
အဖြေ။ ။ ကျွန်မ ၉၅ ခုနှစ်ကတည်းက BWU လို့ခေါ်တဲ့ ဗမာ့အမျိုးသမီးသမဂ္ဂကို ဦးဆောင်ပြီး တည်ထောင်ခဲ့သူ တစ်ဦး ဖြစ်တယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ စည်းရုံးလှုံ့ဆော်ခဲ့တယ်။ အမျိုးသမီးတွေပါလာတယ်။ အမျိုးသမီးတွေထဲမှာ စဉ်းစားတတ်၊ တွေးခေါ်တတ်၊ လုပ်ကိုင်တတ်၊ သတ္တိရှိတဲ့သူတွေ ပါလာတယ်။ သို့ပေ မယ့် ငါတို့လောက် အရည်အသွေး မရှိပါဘူးဆိုပြီး အထူးသဖြင့် တာဝန်ခန့်အပ်ချိန်မှာ အမျိုးသမီးတွေက နည်းနည်းကျန်ခဲ့တယ်။ တခြားမှာဆိုလည်း အမျိုးသမီးတွေက အိမ်ထောင်နဲ့မို့၊ ကိုယ်ဝန်ရှိလို့ စသဖြင့် နောက်မှာနေရတာ အစဉ်အဆက်ဆိုသလို ဖြစ်နေတယ်။
အမျိုးသမီးတွေက နိုင်ငံရေးမှာ စလုပ်ကာစဆိုတော့ မဝံ့မရဲဖြစ်ကောင်းဖြစ်နေပေမယ့် သူတို့စိတ်ထဲမှာ အိုင် ဒီယာကောင်းတွေ အများကြီးရှိတယ်။ ဒါတွေ ထုတ်ဖော်လာအောင် လုပ်ဆောင်ပေးရပါမယ်။ ဘယ်လို နည်းလမ်းနဲ့ ဖော်ထုတ်ပေးရမလဲ။ အဲလို စိတ်ရှည်ရှည်နဲ့ တွဲခေါ်ပေးရမယ့် အခြေအနေရှိတယ်။ ခုခေတ်မှာ အမျိုးသားတွေထက် အများကြီးရှေ့ပြေးနေတဲ့ အမျိုး သမီးတွေလည်း အမြောက်အမြားရှိနေပါပြီ။ ခုမြင် တွေ့နေရသူတွေအပြင် နိုင်ငံအတွက် အနစ်နာခံလုပ်ကိုင်ပေးချင်တဲ့ အမျိုးသမီးတွေအများကြီး ရှိနေပါသေး တယ်။ ဒါကို ဖော်ထုတ်ပေးဖို့ လိုနေသေးတယ်လို့ ပြောချင်ပါတယ်။
အခုလို အချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
Source:http://www.mizzimaburmese.com/2013-10-20-16-34-56/item/39401-2015-02-20-13-07-02
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment